backup og meta

သုက်လွှတ်မြန်တာ ကို ဆေးမလိုဘဲ ဒီလိုဖြေရှင်းနိုင်ပါတယ်။

သုက်လွှတ်မြန်တာ ကို ဆေးမလိုဘဲ ဒီလိုဖြေရှင်းနိုင်ပါတယ်။

သုက်လွှတ်မြန်တယ်ဆိုတာက အမျိုးသားတွေ အိပ်ရာပေါ်မှာ စိုးရိမ်ရတဲ့ ပြဿနာတစ်ခုပါ။ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် ပြစ်မျိုးမှဲ့မထင်ဖြစ်ချင်တဲ့ အမျိုးသားတွေအတွက် သုက်လွှတ်မြန်တာ က အားနည်းချက်တစ်ခုလို  ခံစားရမှာပါ။ ပိုဆိုးတာက အမျိုးသားတွေရဲ့ ထုံးစံအတိုင်း ဆေးခန်းပြရမှာ၊ ဒါကို တစ်ယောက်ယောက်ကို ဖွင့်ပြောရမှာ ရှက်ကြပါတယ်။

ဒီတော့ သုက်လွှတ်မြန်တာက မသက်သာဘဲ လိင်မှုကိစ္စမှာ ထိခိုက်လာတာ၊ မှားယွင်းတဲ့ နည်းလမ်းတွေနဲ့ ကုသမိတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင်  သိပ္ပံနည်းကျ စမ်းသပ်ထားပြီး ကိုယ်တိုင်လိုက်လုပ်လို့ရတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုပါတယ်။

သုက်လွှတ်မြန်တာ ဘယ်လိုမျိုးလဲ

ဆေးပညာမှာတော့ သုက်လွှတ်မြန်တယ်ဆိုတာကို

  • ထိုးသွင်းပြီး တစ်မိနစ်အတွင်းမှာ သုက်လွှတ်တာ
  • ၆လအတွင်း လိင်ဆက်ဆံတဲ့ အကြိမ်တော်တော်များများမှာ သုက်ထိန်းလို့မရတာ
  • သုက်လွှတ်မြန်တာကြောင့် စိတ်ဖိစီးတာ၊ မိမိကိုယ်ကို အားမလိုအားမရ ဖြစ်ပြီး လိင်ဆက်ဆံဖို့ စိတ်မပါတော့တာ စတဲ့ အချက်တွေနဲ့ သတ်မှတ်ပါတယ်။

သုက်လွှတ်မြန်တာ က စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် (ဥပမာ အလုပ်ပင်ပန်းတာ၊ စိုးရိမ်ပူပန်စိတ်များတာ) ဖြစ်နိုင်သလို ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

သုက်လွှတ်မြန်တာကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့

အရေးကြီးဆုံးက မိမိအဖော်ကို ပြောပြပါ။ သူ့ရဲ့ နားလည်ပေးမှုနဲ့ ကူညီမှုက ကုသမှုအတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ်။

လွယ်ကူတဲ့ နည်းလမ်းတွေကတော့

အတူမနေခင် ၁-၂ နာရီအလိုမှာ အာသာဖြေနိုင်ပါတယ်။ တစ်ခါလောက် ပြီးသွားရင် နောက်ထပ် လိင်တံထောင်မတ်ဖို့နဲ့ ပြီးမြောက်ဖို့ ပိုပြီး အချိန်ယူရမှာ ဖြစ်တာကြောင့် ကြာကြာနေနိုင်မှာ ဖြစ်ပါတယ်။

  • ကွန်ဒုံးသုံးပါ။

ကွန်ဒုံးအထူ (နှစ်ထပ်စွပ်တာမဟုတ်) သုံးတာကလည်း လိင်တံမှာ ခံစားချက်ကို နည်းစေတာကြောင့် ပြီးမြောက်ဖို့ ဆွဲဆန့်ထားနိုင်ပါတယ်။ အလွှာခြားရင် ကမ္ဘာခြားတယ်ဆိုတာကို ဒီမှာ အသုံးချလို့ရပါတယ်။

  • အသက်အောင့်ပါ။

အတူနေနေတုန်း သုက်လွှတ်ချင်လာပြီဆိုရင် အသက်ပြင်းပြင်း ရှူသွင်းပြီး အောင့်ချလိုက်ပါ။ ဒါက သုက်လွှတ်တာကို ထိန်းချုပ်တဲ့ အာရုံကြောစနစ်ကို ခဏရပ်လိုက်သလို ဖြစ်စေပါတယ်။

  • အဖော်ကို အပေါ်က နေခိုင်းပါ။

အတူနေတဲ့အခါ အဖော်ကို အပေါ်က နေခိုင်းပြီး သုက်လွှတ်ချင်လာပြီဆိုရင် ဖယ်ခိုင်းလို့ရပါတယ်။

  • အာရုံလွှဲပါ။

အတူနေတဲ့အခါ ဆက်တိုက် မနေဘဲ ကြားထဲမှာ နားနားပေးပါ။ သုက်လွှတ်ချင်စိတ်ပေါ်လာပြီဆို ခဏရပ်ပြီး တခြားအကြောင်းအရာတစ်ခု တွေးတာ၊ ပြောတာ လုပ်နိုင်ပါတယ်။

  • အချိန်ပေးပြီး နှိုးဆွပါ။

သင့်ရဲ့ လိင်တံကို အထိ မခံဘဲ သင့်အဖော်ကို စိတ်ကြွလာအောင် နှိုးဆွပါ။ သူပြီးမြောက်ဖို့ နီးလာတော့မှ အတူနေလိုက်ပါ။ ဒါက နှစ်ယောက်သား အတူတူပြီးမြောက်ဖို့ အကူအညီပေးနိုင်ပါတယ်။

လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေကတော့

  • The squeeze technique

ဒါက သုက်မလွှတ်အောင် လက်နဲ့ ထိန်းလိုက်တဲ့ နည်းလမ်းပါ။ ဘယ်အချိန်မှာ သုက်လွှတ်တော့မှာလဲဆိုတာကို ကြိုပြီး သိနိုင်တဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ဒီနည်းလမ်းက လိင်တံကို သုက်လွှတ်ချင်လာအောင် လှုံ့ဆော်ပြီး ပြီးမြောက်တော့မယ်ဆိုရင်  လိင်တံကို ညှစ်လိုက်တာ ဖြစ်ပါတယ်။

ဒီလိုလုပ်လိုက်တာက လိင်တံထောင်မတ်တာကို အနည်းငယ်ကျသွားစေပြီး ပြီးချင်စိတ် လျော့သွားပါတယ်။

ဒီနည်းလမ်းက ဘယ်တော့ပြီးမလဲဆိုတာကို ကြိုသိနိုင်သလို ဒီလိုသိခြင်းကလည်း သုက်လွှတ်မမြန်အောင် ချုပ်ထိန်းစေနိုင်ပါတယ်။

  • The stop-start method

ဒါက နောက်ထပ် နည်းလမ်းတစ်ခုပါ။ အမျိုးသား လိင်တံကို စိတ်ကြွပြီး ပြီးမြောက်ခါနီးအထိ နှိုးဆွပေးလိုက်ပါ။ ပြီးတော့မယ်ဆိုရင် ရပ်ပြီး သုက်လွှတ်ချိန်စိတ်ကို လုံးဝပျောက်သွားတဲ့အထိ  စောင့်လိုက်ပါ။

ပြီးရင် ပြန်ဆွ၊ ပြီးခါနီးရင် ရပ်ပြီး ထပ်စောင့်ပါ။ ၃ကြိမ်လောက်ထိ လုပ်ပြီး ၄ကြိမ်မြောက်မှာ သုက်လွှတ်လိုက်ပါ။

တင်ပဆုံကွင်းထဲမှာ ရှိနေတဲ့ ကြွက်သားတွေကို သန်မာအောင် လုပ်တဲ့ လေ့ကျင့်ခန်းပါ။ ဒီကြွက်သားတွေ သန်မာနေရင် သုက်လွှတ်မြန်တာ ကို ပိုပြီး ထိန်းရတာ လွယ်ပါတယ်။

လေ့လာချက်တစ်ခုမှာ အမျိုးသားတွေကို ၁၂ပတ်ကြာအောင် တင်ပဆုံလေ့ကျင့်ခန်း လုပ်ခိုင်းပြီးတဲ့နောက်မှာ အမျိုးသားတွေက သူတို့ရဲ့ သုက်လွှတ်တဲ့ အာရုံကြောကို ပိုထိန်းနိုင်ပြီး ပြီးမြောက်ဖို့ အချိန်ပိုကြာတာ တွေ့ရပါတယ်။

Kegel exercises ကို လုပ်မယ်ဆိုရင် အရင်ဆုံး ကြွက်သားတွေကို သိဖို့ လိုပါတယ်။ ကြွက်သားတွေကို သိဖို့ဆိုရင် ဆီးသွားရင်း အားနဲ့ အောက်ပိုင်းကြွက်သားတွေကို ညှစ်ကြည့်လိုက်ပါ။ ဆီးရပ်သွားရင် ကိုယ်လေ့ကျင့်ချင်တဲ့ ကြွက်သားတွေကို ညှစ်မိနေလို့ပါ။ (ဒါပေမယ့် ဒီလေ့ကျင့်ခန်းကို ဆီးသွားရင်းနဲ့ မလုပ်ရပါဘူး)

ကြွက်သားတွေကို သိသွားပြီဆိုရင် ကြမ်းပြင်မှာလှဲပြီး ခုနက ကြွက်သားတွေကို အားနဲ့ ညှစ်ကြည့်ပါ။ ၅စက္ကန့်လောက်ကြာအောင် ညှစ်ပြီး ပြန်လျှော့ပါ။ ညှစ်လိုက် လျှော့လိုက်နဲ့ ၁၀ကြိမ် ၂ကျော့လုပ်ပါ။

ဆေးမလိုဘဲ သုက်လွှတ်မြန်တာ ကို ဒီလိုဖြေရှင်းနိုင်ပါတယ်။

အားဆေးများ

  • ဇင့်

ဇင့်ဓာတ်က သုက်လွှတ်မြန်တာကို တိုက်ရိုက်သက်သာစေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဇင့်ပါတဲ့ အားဆေးတွေက လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေပြီး သွေးထဲက တက်စတိုစတီရုန်း ပမာဏကို တက်စေပါတယ်။ လိင်စိတ်ကို တက်စေပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တက်စေပါတယ်။ ဒါက သွယ်ဝိုက်နဲ့ နည်းလမ်းနဲ့ သုက်လွှတ်မြန်တာကို သက်သာစေမှာပါ။

  • မဂ္ဂနီဆီယမ်

မဂ္ဂနီဆီယမ်က သုက်ကောင်တွေ ထုတ်လုပ်မှုကို ကောင်းစေပါတယ်။ လေ့လာချက်တစ်ခုမှာ မဂ္ဂနီဆီယမ်နည်းတာက သုက်လွှတ်စောတာနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ အကြောင်းက မဂ္ဂနီဆီယမ်က ပြီးမြောက်ဖို့ လိုအပ်တဲ့ ကြွက်သားတွေ ကျုံ့ဆန့်တာကို ထိန်းချုပ်ပေးလို့ပဲ ဖြစ်ပါတယ်။

  • တခြား

တခြားလိုအပ်တဲ့ ဓာတ်တွေကတော့ ကယ်ဆီယမ်၊ ကော့ပါး၊ မဂ္ဂနိစ်နဲ့ ဆီလီနီယမ်တို့ပဲ ဖြစ်ပါတယ်။

ဒီအားဆေးတွေက သုက်လွှတ်မြန်တာ ကို ကုသပေးတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တချို့အမျိုးသားတွေမှာ သက်သာလာတာကိုတော့ တွေ့ရပါတယ်။

  • ဆေးဝါးများ

ဆေးဝါးတွေမှာ သောက်ဆေးနဲ့ လိမ်းဆေးဆိုပြီး ရှိပါတယ်။

လိမ်းဆေးအနေနဲ့ကတော့ lidocaine, prilocaine, benzocaine စတာတွေကို သုံးနိုင်ပါတယ်။ အတူနေခင် နာရီဝက်အလိုမှာ လိင်တံထိပ်မှာ လိမ်းထားနိုင်ပါတယ်။ အတူနေဖို့ ၅မိနစ်အလိုလောက်ဆိုရင် ရေဆေးချပြီး နေနိုင်ပါတယ်။ သူက ထုံဆေးတွေ  ဖြစ်တာကြောင့် လိင်တံကို ခံစားမှု လျော့နည်းစေပါတယ်။ ဒါက ယာယီပဲ ဖြစ်ပါတယ်။

သောက်ဆေးတွေကတော့ စိတ်ကျရောဂါတွေမှာ ကုသတဲ့ ဆေးတွေပဲ ဖြစ်ပြီး ဆရာဝန်ညွှန်ကြားနဲ့မှ မှီဝဲသင့်ပါတယ်။

သုက်လွှတ်မြန်တာကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့

သုက်လွှတ်မြန်တာကို ကိုယ်တိုင်ဖြေရှင်း ကြည့်ချင်တယ်ဆိုရင်
  • သုက်ထိန်းနိုင်တဲ့ နည်းလမ်းတွေ
  • လေ့ကျင့်ခန်းတွေ
  • အားဆေးတွေ
  • လိမ်းဆေးတွေ အသုံးပြုနိုင်ပါတယ်။
ဒါတွေနဲ့ မသက်သာဘူးဆိုရင်တော့ ဆရာဝန်ပြကြည့်ပါ။ ရောဂါအခံတစ်ခုခုကြောင့် သုက်လွှတ်မြန်နေတာ ဖြစ်နိုင်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.verywellhealth.com/premature-ejaculation-2328534

https://www.medicalnewstoday.com/articles/327388

https://www.nhs.uk/common-health-questions/sexual-health/can-premature-ejaculation-be-controlled/

ယခုပုံစံ

08/04/2024

Written by Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသားများ နောက်တစ်ကြိမ် သုက်လွှတ်ဖို့ ဘယ်လောက်ကြာတတ်လဲ

အမျိုးသားတွေ အချိန်မတန်ခင်သုက်လွှတ်ခြင်း ကို ဘာကြောင့်ခံစားရတာလဲ


Written by

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


08/04/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement