backup og meta

ဘာလို့ ဆံပင်တွေ ကျွတ်နေတာလဲ

ဘာလို့ ဆံပင်တွေ ကျွတ်နေတာလဲ

ဆံပင်လေးတစ်ချက်လောက် ဖြီးလိုက်ရုံနဲ့ ဆံနွယ်စတွေ အထွေးလိုက်ပါလာတာမျိုး ကြုံဖူးကြမှာပါ။

အမျိုးသားထုတွေကတော့ များသောအားဖြင့် သိပ်ပြီး ဂရုမစိုက်ကြပေမယ့် မမ တွေကတော့ ဆံပင်တွေ ကျွတ်လာပြီဆိုရင် စိုးရိမ်ရ ပူပန်ရ စိတ်ညစ်ရတတ်တာ သဘာဝပါပဲ။ ကိုကို တွေ အနေနဲ့လည်း မမ တွေ လောက် စိတ်မပူရရင်တောင်မှ နဖူးပြောင်တာတွေ ထိပ်ပြောင်တာတွေ ဖြစ်မှာကိုတော့ စိုးရိမ်တတ်ကြပါတယ်။

တစ်ခုရှိတာက ဆံပင်ဆိုတာမျိုးက သူ့အလိုလိုနေရင်းကို ကျွတ်တတ်တဲ့အရာဆိုတာကို မမေ့ပါနဲ့နော်။ ပုံမှန်အခြေအနေမှာ တစ်နေ့ကို ဆံပင် အချောင်း ၁၀၀ ဝန်းကျင် ကျွတ်လေ့ရှိပါတယ်။ ဒါပေမယ့် တစ်ချို့အခြေအနေတွေမှာတော့ ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။ ဒါကြောင့် ဘယ်လို ကျန်းမာရေးအခြေအနေတွေမှာ ဆံပင်ကျွတ်နိုင်လဲဆိုတာကို ပြောပြချင်ပါတယ်။

ဆံပင်ကျွတ်စေတဲ့ အကြောင်းအရင်းများ

  • ဆံပင်ကျွတ်တာ စောစောသိဖို့ လိုတယ်

ဆံပင်ကျွတ်တာက လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် သာမန်လူတစ်ယောက်ဟာ တစ်နေ့ကို ဆံပင် ၁၀၀ ဝန်းကျင်လောက် ကျွတ်တတ်တယ်လို့ ဆေးပညာရှင်တွေက ဆိုထားပါတယ်။ ဒါပေမယ့် ကိုယ့်စိတ်ထဲမှာ လိုအပ်တာထက် ပိုကျွတ်နေတယ်လို့ ခံစားရရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။ ဆံပင်ကျွတ်ခြင်းဟာ စောစောသိလေ ကောင်းလေဆိုတဲ့ ပြဿနာတစ်မျိုးဖြစ်ပါတယ်။

  • ပုံမှန် ဆံပင်ပိုကျွတ်တဲ့ ကာလရှိနိုင်တယ်

တချို့လူတွေက အချိန်ကာလတစ်ခုမှာ ဆံပင်ပိုကျွတ်တာမျိုး ကြုံရနိုင်ပါတယ်။ ဒါကို seasonal hair loss လို့ ခေါ်ဆိုကြပါတယ်။ ကိုယ်တွင်းက melatonin နဲ့ prolactin တွေ မူမမှန်တာကြောင့် ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ တိုက်ရိုက်ထိတွေ့နေရသူတွေမှာ အဖြစ်များပါတယ်။

  • Diet လုပ်တာကြောင့်လည်း ဆံပင်တွေ ပိုကျွတ်နိုင်ပါတယ်

ဆံပင်ကျန်းမာဖို့ဆိုရင် ဗီတာမင် A ၊ ဗီတာမင် B ၊ ဗီတာမင် C နဲ့ ဗီတာမင် E တို့အပြင် iron ၊ zinc ၊ copper ၊ magnesium နဲ့ selenium တို့လည်း လိုအပ်ပါတယ်။ ဒီအရာတွေက ဆံပင်ကျန်းမာဖို့နဲ့ တောက်ပြောင်လာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ကိုယ်အလေးချိန်လျှော့ချသူတွေဟာ များသောအားဖြင့် အသီးအရွက် စားသုံးမှုများပြားပြီး အစားအသောက်ပမာဏကို လျှော့ချတာမျိုး၊ သင့်တော်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝအောင် မဖြည့်ဆည်းနိုင်တာမျိုးတွေဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ ဆံသားကျန်းမာစေမယ့် အာဟာရဓာတ်တွေ နည်းပါးပြီး ဆံပင်ကျွတ်တာမျိုး ကြုံရလာရလေ့ရှိပါတယ်။

  • မျိုးရိုးလိုက်တာနဲ့ ဟိုမုန်းပြောင်းလဲတာလဲ ဖြစ်နိုင်ပါသေးတယ်

တစ်ချို့လူတွေအတွက်ကတော့ ဆံပင်လိုတာထက်ပို ကျွတ်တာဟာ မျိုးရိုးလိုက်တာဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အမျိုးသား အများစု ဆံပင်ကျွတ်တာဟာ အဖေ၊ (ဖခင်ဘက်က) အဘိုးဖြစ်သူတို့နဲ့ တိုက်ရိုက်ဆက်စပ်နေတတ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အသက်အရွယ်အလိုက် ဟိုမုန်းပြောင်းလဲမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ဆိုရင် testosterone ပမာဏမြင့်တက်နေတာကြောင့်ဖြစ်နိုင်သလို Polycystic Ovarian Syndrome (PCOS) ဝေဒနာခံစားနေရတာလည်းဖြစ်နိုင်ပါတယ်။

  • ကျန်းမာရေး အခြေအနေကြောင့် ဖြစ်နိုင်တယ်

အမျိုးသမီးတွေအနေနဲ့ ယာယီဆံပင်ကျွတ်တာမျိုးကို ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီးဖွားထားချိန်၊ ပဋိသန္ဓေတားဆေး မှီဝှဲနေချိန်၊ သွေးဆုံးချိန်တွေမှာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် thyroid disease ဝေဒနာခံစားနေရချိန် ၊ ဆံပင်ရဲ့ မွေးညင်းပေါက်တွေကို ထိခိုက်စေတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ alopecia areata ဝေဒနာခံစားနေရချိန်၊ ဗောက် အလွန်အမင်း ထတဲ့ပြဿနာကြုံနေရချိန်၊ အပြင်းအထန် ဖျားနာချိန်၊ နှလုံး၊ ကင်ဆာ၊ သွေးတိုး၊ စိတ်ဖိစီးမှုဝေဒနာတွေ ခံစားနေရချိန်တွေမှာလည်း ဆံပင် ကျွတ်နိုင်ပါတယ်။

  • ဆံပင်ကျွတ်တာကို ကုသလို့ မရဘူး

ဟုတ်ပါတယ်။ ဘာကြောင့် ကျွတ်ကျွတ် ဆံပင်ကျွတ်ခြင်းကို ပျောက်ကင်းအောင်ဖို့ ခက်ခဲပါတယ်။ အထူးသဖြင့် မျိုးဗီဇလိုက်လို့ဖြစ်တဲ့ ဆံပင်ကျွတ်ခြင်းတွေဟာ ကုသလို့မရနိုင်ပါဘူး။ ထိပ်ပြောင်တာမဖြစ်အောင် တားဆီးဖို့လည်း ခက်ပါတယ်။ အရှိန်နှေးသွားအောင် တားဆီးတာမျိုးလောက်ပဲ လုပ်လို့ရပါတယ်။ နေထိုင်စားသောက်မှုတွေနဲ့ပဲ ဆံပင်ကျွတ်ခြင်း နည်းပါးအောင် ကာကွယ်နိုင်မှာဖြစ်တာကို သတိထားကြဖို့ လိုအပ်ပါတယ်။

ဘယ်လို ဂရုစိုက်ပေးရမလဲ

  • ခေါင်း ခဏ ခဏ မကုတ်ပါနဲ့

ခေါင်း ခဏခဏ ကုတ်တာကလည်း ဆံပင်တွေ ပိုကျွတ်အောင် တွန်းအားပေးပါတယ်။ ဗောက်ထလို့ပဲဖြစ်စေ၊ စိတ်ညစ်လို့ပဲဖြစ်စေ ခေါင်းကုတ်တတ်ကြတယ်မဟုတ်လား။ ဒီလို ခေါင်းတွေ ခနခန ကုတ်နေမိပြီဆိုရင်တော့ ဆံပင်ကျွတ်ဖို့ အကြောင်းဖန်လာနိုင်ပါတယ်။ လက်သည်းနဲ့ ထိခိုက်မိတာတွေ၊ ကြမ်းကြမ်းတမ်းတမ်း ကုတ်ခြစ်မိတာတွေက ဆံပင်ကို ထိခိုက်စေနိုင်ပြီး လိုအပ်တာထက် ပိုကျွတ်စေပါလိမ့်မယ်။

  • ဆံသားကို သန့်သန့် ရှင်းရှင်းထားပါ

ဦးရေပြားနဲ့ ဆံပင်သန့်ရှင်းမှုကလည်း အရေးပါပါတယ်။ ဒါတွေကို သေချာ စနစ်တကျနဲ့ ပုံမှန် မသန့်ရှင်းပေးဘူးဆိုရင်လည်း ဆံပင်ကျွတ်စေနိုင်ပါတယ်။ သန့်ရှင်းတဲ့ ဆံသားလေးတွေဟာ သန်စွမ်းလှပတဲ့ ဆံသားလေးကို ပံ့ပိုးပေးနိုင်မှာဖြစ်ပြီးတော့ ညစ်ပတ်နေတဲ့အခါမျိုးမှာ ဗောက်ထတာမျိုး၊ ဆံပင်ကျွတ်တာမျိုးတွေ ပိုဖြစ်လာမှာဖြစ်ပါတယ်။

ပုံမှန် အားဖြင့် ခေါင်းလျှော်ကြတဲ့အခါမှာ ရေပိုက်ခေါင်းက ထွက်လာတဲ့ ဒါမှမဟုတ် ရေစည်မှာရှိနေတဲ့ ပုံမှန်ရေမျိုးတွေနဲ့သာ လျှော်ကြတာသာများပါတယ်။ ခေါင်းလျှော်ရာမှာ ကြက်သီးနွေးလောက် အပူချိန်ရှိတဲ့ ရေမျိုး (ရေနွေးမဟုတ်)နဲ့ လျှော်ပေးတာဟာ ဦးရေပြားကို လန်းဆန်းစေမှာဖြစ်သလို ဆံပင်မကျွတ်အောင်၊ ဆံသား ကျန်းမာလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

  • ဆံပင် ပုံမှန် ဖြီးသင်ပေးပါ

ဆံပင်ကို ပုံမှန် ဖြီးသင်ပေးတာဟာ ဆံပင် အများအပြား မကျွတ်စေဖို့ အထောက်အကူပြုနိုင်တယ်ဆိုရင် အတော်များများ အံ့သြကြမယ်ထင်ပါတယ်။ ဆံပင်ရှည်ရှည်ကြီးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေဆိုရင် ဆံပင်ကို ဖြီးသင်ဖို့ကိစ္စဟာ အတော်ကရိကထများတဲ့ အလုပ်တစ်ခုဖြစ်နေလေ့ရှိပါတယ်။ ဒါပေမယ့် နေ့စဉ် မနက်ခင်းနဲ့ ညနေခင်းတွေမှာ ၁-၂ မိနစ်ဝန်းကျင် ဆံပင်ကို ဖြီးသင်ပေးတာဟာ ဆံပင် ရှုပ်ပွတာကို ကာကွယ်နိုင်ရုံသာမက ဆံပင်လိုတာထက် ပိုမကျွတ်အောင်လည်း အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ရှုပ်ပွနေတဲ့ ဆံပင်တွေဟာ ကျွတ်နိုင်ချေပိုများလို့ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/hair-loss#causes

https://www.menshealth.com/uk/style/grooming/a746086/the-mh-guide-to-hair-loss-263096/

https://www.health.com/beauty/21-causes-of-hair-loss-and-what-you-can-do-about-it

https://www.webmd.com/skin-problems-and-treatments/features/women-pattern-hair-loss#1

https://www.netdoctor.co.uk/beauty/haircare/a27197/things-you-need-to-know-about-hair-loss/

ယခုပုံစံ

19/10/2020

Ye Zon Aung မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဗောက်ထတာက ဆံပင်ကျွတ်စေနိုင်လား....

ဆံပင် ဖြောင့်တဲ့အခါ



Ye Zon Aung မှ ရေးသားသည်။ · 19/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement