backup og meta

အပျိုစစ်ရဲ့သားနဲ့ အပျိုမြှေးပေါက်ရတဲ့ အကြောင်းရင်း

အပျိုစစ်မစစ်ကို လိင်ဆက်ဆံတာနဲ့ တိုင်းတာတယ်ဆိုရင် လိင်မဆက်ဆံဘဲနဲ့ အပျိုမြှေးပေါက်နိုင်တယ်ဆိုတာကို သိထားပြီးပြီလား။ တစ်နည်းအားဖြင့် အပျိုစစ်ရဲ့သားနဲ့ အပျိုမြှေးပေါက်ရတဲ့ အကြောင်းရင်းတွေပေါ့။ ဒါတွေကို သိမထားဘူးဆိုရင် ကိုယ်နဲ့ ကိုယ့်အဖာ်ရဲ့ ဆက်ဆံရေးကြားမှာ အဖုအထစ်လေးတွေ ဖြစ်တတ်တာကြောင့် ဒီအချက်လေးတွေကို သိထားဖို့ လိုပါတယ်။

အပျိုမြှေးဆိုတာ

အပျိုမြှေးဆိုတာ မွေးလမ်းကြောင်းဝက တစ်ရှူးစလေး တစ်ခုပါ။ ပုံသဏ္ဍာန်အမျိုးမျိုး ရှိသလို အပျိုမြှေး လုံးဝပိတ်နေသူတွေ၊ မွေးကတည်းက ပါမလာသူတွေလည်း အများသားပါ။

ဘာကြောင့် အပျိုမြှေးလို့‌ခေါ်လဲဆိုတာ မသိပေမဲ့ သူ့နာမည်လိုတော့ အပျိုဟုတ်မဟုတ်ကို မခွဲခြားနိုင်ပါဘူး။ ဒီတိုင်း ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပါတယ်။

အပျိုမြှေးနဲ့ အပျိုစစ်ခြင်း မစစ်ခြင်း

သူ့နာမည်ကို အပျိုမြှေးလို့ ပေးလိုက်တဲ့အခါကျတော့ သူ့ကို ကြည့်ပြီး အပျိုစစ်မစစ် ခွဲလို့ရတယ်လို့ ထင်ကုန်ကြရော။ တကယ်က အပျိုမြှေးဆိုတာ နာမည်အရသာ အပျို ပါပေမဲ့ တကယ် အပျိုဟုတ်မဟုတ်ကို သူ့ကို ကြည့်ပြီး ခွဲလို့မရပါဘူး။

ပြောရမယ်ဆိုရင် လိင်တံအပြင် တခြား အပြင်ကဝင်တာ၊ အထဲက ထွက်တာတွေ အကုန်လုံးက အပျိုမြှေးကို ပေါက်စေနိုင်ပါတယ်။ ဒါကြောင့် အပျိုမြှေး‌ပေါက်ပြီဆိုတာနဲ့ လိင်ဆက်ဆံပြီးသားလို့ တန်းပြောလို့ မရပါဘူး။

အပျိုစစ်ရဲ့သားနဲ့ အပျိုမြှေးပေါက်ရတဲ့ အကြောင်းရင်း

ကျွန်တော့် အမျိုးသမီးက တစ်ခါမှ လိင်မဆက်ဆံဘူးလို့ ပြောတယ်။ ဒါပေမဲ့ သူ့အပျိုမြှေးက ပေါက်နေတယ်။ အဲ့တာ ဟုတ်ပါ့မလားလို့ မေးခဲ့ရင် ဖြစ်နိုင်ခြေ ရှိတယ်လို့ ပြောရမှာပါ။

လိင်တံတစ်ခုတည်းက အပျိုမြှေးကို ပေါက်စေနိုင်တာ မဟုတ်ဘဲ ခုပြောမဲ့ အချက်တွေကြောင့်လည်း အပျိုမြှေးပေါက်နိုင်ပါသေးတယ်။

  • စက်ဘီးစီးတာ

စက်ဘီးစီးတဲ့အခါမှာလည်း ထိုင်ခုံနဲ့ မိန်းမကိုယ်နဲ့ ဆောင့်မိပြီး အပျိုမြှေး ပြဲတတ်ပါတယ်။

  • အားကစားလုပ်တာ

ဘဲလေးကတာလိုမျိုးကစလို့ တွန်းတွန်းတိုက်တိုက် အားကစားလုပ်တဲ့သူတွေမှာလည်း မတော်တဆ ထိခိုက်မိပြီး အပျိုမြှေး ပေါက်သွားတာမျိုး ဖြစ်တတ်ပါတယ်။

  • မြင်းစီးတာ

ဒီမှာတော့ မြင်းစီးတဲ့သူ သိပ်မရှိပေမဲ့ ဒါကလည်း စက်ဘီးစီးတာလိုပဲ ‌ဆောင့်မိပြီး အပျိုမြှေး ပြဲတတ်ပါတယ်။

  • စွန့်စွန့်စားစား အားကစားနည်းတွေ

သစ်ပင်တက်တာ၊ အမြင့်ကို တွယ်တက်တာ၊ ခုဆို ခေတ်စားနေတဲ့ ကျောက်တောင်နံရံ တွယ်တတ်တဲ့ ကစားနည်းတွေမှာလည်း ခြေထောက်ကြွက်သားတွေ ဆန့်ကားရတာကြောင့် အပျိုမြှေး ပြဲသွားတတ်ပါတယ်။

  • လေ့ကျင့်ခန်း အပြင်းအထန် လုပ်တာ

အလေးမတာ၊ ခုန်တာ၊ ခြေထောက်တွေကို ဆန့်ကားပြီး အကြောလျှော့တာ စတဲ့ လေ့ကျင့်ခန်းတွေကြောင့်လည်း အပျိုမြှေး ထိသွားတတ်ပါတယ်။

  • တစ်ကိုယ်ရည် အာသာဖြေတာ

အမျိုးသမီးတွေလည်း အမျိုးသားတွေလိုပဲ တစ်ကိုယ်ရည် အာသာဖြေတတ်ပါတယ်။ အာသာဖြေတဲ့အခါ လက်ချောင်းတွေကို အသုံးပြုတာ ရှိသလို sex toysတွေကို သုံးတာလည်း ရှိပါတယ်။ ဒီကနေမှ အပျိုမြှေး ပေါက်သွားတတ်ပါတယ်။

  • Tamponသုံးတာ

Tamponဆိုတာ ရာသီလာတဲ့အချိန်မှာ မိန်းမကိုယ်ထဲ ထည့်ရတဲ့ ဂွမ်းတောင့်လေးပါ။ Padတွေထက်စာရင် ပေါင်ပွန်းတာ၊ ပူအိုက်တာတွေ သက်သာလို့ အသုံးများကြပါတယ်။ Tamponက မိန်းမကိုယ်ထဲ ထည့်ရတာ ဖြစ်တဲ့အတွက် လူတိုင်းမဟုတ်တောင် တချို့ အမျိုးသမီးတွေမှာ အပျိုမြှေးပြဲတာမျိုး ဖြစ်သွားနိုင်ပါတယ်။

  • မိန်းမကိုယ် စမ်းသပ်စစ်ဆေးတာ

အမျိုးသမီး ကျန်းမာရေး ပြဿနာတွေကြောင့် မိန်းမကိုယ်ကို စမ်းသပ်စစ်ဆေးတဲ့အခါ ကိရိယာလေးတွေ ထည့်သွင်းဖို့ လိုနိုင်ပါတယ်။ ဒီကိရိယာတွေ ထည့်တာကြောင့်လည်း မိန်းမကိုယ် ပြဲနိုင်ပါတယ်။

မိန်းမကိုယ်ကို အပြင်ပိုင်းပဲ သန့်ရှင်းရေး လုပ်တယ်ဆိုရင်တောင် မတော်တဆ ထိခိုက်မိတာမျိုးဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ရာသီလာချိန်မှာ သန့်ရှင်းရေး လုပ်တဲ့အခါ ရာသီသွေးတွေနဲ့ ချောနေတာကြောင့် မတော်တဆ ထိုးမိတာမျိုး ဖြစ်နိုင်ပါတယ်။

အပျိုမြှေးပေါက်သွားတာကို မသိတာ ဖြစ်နိုင်လား။

အပျိုမြှေးပေါက်တဲ့အခါ သွေးထွက်တာ၊ နာတာတွေ ဖြစ်တယ်လို့ ဆိုပေမဲ့ အမျိုးသမီးတိုင်းက ဒီလို မခံစားရပါဘူး။ တချို့ဆို သိတောင် မသိလိုက်ပါဘူး။ ဒါကြောင့် အပျိုမြှေး ဘယ်လိုပေါက်သွားလဲ သူတို့ကိုယ်သူတို့တောင် မသိလိုက်ဘူးဆိုတာ ဖြစ်နိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ခန္ဓာကိုယ်က တူမှ မတူပါပဲလေ။

ကျွန်တော့် အမျိုးသမီး လိမ်နေတာရော မဖြစ်နိုင်ဘူးလား

တချို့ အမျိုးသားတွေကလည်း ပြောကြတယ်။ လိင်ဆက်ဆံပြီး ပေါက်သွားတာကို အပေါ်က အချက်တွေနဲ့ လိမ်နေတာရော မဖြစ်နိုင်ဘူးလားဆိုပြီး။ ဒါကတော့ နှစ်ဦးနှစ်ဖက် ဆွေးနွေးရမဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

လိုရင်းက အပျိူမြှေးက လိင်မဆက်ဆံဖူးတဲ့သူတွေမှာလည်း ပေါက်နိုင်တယ်ဆိုတာရယ်၊ အပျိုမြှေးကို ကြည့်ပြီး အပျိုစစ်မစစ် ခွဲလို့မရဘူးဆိုတာရယ်ပါ။ မဟုတ်ရင် အပျိုမြှေးနဲ့ အပျိုစစ်မစစ် ခွဲပြီး အိမ်ထောင်ရေးပြဿနာ တက်ကြတဲ့ အတွဲတွေ များလာလို့ပါ။

အကျဉ်းချုပ်

အပျိုမြှေးဆိုတာ လိင်ဆက်ဆံမှ ပေါက်တာ မဟုတ်ပါဘူး။ အမျိုးသမီးတွေ နေ့စဉ်သွားလာလှုပ်ရှားရင်းနဲ့လည်း ပေါက်နိုင်ပါတယ်။ အပျိုစစ်မစစ်ကို အပျိုမြှေးနဲ့ ခွဲလို့ မရပါဘူး။ အပျိုမြှေးကြောင့် သမီးရည်းစား ဆက်ဆံရေးတွေ မထိခိုက်ဖို့ ရည်ရွယ်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hymen https://my.clevelandclinic.org/health/body/22718-hymen Accessed date Jul 6, 2023

Virginity https://www.plannedparenthood.org/learn/teens/sex/virginity Accessed date Jul 6, 2023

Hymen variants https://www.nationwidechildrens.org/conditions/hymen-variants Accessed date Jul 6, 2023

Hymen  https://www.sciencedirect.com/topics/medicine-and-dentistry/hymen Accessed date Jul 6, 2023

Can I Use a Tampon If I’m a Virgin? https://kidshealth.org/en/teens/use-tampon.html Accessed date Jul 6, 2023

ယခုပုံစံ

28/03/2024

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိန်းမကိုယ် နဲ့ ပတ်သက်တဲ့ ယုံတမ်းစကား (၆)ချက်

လိင်ဆက်ဆံပါ များရင် မိန်းမကိုယ် ကျယ်လာနိုင်သလား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/03/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။