backup og meta

အလှအပနဲ့ အရေပြားကျန်းမာရေးအတွက် ကော်လဂျင်


Ye Myo Myat မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကော်လဂျင်ဆိုတာဘာလဲ။

    ကော်လဂျင်ဆိုတာ ခန္ဓါကိုယ်တွင်းမှာ ရှိတဲ့ ပရိုတင်းဓါတ်တစ်မျိုးဖြစ်ပြီး အရိုး၊ အရေပြား အကြောအမျှင်နဲ့ အရွတ်တွေကို တည်ဆောက်ပေးတယ်။ သွေးကြော၊ မျက်ကြည်လွှာ၊ သွားနဲ့ တခြားကိုယ်ခန္ဓါအစိတ်အပိုင်းတွေမှာ ကော်လဂျင်ဓါတ်တွေကို တွေ့ရပါတယ်။ ဖြူဖွေးလှပပြီး တင်းတင်းရင်းရင်းဖြစ်တဲ့ အသားအရေမျိုး ပိုင်ဆိုင်ရဖို့ ကူညီပေးတဲ့ ဓါတ်အဖြစ်လည်း ကော်လဂျင်ကို လူသိများကြပါတယ်။

    ကော်လဂျင်အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ။

    ကော်လဂျင်အမျိုးအစား အနည်းဆုံး ၁၆ မျိုးရှိပြီး အများဆုံး တွေ့ရတဲ့ ကော်လဂျင်ကိုတော့ အမျိုးအစား (၁) (၂) (၃) နဲ့ (၄) ဆိုပြီး သတ်မှတ်ထားပါတယ်။

    အမျိုးအစား (၁) ကော်လဂျင်ကို သိပ်သည်းစွာဖွဲ့စည်းထားတဲ့ အမျှင်ဓါတ်တွေနဲ့ တည်ဆောက်ထားပြီး အရေပြား၊ အရိုးအဆစ်၊ အကြောအမျှင်၊ အရွတ်၊ တစ်သျှူးတွေနဲ့ သွားမှာ ၉၀ ရာခိုင်နှုန်းအထိတွေ့ရပါတယ်။

    အမျိုးအစား (၂) ကော်လဂျင်ကတော့ လျော့ရဲရဲ အမျှင်တွေနဲ့ ဖွဲ့စည်ထားတာဖြစ်တယ်။ အလွယ်တကူ ကွေးဆန့်လို့ရတဲ့ အရွတ်တွေမှာ အများဆုံးတွေ့ရပါတယ်။

    အမျိုးအစား (၃) ကော်လဂျင်ဟာ ကြွက်သား၊ ကိုယ်တွင်းအင်္ဂါတွေ၊ သွေးလွှတ်ကြောတွေကို ပိုမိုကြံ့ခိုင်အောင် တည်ဆောက်ပေးတယ်။

    အရေပြားရဲ့ အလွှာမှာ အများဆုံးတွေ့ရတာကတော့ အမျိုးအစား (၄) ကော်လဂျင်ဓါတ်ပဲ ဖြစ်ပါတယ်။

    အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓါက ကော်လဂျင်ထုတ်နိုင်စွမ်း နည်းသွားသလို ကော်လဂျင်ရဲ့ အရည်အသွေး အာနိသင်ဟာလည်း ငယ်ငယ်တုန်ကလောက် ကောင်းနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် သိသာတဲ့ ပြောင်းလဲမှုအနေနဲ့ အရေးအကြောင်းတွေ ထင်လာတယ်။ အရေပြားက မွဲခြောက်ခြောက် ဖြစ်ပြီး အရောင်မှိန်လာတယ်။ တင်းတင်းရင်းရင်း မဖြစ်တော့ဘဲ လျော့တိလျော့ရွဲဖြစ်လာတယ်။ အရိုးအဆစ်တွေ၊ အရွတ်တွေဟာလည်း အားနည်းပြီး ကျိုးပဲ့လွယ်လာပါတယ်။

    ကော်လဂျင်ထုတ်နိုင်စွမ်းကို မြှင့်တင်ဖို့ ဘာတွေ များများစားကြမလဲ။

    ၁။ ဗီတာမင် စီ (Vitamin C)

    အချဉ်ဓါတ်များတဲ့ အသီးတွေဖြစ်တဲ့ လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး၊ စတော်ဘယ်ရီသီးအပြင် ငရုတ်ပွတွေမှာလည်း ဗီတာမင် စီဓါတ်ကို ရရှိနိုင်ပါတယ်။ အရေပြားရဲ့ ကော်လဂျင်ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးပြီး အရေပြားကို ကြည်လင်တောက်ပလာစေပါတယ်။

    ၂။ ပရိုတင်းဓါတ် (Protein)

    အမိုင်နိုအက်ဆစ်တွေအပြင် ကြွက်သား၊ အရိုးအဆစ် တည်ဆောက်ရာမှာ အကျိုးပြုတဲ့ ပရိုတင်းဟာလည်း ကော်လဂျင်ထုတ်လုပ်နိုင်စွမ်းပေါ်မှာ သွားပြီး သက်ရောက်မှုရှိစေပါတယ်။ ပရိုတင်းဓါတ်ကို အသား၊ ငါး၊ နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးကနေ ရရှိနိုင်ပါတယ်။

    ၃။ ကော့ပါးဓါတ် (Copper)

    တိရစ္ဆာန် ကိုယ်တွင်းကလီစာတွေ၊ နှမ်းစေ့၊ ကိုကိုးမှုန့်၊ သီဟိုဠ်စေ့၊ ပဲနီလေးတွေမှာ အများဆုံးတွေ့ရပါတယ်။

    ၄။ ပရိုလိုင်း (Proline) နဲ့ ဂလိုင်စင်း (Glycine)

    ပရိုတင်းအသစ်တွေ ထုတ်ပေးတဲ့နေရာမှာ လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ဓါတ်တွေ ဖြစ်တဲ့ ပရိုလိုင်းနဲ့ ဂလိုင်စင်းဓါတ်တွေဟာ ကော်လဂျင်ထုတ်လုပ်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ဒီအာဟာရဓါတ်တွေကို ကြက်ဥအကာ၊ ဂျုံ၊ နို့ထွက်ပစ္စည်း၊ ဂေါ်ဖီထုပ်၊ ကညွန့်၊ မှို၊ ဝက်၊ ကြက်အရေပြားတွေမှာ တွေ့နိုင်ပါတယ်။

    အချိုဓါတ်၊ ကစီဓါတ် အစားများတာ၊ နေရောင်ခြည်နဲ့ အရေပြားတိုက်ရိုက်ထိတွေ့မှုများတာ၊ ဆေးလိပ်သောက်တာတွေဟာ ကိုယ်ခန္ဓါရဲ့ ကော်လဂျင်ထုတ်လွှတ်နိုင်စွမ်းကို လျော့နည်းစေပြီး အနာကျက်နှေးတာ၊ အရေးအကြောင်းထင်တာ၊ အရေပြား အရောင်မှိန်တာတွေ ဖြစ်လာနိုင်ပါတယ်။

    ကော်လဂျင်အားဆေးတွေ မှီဝဲသင့်လား။

    ကိုယ့်အနေနဲ့ အစားအစာကနေ ကော်လဂျင်လုံလောက်စွာ မရဘူးလို့ ခံစားရရင်၊ အရွယ်မတိုင်ခင် အရေပြားလျော့တိလျော့ရွဲဖြစ်ပြီး အရေးအကြောင်းထင်တာ၊ ကြွက်သား၊ အရိုးအဆစ်တွေ အားနည်းနေတယ်လို့ ခံစားမိရင်တော့ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ပြီးမှ ကိုယ်နဲ့ သင့်တော်မယ့် ကော်လဂျင်ဖြည့်စွက်အားဆေး သောက်တာ အကောင်းဆုံးပါပဲ။

    လက်ရှိဈေးကွက်မှာတော့ ကော်လဂျင်အားဆေးတွေ အများကြီးပေါ်နေတယ်ဆိုပေမယ့် အများစုက အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဌာနရဲ့ သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ မကိုက်ညီတာတွေ များပါတယ်။ ဒါကြောင့် ကိုယ်က ကော်လဂျင်ဆေးဝါးတွေ မှီဝဲတော့မယ်ဆိုရင် သေချာရွေးဝယ်ဖို့တော့ လိုပါမယ်။ ကော်လဂျင်ဆိုတာ အရွယ်ရောက်ပြီး ကျား၊ မ မရွေးအတွက် အလှအပနဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ များစွာ ပေးနိုင်တာကြောင့် နေ့စဉ်လုံလောက်စွာ ရရှိမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement