ဝက်ခြံဆိုတာ အမျိုးသားမှာရော အမျိုးသမီးမှာရော ကြုံရတဲ့ ပြဿနာပါ။ အမျိုးသမီးတွေက ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ကုသမှု ခံယူတဲ့သူ များတာကြောင့် အမျိုဝက်ခြံက အမျိုးသမီးတွေမှာ အဖြစ်များတယ်လို့ ထင်ရတာပါ။ တကယ်က အမျိုးသားတွေလည်း ဝက်ခြံပေါက် တတ်ပါတယ်။ လူပျိုပေါက်အရွယ်ကစပြီး ၂၀ကျော်၊ ၃၀ကျော်အထိ ပေါက်တတ်ပါတယ်။
အမျိုးသားတွေမှာ ဝက်ခြံပေါက် ရတဲ့ အကြောင်းရင်း
- ဟော်မုန်းအပြောင်းအလဲ
အမျိုးသားမှာရော အမျိုးသမီးမှာပါ ဝက်ခြံပေါက်ရတဲ့ အဓိက အကြောင်းရင်းက ဟော်မုန်းအတက်အကျကြောင့်ပါ။ အထူးသဖြင့် အမျိုးသားတွေမှာ ထွက်တဲ့ တက်စတိုစတီရုန်း ဟော်မုန်းရဲ့ receptorတွေက အဆီဂလင်းတွေမှာ အများကြီး ရှိပါတယ်။ ဆိုလိုတာက တက်စတိုစတီရုန်းများလေလေ အဆီပိုထွက်လေပါ။
အမျိုးသားမှာရော အမျိုးသမီးမှာရော တက်စတိုစတီရုန်း ဟော်မုန်း ရှိပေမယ့် အမျိုးသားတွေမှာ သိသိသာသာများတာကြောင့် အဆီလည်း ပိုထွက်ပါတယ်။ အဆီတွေထွက်တာနဲ့အတူ ချွေးပေါက်တွေပါ ပိတ်လာတဲ့အခါ ဘက်တီးရီးယားပိုးတွေ ပေါက်လာပြီး ဝက်ခြံထွက်လာပါတယ်။
အမျိုးသမီးတွေမှာဆိုရင် ဟော်မုန်းအပြောင်းအလဲဖြစ်တဲ့အချိန် ဥပမာ ရာသီလာခါနီးဆိုရင် ဝက်ခြံထွက်တတ်ပါတယ်။ အမျိုးသားတွေမှာဆိုရင် ဒီလိုမျိုးမရှိပေမယ့် သူတို့ရဲ့ စားသောက်နေထိုင်ပုံစံက တက်စတိုစတီရုန်းကို များစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေ၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာတွေ၊ လိင်ဆက်ဆံတာ၊ အသက်အရွယ်၊ မျိုးဗီဇ စတာတွေက တက်စတိုစတီရုန်းပမာဏ အပေါ်မှာ လွှမ်းမိုးမှု ရှိနေပါတယ်။
- မျက်နှာပေါ်က အမွေးအမျှင်
အမျိုးသားတွေမှာ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေး၊ နှုတ်ခမ်းမွေးတွေက ဘက်တီးရီးယားတွေ အကြိုက်ဆုံးနေရာပါ။ အမွေးရှိရင် အဆီလည်း ရှိတာကြောင့် အဆီထုတ်လုပ်မှု များတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာတွေမှာ ဝက်ခြံပေါက်တတ်ပါတယ်။
ဒါ့ပြင် အမွေးအမျှင်တွေ ရိတ်တဲ့အခါ အရိတ်မတော်ရင် မွေးညင်းအိတ်ရောင်ရမ်းပြီး အဖုလေးတွေ ပေါက်လာတတ်ပါတယ်။ ဒါကလည်း ဝက်ခြံနဲ့ အတော်တူပါတယ်။
- မျိုးဗီဇ
ဝက်ခြံအကြောင်းပြောရင် မျိုးဗီဇကမပါမဖြစ်ပါ။ မိဘတွေက ဝက်ခြံထွက်တတ်တယ်ဆိုရင် ဒီအမျိုးသားမှာလည်း ဝက်ခြံပေါက်နိုင်ခြေ ရှိပါတယ်။ မျိုးဗီဇဆိုတဲ့နေရာမှာ ခန္ဓာကိုယ်က ဆဲလ်တွေက ဟော်မုန်းတွေကို ဘယ်လိုတုံ့ပြန်သလဲဆိုတာကို အဓိက ထားပြောပါတယ်။
မိသားစုထဲက တစ်ယောက်ယောက်မှာ ဝက်ခြံထွက်ရုံနဲ့ ဒီမိသားစုက တက်စတိုစတီရုန်း များများထုတ်တဲ့ မျိုးဗီဇရှိတယ်လို့ ပြောလို့မရပါဘူး။ သူတို့မှာ တက်စတိုစတီရုန်း ပမာဏက ပုံမှန်ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဆဲလ်တွေက ဟော်မုန်းကို အလွန်အကျွံတုံ့ပြန်ပြီး အဆီတွေ အထွက်များနေတာပါ။ ဒီတော့ ဝက်ခြံလည်း ပိုထွက်တာပေါ့။
- စတီးရွိုက်တွေသုံးတာ
Prednisone တွေ၊ ဒက်စာတွေကို အရောင်ရမ်းကျဖို့ ဒါမှမဟုတ် တချို့သော ဟော်မုန်းရောဂါတွေအတွက် သုံးတာကလည်း ဝက်ခြံကို ပြန်ပြန်ဖြစ်စေနိုင်ပါတယ်။ ပိုဆိုးတာက ကြွက်သားတက်စေတဲ့ anabolic steroids တွေပါ။ Gym ဆော့တဲ့ သူတွေ ကြွက်သားတက်အောင်ဆိုပြီး သုံးတတ်ကြပါတယ်။ ဒါကတော့ ဝက်ခြံကို ပြန်ပြန်ဖြစ်စေပါတယ်။
- စေးပျစ်တဲ့ skin care တွေ
မျက်နှာမှာ လိမ်းတဲ့ skin careတွေ ဖြစ်ဖြစ်၊ ခေါင်းမှာလိမ်းတဲ့ ခေါင်းလိမ်းဆီ၊ ဂျယ် စတာတွေက စေးပျစ်တာမျိုးတွေ ဖြစ်ခဲ့ရင် ချွေးပေါက်တွေကို ပိတ်ပြီး ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။
- လေ့ကျင့်ခန်း အပြင်းအထန် လုပ်တာ
လေ့ကျင့်ခန်း လုပ်ပြီဆိုရင် ချွေးတွေ ထွက်ပြီး ချွေးပေါက်တွေ ကျယ်လာပါတယ်။ အဆီတွေ ထုတ်တာလည်း ပိုများလာပါတယ်။ ဒီတော့ ဘက်တီးရီးယားနဲ့ အညစ်အကြေးတွေက ချွေးပေါက်ထဲကို အလွယ်တကူ ဝင်လာနိုင်ပါတယ်။ ဒီလိုမျိုး မဖြစ်အောင် ကာကွယ်ရတာက လွယ်ပါတယ်။
လေ့ကျင့်ခန်း လုပ်တဲ့အခါ ချွေးစုပ်လွယ်ပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားကို ဝတ်ပါ။ လုပ်ပြီးသွားရင်လည်း ရေချိုးချပါ။ မျက်နှာသစ်ပါ။ ချွေးစိုနေတဲ့ အဝတ်အစားတွေနဲ့ အကြာကြီး မနေပါနဲ့။ ချွေးပေနေတဲ့ အသုံးအဆောင်ပစ္စည်းတွေကို သေချာသန့်ရှင်းရေး လုပ်ပါ။
အမျိုးသားများ ဝက်ခြံပေါက်တဲ့အခါ
အမျိုးသားတွေမှာ ဝက်ခြံပေါက်ရတဲ့ အကြောင်းရင်းကို သိထားမယ်ဆိုရင် ဆောင်ရန် ရှောင်ရန်တွေကို ဆင်ခြင်နိုင်မှာပါ။
[embed-health-tool-bmi]