backup og meta

အမျိုးသမီး လိင်ဆက်ဆံနေတုန်း ဘာကြောင့် ဆီးထွက်ရတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Arkar Hein မှ ရေးသားသည်။ · 19/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီး လိင်ဆက်ဆံနေတုန်း ဘာကြောင့် ဆီးထွက်ရတာလဲ

    အမျိုးသမီး လိင်ဆက်ဆံနေတုန်း ဘာကြောင့် ဆီးထွက်ရတာလဲ

    လိင်ဆက်ဆံနေတုန်း မှာ အမျိုးသားလိင်တံ၊ လက်ချောင်းနဲ့ တခြားအရာ တစ်ခုခုက အမျိုးသမီး ဆီးအိမ်အပေါ် ဖိထားမိတဲ့အတွက် အမျိုးသမီးတွေ လိင်ဆက်ဆံချိန်မှာ ဆီးထွက်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးခန္ဓာကိုယ်ရဲ့ ဆီးအိမ်ဟာ အမျိုးသမီးမွေးလမ်းကြောင်းနဲ့ မိန်းမအင်္ဂါအစေ့တို့နားမှာ နီးကပ်စွာ တည်ရှိနေလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံချိန်မှာ အမျိုးသမီးဆီးအိမ်ကို သွားထိမိတယ်ဆိုတာ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ရပ်ပါပဲ။

    အမျိုးသမီးတွေ လိင်ခံစားမှု အထွတ်အထိပ်ရောက်သွားတဲ့အချိန် ထွက်လာတဲ့အရည်တွေဟာ ဆီးရည်တွေလား ဒါမှမဟုတ် တခြား အရည်တွေလားဆိုတာကို ယနေ့အချိန်ထိ ငြင်းခုံနေကြဆဲပါ။ လိင်ဆက်ဆံချိန် ပန်းထုတ်ခြင်းဆိုတာ အမျိုးသမီးတိုင်းမှာ မဖြစ်ပေမယ့် တချို့သော အမျိုးသမီးတွေကတော့ လိင်ခံစားမှု အထွတ်အထိပ်ရောက်တဲ့အချိန် ဆီးလမ်းကြောင်းမှ အရည်တချို့ထွက်လာတယ်လို့ ဆိုကြပါတယ်။

    အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကိုလံဘီယာ တက္ကသိုလ်ကတော့ လိင်ခံစားမှုအထွတ်အထိပ်ရောက်တဲ့ အချိန် ထွက်လာတဲ့ အရည်တွေဟာ ဆီးရည် မဟုတ်သလို မွေးလမ်းကြောင်း အရည်လည်း မဟုတ်ဘူးလို့ ဆိုထားကြပေမယ့် တခြားသော လေ့လာချက်တစ်ခုကတော့ ခံစားမှု အထွတ်အထိပ်ရောက်တဲ့ အချိန် ထွက်လာတဲ့ အရည်တွေဟာ ထိန်းမထားနိုင်တဲ့ ဆီးရည်တွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ကျွန်တော်တို့ ဒီဆောင်းပါးလေးထဲမှာတော့ အမျိုးသမီးတွေ လိင်ဆက်ဆံနေတုန်း ဘာကြောင့်ဆီးထွက်ရသလဲဆိုတဲ့ အကြောင်းရင်းအပြင် ကုသနည်းစနစ်တွေ၊ ဆီးမထွက်အောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို Hello ဆရာဝန်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

    လိင်ဆက်ဆံနေတုန်း ဆီးထွက်ရတဲ့ အကြောင်းအရင်း

    အမျိုးသမီးတွေ လိင်ဆက်ဆံနေတုန်း ဆီးထွက်ရခြင်းရဲ့ အဓိကအကြောင်းရင်းဟာ ဆီးထိန်းမထားနိုင်တာကြောင့် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ National Association for Continence အဖွဲ့ရဲ့ ခန့်မှန်းချက်အရ အမေရိကန်နိုင်ငံမှာ ဆီး၊ ဝမ်းမထိန်းနိုင်သူတွေ စုစုပေါင်း ၂၅ သန်း အထိရှိနေတယ် လို့ဆိုပါတယ်။ ဒီအထဲမှာမှ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ၅ ဆခန့် ပိုများပါတယ်၊၊

    ဆီးမထိန်းနိုင်ခြင်း (Urinary incontinence)

    ဆီးမထိန်းနိုင်ခြင်း ပြဿနာ (UI) ဟာ အမျိုးသမီး အများစုမှာ အဖြစ်များတဲ့ ဖြစ်စဉ်တစ်ခုပါ။ အမျိုးသမီး လိင်အင်္ဂါတွေနဲ့ ဆီးလမ်းကြောင်းအင်္ဂါတွေဆိုတာ ခန္ဓာကိုယ်ရဲ့ တူညီတဲ့ အင်္ဂါ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံချိန်မှာ နှစ်ခုလုံးရဲ့ လုပ်ဆောင်ချက်တွေ ရောထွေးနိုင်ပါတယ်။ လေ့လာချက်တစ်ခုအရ အမျိုးသမီး ၆၀ ရာခိုင်နှုန်းခန့်ဟာ လိင်ဆက်ဆံချိန် ဆီးထွက်ကြတယ်လို့ ဆိုပါတယ်။ ဆရာဝန်တွေကတော့ ဆီးမထိန်းနိုင်ခြင်း (Urinary incontinence) UI ကို အမျိုးအစား (၃) ခုခွဲခြားထားပါတယ်။ အဲ့ဒါတွေကတော့-

    (၁) ဆီးအိမ်ဖိအားကြောင့် ဆီးမထိန်းနိုင်ခြင်း။

    (၂) အရေးပေါ် ဆီးမထိန်းနိုင်ခြင်း။

    (၃) တခြားအကြောင်းရင်းများကြောင့် ဆီးမထိန်းနိုင်ခြင်း။

    (၁) ဆီးအိမ်ဖိအားကြောင့် ဆီးမထိန်းနိုင်ခြင်း

    ဒီအမျိုးအစားကတော့ လိင်ဆက်ဆံချိန်အဖြစ်များတဲ့ ဆီးထွက်ခြင်းဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒီအမျိုးအစားကြောင့် ဆီးထွက်တဲ့ ဖြစ်စဉ်ဟာ လိင်ဆက်ဆံချိန် ဆီးထွက်ခြင်း ဖြစ်စဉ်များရဲ့ ၅၁ ရာခိုင်နှုန်း အထိရှိပါတယ်။ ဒီလို ဆီးထွက်တဲ့ ဖြစ်စဉ်တွေဟာ လိင်ဆက်ဆံနေတုန်း ဆီးအိမ်ကို ဖိထားလို့ ထွက်တာဖြစ်တဲ့ အပြင် တခြားအကြောင်းရင်းတွေကတော့

    • ရယ်မောခြင်း၊
    • အလေးအပင်တစ်ခုခု မခြင်း၊
    • ချောင်းဆိုးခြင်း၊
    • နှာချေခြင်းတို့ ပြုလုပ်တဲ့ အချိန်တွေမှာ အဖြစ်များပါတယ်။

    (၂) အရေးပေါ် ဆီးမထိန်းနိုင်ခြင်း

    ဒီလို အရေးပေါ် ဆီးမထိန်းနိုင်တဲ့ ဖြစ်စဉ်တွေဟာ ရုတ်တရက် ထိန်းလို့မရတဲ့ ဆီးထွက်ခြင်းကိုခေါ်တာ ဖြစ်ပြီး ဒီဖြစ်စဉ်ဟာ တရားလွန်အလုပ်လုပ်နေတဲ့ ဆီးအိမ်ရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ ပုံမှန် အလုပ်လုပ်တဲ့ ဆီးအိမ်တွေမှာဆိုရင် ဆီးအိမ်တစ်ဝက်ခန့် ဆီးရှိမှ ဆီးသွားချင်စိတ်ဖြစ်ပေါ်မှာ ဖြစ်ပြီး ဒီလိုဖြစ်ပေါ်တဲ့ အချိန်တွေဆိုရင်လည်း လူတွေဟာ အိမ်သာတစ်ခုကို ရှာတွေ့တဲ့ အချိန်ထိ ဆီးကို ကောင်းကောင်းအောင့်ထားနိုင်ကြပါတယ်။

    အရေးပေါ်ဆီးမထိန်းနိုင်တဲ့ ဖြစ်စဉ် တွေမှာဆိုရင် ဆီးအိမ်က အစောကြီး ကျုံ့လိုက်တဲ့အတွက် ထိုလူဟာ ရုတ်တရတ် ဆီးသွားချင်စိတ်ဖြစ်ပေါ်ပြီး အိမ်သာသွားမယ်ဆိုရင်တောင် အိမ်သာမရောက်ခင် ဆီးထွက်တာမျိုး ဖြစ်ပေါ်တတ်ပါတယ်။ ဆီးအိမ် တရားလွန်အလုပ်လုပ်ခြင်းရဲ့ အကြောင်းရင်းကိုတော့ မသိရပေမယ့် အသက်ကြီးတဲ့ လူတွေမှာတော့ ဖြစ်လေ့ရှိတဲ့ အရာတစ်ခု ဖြစ်ပါတယ်။

    (၃) တခြားအကြောင်းရင်းများကြောင့် ဆီးမထိန်းနိုင်ခြင်း

    တခြားအကြောင်းရင်းများကြောင့် ဆီးမထိန်းနိုင်တဲ့ ဖြစ်စဉ်တွေဟာ စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်နိုင်သလို အရေးပေါ် ဖြစ်စဉ်ကြောင့် လည်း ဖြစ်နိုင်ပါတယ်။ ဒီလို တခြားအကြောင်းတွေကြောင့် ဆီးမထိန်းတဲ့ဖြစ်စဉ်တွေဟာ အရေးပေါ်ဆီးမထိန်းနိုင်တဲ့ ဖြစ်စဉ်ထက် ပိုအတွေ့ရများပါတယ်။

    ဆီးမထိန်းနိုင်ရခြင်း အကြောင်းရင်းများ

    အသက်ကြီးလာခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းတို့ဟာ ဆီးမထိန်းနိုင်ခြင်းကို ဖြစ်စေနိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။ တချို့သော အမျိုးသမီးတွေမှာတော့ မွေးရာပါ ဆီးမထိန်းနိုင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ ရှိတတ်ကြပါတယ်။ အဲ့ဒါတွေကတော့ ဆီးလမ်းကြောင်းကောင်းကောင်းမွန်မွန် မဖွံ့ဖြိုးခြင်းနဲ့ မျိုးရိုးလိုက် ဆီးမထိန်းနိုင်ခြင်းတို့ပါပဲ။

    ဆီးမထိန်းနိုင်ခြင်း (Urinary incontinence) UI ဟာ ရောဂါ တစ်ခုမဟုတ်ဘဲ တစ်ခြားသော အကြောင်းရင်းများကြောင့် ဖြစ်ရတဲ့ ရောဂါ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။ UI ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းတွေကတော့

    • မီးဖွားခြင်း၊
    • နာတာရှည်ချောင်းဆိုးခြင်း၊
    • သွေးဆုံးခြင်း၊
    • ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း၊
    • အဝလွန်ခြင်း၊
    • အသက်ကြီးလာခြင်း၊
    • ကိုယ်ဝန်လွယ်ထားရခြင်းတို့ဖြစ်ကြတယ်။

    ဆရာဝန်ထံ ဘယ်လို အချိန်မှာ သွားပြရမလဲ

    လိင်ဆက်ဆံနေတုန်း ဆီးထွက်နေတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒီလို ဆွေးနွေးတဲ့အခါမှ ဆီးထွက်ခြင်းဟာ ပုံမှန် ဆီးမထိန်းနိုင်ခြင်းကြောင့်လား၊ တခြားအကြောင်းရင်းကြောင့်လား သိရမှာ ဖြစ်ပါတယ်။ တကယ်လို့ ပုံမှန်ဆီးမထိန်းနိုင်ခြင်းကြောင့် ဖြစ်တယ်ဆိုရင် ဆရာဝန်က အကောင်းဆုံး ကုသမှု နည်းစနစ်တွေကို လမ်းညွှန်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။

    ကုသမှု အတွက် ရွေးချယ်စရာများ

    ဆီးမထိန်းနိုင်ခြင်း (Urinary incontinence) UI ကုသဖို့အတွက် လုပ်ဆောင်နိုင်တဲ့ အချက် (၃) ခု ရှိပါတယ်။

    တင်ပါးဆုံ အောက်ခြေ ကြွက်သားများကို လေ့ကျင့်ပေးခြင်း

    တင်ပါးဆုံ အောက်ခြေ ကြွက်သား လေ့ကျင့်ခန်းကို Kegel exercise လို့လည်းခေါ်ပြီး ဒီကြွက်သားတွေ သန်မာအောင်လေ့ကျင့်ရတာ ဖြစ်ပါတယ်။ သန်မာတဲ့ တင်ပါးဆုံအောက်ခြေကြွက်သားများဟာ အားနည်းတဲ့ ကြွက်သားတွေထက် ဆီးထိန်းနိုင်ကြပါတယ်။

    ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ယောက်ရဲ့ နည်းစနစ်ပြသမှုများနဲ့ လုပ်ဆောင်ရန် အချိန်များကို သိပြီးမှ လုပ်ဆောင်သင့်ပါတယ်။

    ခွဲစိတ်ခြင်း

    ခွဲစိတ်လိုက်တာကလည်း UI ကို ကုသပေးနိုင်ပါတယ်။ ခွဲစိတ်တဲ့အခါ ဆီးလမ်းကြောင်း ဧရိယာတစ်လျှောက် တခြားဖြည့်တင်းဖို့လိုတာမျိုး ဒါမှမဟုတ် ဆီးအိမ်အထက်ပိုင်းကို ပုံစံပြန်ချတာမျိုး လုပ်ဆောင်ကြပါတယ်။ ဒီခွဲစိတ်မှုလုပ်ဖို့အတွက် သာမန်မေ့ဆေးသာ လိုအပ်ပြီး ခွဲစိတ်အပြီး ပုံမှန်ပြန်ဖြစ်ဖို့ ၂ ပတ်ကနေ ၃ ပတ်အထိ ကြာမြင့်ပါတယ်။ ဒီလို ဆီးမထိန်းနိုင်လို့ ခွဲစိတ်တဲ့အခါ နောက်ဆက်တွဲတွေ ထပ်တိုးနိုင်ခြေရှိတာမို့ မခွဲစိတ်ခင် ဆရာဝန်နဲ့အရင်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    ဆေးဝါးများ

    အရေးပေါ် ဆီးမထိန်းနိုင်တဲ့ ဖြစ်စဉ်တွေမှာဆိုရင် ဆီးအိမ်ကို ငြိမ်စေနိုင်တဲ့၊ ဆီးအိမ်ကျုံ့ခြင်းကို နည်းပါးစေတဲ့ ဆေးဝါးတွေ သောက်သုံးပြီး ကုသနိုင်ပါတယ်။ ဆရာဝန်တွေ ပေးမယ့် ဆေးအမျိုးအစားတွေထဲမှာတော့ antimuscarinics လို့ခေါ်တဲ့ ဦးနှောက်အာရုံကြောစနစ်ကို ထိန်းချုပ်ပေးတဲ့ ဆေးတွေ၊ စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ tricyclic antidepressants နဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို ထိန်းချုပ်ပေးနိုင်တဲ့ beta-3 agonists ဆေးတို့ ပါဝင်ကြပါတယ်။

    ကာကွယ်နိုင်မယ့် အခြားနည်းစနစ်များ

    အလေ့အကျင့်တချို့နဲ့ ဘဝနေထိုင်စားသောက်မှု တချို့ကို ပြောင်းလဲလိုက်မယ်ဆိုရင် လိင်ဆက်ဆံချိန် ဆီးမထိန်းနိုင်တဲ့သူတွေအနေနနဲ့ ဒီအဖြစ်ကို ကာကွယ်နိုင်ကြမှာ ဖြစ်ပါတယ်။ ပြောင်းလဲရမယ့် အချက်လေးတချို့ကတော့

  • လိင်မဆက်ဆံခင် တစ်နာရီခန့်အလို အရည်များ သောက်သုံးခြင်းကို ရှောင်ပါ။
  • ဆီးအိမ်ကို လှုံ့ဆော်နိုင်တဲ့ အစားအသောက်တွေဖြစ်တဲ့ ကဖင်းဓာတ်ပါ အစားအစာတွေ၊ ချောကလက်နဲ့ အယ်လ်ကိုဟောတို့ကို ရှောင်ကြဉ်ပါ။
  • လိင်မဆက်ဆံခင် ဆီးသွားပြီး ဆီးအိမ်ကို ရှင်းလင်းထားပါ။
  • အဝလွန်နေတယ်ဆိုရင် ကိုယ်အလေးချိန် ချပါ။
  • ဆေးလိပ်ဖြတ်ပါ။
  • ဒါအပြင် အချိန်တစ်ခုသတ်မှတ်၊ ဆီးပုံမှန်သွားပြီး ဆီးသွားတဲ့အချိန်ကို တဖြည်းဖြည်းခြားကာ လေ့ကျင့်ရတဲ့ ဆီးအိမ်လေ့ကျင့်ခန်းတွေကလည်း UI ကိုကာကွယ်ပေးနိုင်ပါတယ်။
  • Takeaways

    လိင်ဆက်ဆံနေတုန်း ဆီးထွက်ခြင်းက စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်၊၊ ဒီလိုဖြစ်နေတဲ့ လူတွေအနေနဲ့ နေထိုင်စားသောက်မှု ပုံစံကိုပြောင်းတာမျိုး၊ တင်ပါးဆုံ အောက်ခြေ ကြွက်သား လေ့ကျင့်ခန်းလုပ်တာမျိုးလုပ်ပြီး ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်အချက်ကြောင့် ဖြစ်ရတာလည်း ဆိုတာ သိရှိနေအာင်လုပ်ရင်း အကောင်းဆုံး ကုသမှု နည်းစနစ်ကို ရွေးချယ်တာမျိုးကလည်း UI ကိုကုသနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Arkar Hein မှ ရေးသားသည်။ · 19/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement