backup og meta

အလှအပအတွက်တင်မက ကျန်းမာရေးအတွက်ပါ အသုံးဝင်တဲ့ မြန်မာ့ သနပ်ခါး

အလှအပအတွက်တင်မက ကျန်းမာရေးအတွက်ပါ အသုံးဝင်တဲ့ မြန်မာ့ သနပ်ခါး

သနပ်ခါး ဆိုတာကို အထူးတလည် မိတ်ဆက်ပေးဖို့ လိုမယ်တော့ မထင်ပါဘူး။ မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ ကလေးငယ်လေးတွေ မျက်နှာပြင်မှာ အတွေ့ရများပါတယ်။ မြန်မာအမျိုးသမီးတွေက ရှေးအစဉ်အဆက် ကာလတွေကတည်းက သနပ်ခါးကို နှစ်နှစ်ခြိုက်ခြိုက် လူးလာခဲ့ကြတာပါ။ လူကြီးလူငယ်မရွေးလည်းလူးလို့ သင့်တော်ပါတယ်။

သနပ်ခါး ရဲ့ အသားအရေအတွက် ကောင်းကျိုးတွေက ဘာတွေများလဲ

သနပ်ခါးက အသားအရေအတွက် ကောင်းတယ်ဆိုတာကို သိပ်ပြောစရာတောင် လိုမယ်မထင်ပါဘူး။ နွေရာသီလိုမျိုး ပူပြင်းတဲ့အခါ သနပ်ခါးရေကျဲလေး လူးပေးတာက အသားအေးသွားစေပါတယ်။ နေရောင်ခြည်ကြောင့် အသားအရေ နေလောင်တာတွေကိုလည်း သနပ်ခါးလူးပေးရင် သက်သာစေပါတယ်။ ခန္ဓာကိုယ်မှာ အပူဖုတွေ မိတ်ဖုတွေ ထွက်တဲ့အခါမျိုးမှာလည်း သနပ်ခါးလေး အုံထားလိုက် သက်သာသွားမယ်လို့ လူကြီးတွေပြောတာ ကြားဖူးကြမယ် ထင်ပါတယ်။ သနပ်ခါးက အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်က ကာကွယ်ပေးနိုင်တဲ့ သဘာဝဆေး တစ်မျိုးပါ။

အရေပြား အစိုဓာတ်ကိုလည်း ထိန်းပေးပါသေးတယ်။ သနပ်ခါးမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ များစွာ ပါဝင်နေပါတယ်။ သနပ်ခါးအပွေးက ရောင်ရမ်းမှုကိုလျော့ပါး သက်သာစေနိုင်တဲ့ အစွမ်းရှိတာကြောင့် မျက်နှာအသားအရေကို နုပျိုစေပါတယ်။ ဝက်ခြံထွက်နေတဲ့သူတွေ အနေနဲ့လည်း သနပ်ခါးကို လူးပေးလို့ရပါတယ်။ သနပ်ခါးက ဝက်ခြံတွေကို သက်သာစေနိုင်သလို ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။

သနပ်ခါးရဲ့ အေးမြမှုနဲ့ မွှေးရနံ့က ကိုယ်ရောစိတ်ပါ ကြည်လင်စေပါတယ်။ ရေချိုးပြီး သနပ်ခါးအေးအေးလေး လူးလိုက်တာက ပင်ပန်းမှုတွေကို ပြေလျော့စေပါတယ်။ အသေးစား ထိခိုက်ရှနာ ဒဏ်ရာတွေကိုလည်း သနပ်ခါး လူးပေးလို့ရပါတယ်။ အသားဖြူချင်သူတွေ အတွက်လည်း သနပ်ခါးက ဘေးဥပါဒ် မရှိတဲ့ ဆေးတစ်မျိုးပါ။ ဆီပူလောင်၊ရေနွေးပူလောင်တာတွေ။ အရေပြား ယားယံတာတွေအတွက်လည်း သနပ်ခါးက အသုံးတည့်ပါတယ်။ သနပ်ခါး အမြစ်တုံးကို သွေးလူးပေးမယ်ဆိုရင် အသားချောပြီး ဝက်ခြံကင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။ သနပ်ခါးက UV-A ကို အပြည့်အဝ ကာကွယ်ပေးပါတယ်။

သနပ်ခါးပင်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံအချို့

သနပ်ခါးက အရွက် ကနေစလို့ အမြစ်အထိ အသုံးတည့်တဲ့ အပင် တစ်မျိုးပါ။ သနပ်ခါးအရွက် နဲ့ အပွေးမှာ ကင်ဆာကာကွယ်နိုင်တဲ့ အာနိသင်တွေ ပိုင်ဆိုင်ထားပါတယ်။ အမြစ်ကလည်း အော့အန်တာ၊ ဝမ်းကိုက်တာ နဲ့ လေထိုးလေအောင့်တာတွေကို သက်သာစေနိုင်ပါတယ်။ အသီး ပြုတ်ရည်ကို ပိုးကောင်တွေ ကိုက်ခံရတဲ့နေရာမှာ ဆွတ်ပေးရင် အဆိပ်ပြေစေနိုင်ပါတယ်။ အဆစ်အမြစ်တွေ ကိုက်ခဲရင်လည်း သနပ်ခါး လူးပေးရင် သက်သာပါတယ်။ ဝက်ရူးပြန်ရောဂါ အတွက်ဆေးဖော်စပ်ရာမှာလည်း သနပ်ခါးပင်ရဲ့ အရွက်ကို အသုံးပြုကြပါတယ်။ ငှက်ဖျားရောဂါ၊ အနာကြီးရောဂါတွေ အတွက်လည်း သနပ်ခါးပင်ရဲ့ အရွက်ကို အသုံးပြုကြပါတယ်။ သနပ်ခါးက အရေပြား မှိုပိုးဝင်တာကို သက်သာစေနိုင်သလို အရေပြား ပြဿနာကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။

သနပ်ခါးကို ဒီလိုတွေသုံးပါတယ်

သနပ်ခါးကို အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေထဲမှာ ထည့်သွင်း အသုံးပြုကြပါတယ်။

  • မျက်နှာပေါင်းတင်ဆေး
  • သနပ်ခါးခရင်မ်
  • ဖောင်ဒေးရှင်း
  • ဆပ်ပြာ
  • ဘော်ဒီလိုးရှင်း
  • ရေမွှေးလိုမျိုး အလှကုန်တွေပြုလုပ်ရာမှာ အသုံးပြုကြပါတယ်။

ပါးပြင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် လူးထားတဲ့ မြန်မာ့သနပ်ခါးလေးက အခုလိုမျိုး အကျိုးကျေးဇူးတွေများပါတယ်။ ဒါကြောင့် သနပ်ခါးအတုံးကနေရတဲ့ သနပ်ခါးစစ်လေးကို အလှအပအတွက်ရော ကျန်းမာရေး ကောင်းကျိုးတွေ ရဖို့ပါ အသုံးပြုပေးလို့ရပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://file.scirp.org/pdf/JBM_2017071211422461.pdf

https://www.ncbi.nlm.nih.gov/pmc/articles/PMC3377037/

http://impactfactor.org/PDF/IJPPR/6/IJPPR,Vol6,Issue2,Article3.pdf

 

ယခုပုံစံ

26/10/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အလှအပရေးရာ အရေပြားဗေဒဆိုင်ရာ သိကောင်းစရာများ

သုံးတဲ့ အလှကုန်တွေက ကိုယ့်အသားအရေနဲ့ မှားယွင်းနေတယ်ဆိုတာ သိနိုင်မယ့်အချက်များ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement