brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆားဝက်ခြံတွေကို ပိုဆိုးအောင်များ လုပ်မိနေပြီလား!

ဆားဝက်ခြံ ရှိသူလေးတွေ အနေနဲ့ ဆားဝက်ခြံတွေကို ပုံမှန်တော့ ဂရုစိုက်ဖြစ်ပါရဲ့။ ဒါပေမယ့် ဆားဝက်ခြံတွေက သက်သာမသွားဘဲ ပိုဆိုးလာလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ မေးစရာရှိတာက ကိုယ်တိုင်များ ဆားဝက်ခြံတွေကို ပိုဆိုးအောင်များ လုပ်မိနေပြီလား! ဆိုတာပါ။

ဆားဝက်ခြံတွေကို ပိုဆိုးအောင်များ လုပ်မိနေပြီလား!

ဝက်ခြံက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခု ဖြစ်ပြီး ဝက်ခြံကလည်း အမျိုးမျိုးပါ။ ဒီလို ဝက်ခြံတွေထဲမှာ အဆံဖြူဖြူလေးတွေ ထွက်တတ်တဲ့ ဝက်ခြံတွေ ရှိသလို အဆံမည်းမည်းလေးတွေ ထွက်တဲ့ ဆားဝက်ခြံတွေလည်း ရှိပါတယ်။ ဒီလို ထွက်တဲ့ ဝက်ခြံတွေက သေချာလေး ဂရုစိုက်မှ သက်သာမှာပါ။

ဒီလို ဂရုစိုက်တဲ့အခါမှာလည်း နည်းလမ်း မှန်ဖို့ လိုပါမယ်။ တကယ်လို့ နည်းလမ်းမှန်မှန် ဂရုမစိုက် ဖြစ်ဖူးဆိုရင် ရှိရင်းစွဲ ဆားဝက်ခြံတွေ ပိုဆိုးလာနိုင်သလို နောက်ထပ် နောက်ထပ်သော ဆားဝက်ခြံတွေလည်း ထွက်လာနိုင်ပါတယ်။ ဒါဆိုရင်တော့ ဘယ်လို အလေ့အထတွေက ဆားဝက်ခြံတွေကို ပိုဆိုးစေနိုင်လဲဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ 

ဆားဝက်ခြံ ဆိုတာ

နားလည်အလွယ်ဆုံး ဖြစ်အောင် ပြောပြရရင် ဆားဝက်ခြံ ဆိုတာက မျက်နှာပေါ်က ချွေးပေါက်တွေထဲမှာ အဆီပိုတွေနဲ့ မျက်နှာအရေပြားပေါ်က ဆဲလ်သေတွေ ပိတ်ဆို့ရာကနေ ဖြစ်လာတဲ့ အရာတွေပါ။ ဆားဝက်ခြံ ကလည်း ဝက်ခြံ အမျိုးအစား တစ်ခုပါပဲ။ များသောအားဖြင့်ကတော့ မျက်နှာမှာ အဖြစ်များပါတယ်။ ကျော၊ ရင်ဘတ် နဲ့ ပုခုံးတွေမှာလည်း ဆားဝက်ခြံတွေ ဖြစ်တတ်ပါတယ်။ တချို့ဆိုရင် နားတွေထဲမှာတောင် ဖြစ်တာမျိုး တွေ့ဖူးပါတယ်။

ဆားဝက်ခြံတွေက ညစ်ပတ်တာကြောင့် အနက်ရောင် ဖြစ်သွားတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်ကတော့ မဟုတ်ပါဘူး။ အရေပြား အတွင်းပိုင်းက အဆီ၊ ဆဲလ်သေတွေနဲ့ ပြင်ပလေထုထဲက အောက်ဆီဂျင်တို့ ထိတွေ့မိတာကြောင့် အနက်ရောင်အဖြစ် ပြောင်းလဲသွားတာပါ။

ဆားဝက်ခြံတွေကို ပိုဆိုးအောင်များ လုပ်မိနေပြီလား!

ကဲ ….. ကိုယ်တိုင်က ဆားဝက်ခြံတွေကို ပိုဆိုးအောင်များ လုပ်မိနေပြီလား! ဆိုတာကို ဆန်းစစ်လိုက် ရအောင်နော်။ 

  • ဆားဝက်ခြံတွေကို ညှစ်ထုတ်တာ

ဆားဝက်ခြံတွေက အတော်လေး အလှပျက်စေပြီး ညှစ်ထုတ်ပစ်ချင်စရာလည်း ကောင်းလှပါတယ်။ ဒီလို ညှစ်ထုတ်လိုက်တာကတော့ ကောင်းလှတယ် မဟုတ်ပါဘူး။ ဆားဝက်ခြံက ညှစ်လိုက်ရုံနဲ့ ထွက်သွားတာ မဟုတ်ပါဘူး။ ရိုးရိုးဝက်ခြံတွေထက်တောင် ညှစ်ရခက်ပါသေးတယ်။ Tapeတွေ သုံးပြီး ခွာလိုက်လို့ ထွက်လာတဲ့ အဆံ‌တွေက ဆားဝက်ခြံတွေဆိုတာထက် sebaceous filamentsလို့ ခေါ်တဲ့ အဆီမျှင်လေးတွေပါ။ 

ဆားဝက်ခြံတွေကို မရမက ညှစ်ထုတ်တာက လက်ရောင်လိုက်ပြီး ရောင်ရမ်းတာ၊ ပိုးတွေတာတွေကိုသာ ဖြစ်စေနိုင်ပါတယ်။

  • မိတ်ကပ်တွေ သေချာ မဖျက်တာ

မိတ်ကပ်တွေ လိမ်းတာက ဆားဝက်ခြံတွေကို အခြားသူတွေ မမြင်အောင် အတော်အသင့်တော့ ဖုံးနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်သုံးတဲ့အမျိုးအစားက ချွေး‌ပေါက်ပိတ်စေတာတွေ ဖြစ်ရင်၊ မိတ်ကပ်ကို ‌သေချာမဖျက်နိုင်ဘူးဆိုရင်တော့ ဆားဝက်ခြံတွေကို ပိုဆိုးစေမှာပါ။ 

  • ခေါင်းအုံးစွပ်ကို ပုံမှန် မလဲတာ

ခေါင်းအုံးစွပ်တွေက မျက်နှာနဲ့ အများဆုံး ထိတွေ့မိတဲ့အရာပါ။ ဒီလို အများဆုံး ထိတွေ့မိတဲ့အရာက သန့်ရှင်းရေး အားနည်းမယ်ဆိုရင် မျက်နှာမှာ ဆားဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ၃ ရက် တစ်ကြိမ် ဒါမှမဟုတ် ၂ ရက် တစ်ကြိမ်လောက် ခေါင်းအုံးစွပ်ကို ပုံမှန်လေး လဲလှယ်ပေးပါ။ ဒီလို လဲလှယ်ပေးတာက ဆားဝက်ခြံကိုရော အခြားသော ဝက်ခြံတွေကိုပါ သက်သာစေမှာပါ။

  • မျက်နှာ ခဏခဏ သစ်တာ

ဆားဝက်ခြံက ချွေးပေါက်ထဲကို အဆီတွေ၊ ဖုန်မှုန့်တွေ၊ ဆဲလ်သေတွေ ပိတ်ဆို့နေတာကြောင့် ဖြစ်ရတယ်ဆိုတော့ မျက်နှာများ ခဏခဏ သစ်ရင် သက်သာမလားဆိုပြီး မျက်နှာကို ခဏခဏ သစ်တာမျိုး မလုပ်ပါနဲ့။ ဒီလို လုပ်ပေးတာက မျက်နှာပေါ်မှာ ရှိသင့်တဲ့ အဆီတွေကို ကုန်ဆုံးစေပြီး ဆားဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ 

  • မျက်နှာကို လက်နဲ့ ခဏခဏ ကိုင်တာ

လက်ချောင်းတွေက ညစ်ပေတဲ့အရာတွေကို အများဆုံး ထိတွေ့မိနေတဲ့ အစိတ်အပိုင်းလေးပါ။ ဒါကြောင့် လက်ချောင်းထိပ်လေးမှာ ဘက်တီးရီးယားတွေ ဖုန်မှုန့်တွေ ကပ်ငြိနေနိုင်ပါတယ်။ ဒီလို ညစ်ပေနေတဲ့ လက်ချောင်းလေးတွေနဲ့ မျက်နှာကို ခဏခဏ ထိတွေ့မိတာက ဆားဝက်ခြံကို ပိုဆိုးစေနိုင်တာကြောင့် မျက်နှာကို လက်နဲ့ ခဏခဏ ကိုင်တာမျိုး မလုပ်ပါနဲ့။ 

ကဲ …… ဒီအချက်တွေကိုများ လုပ်မိနေပြီလား ဆိုတာကို ကိုယ်တိုင်ဆန်းစစ် ကြည့်လိုက်ပါဦးနော်။ 

ဆားဝက်ခြံတွေ ပိုဆိုးလာတာ ဘာကြောင့်များလဲ!

ဆားဝက်ခြံတွေ ပိုဆိုးလာတာ ဒီအချက်တွေကြောင့်ပါတဲ့
  • ဝက်ခြံတွေကို ညှစ်တာ
  • မျက်နှာကို လက်နဲ့ ခဏခဏ ကိုင်တာ
  • မိတ်ကပ်သေချာ မဖျက်တာ
  • မျက်နှာ ခဏခဏ သစ်တာ
  • ခေါင်းအုံးစွပ် မလဲတာ
Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/01/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။