backup og meta

ရာသီလာနေစဉ် လိင်ဆက်ဆံ မယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Phio Thiha မှ ရေးသားသည်။ · 19/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီလာနေစဉ် လိင်ဆက်ဆံ မယ်ဆိုရင်

    ရာသီလာနေစဉ် လိင်ဆက်ဆံ မယ်ဆိုရင် တချို့အချက်တွေတော့ သိထားဖို့လိုပါမယ်နော်။

    ရာသီလာတယ်ဆိုတာ သားအိမ်နံရံက အလွှာလေးတွေ ကွာကျလာပြီး မိန်းမကိုယ်ကတစ်ဆင့် အပြင်ကို ဆင်းလာတာကို ခေါ်တာပါ။ တချို့အတွဲတွေကတော့ တခြားရက်တွေထက် ရာသီလာနေတဲ့ရက်တွေမှာ လိင်ဆက်ဆံရတာကို ပိုပြီးနှစ်သက်တတ်ကြပါတယ်။ အဲဒီလို ရာသီလာနေချိန်အတွင်း အတူနေဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့ အကျိုးအပြစ် ဘာတွေရှိသလဲဆိုတာ ကြိုသိထားဖို့ လိုပါတယ်။

    တချို့လူတွေ ထင်တတ်ကြသလို၊ ရာသီလာနေစဉ် အတူနေတာဟာ ကျန်းမာရေးကို ကြီးကြီးမားမား မထိခိုက်စေပါဘူး။ အန္တရာယ်တခုခု ဖြစ်စေနိုင်တာမျိုးလည်း မရှိဘူး။ ဒါပေမယ့်လည်း ဒီလိုအချိန်မှာ အတူနေတာက နည်းနည်းတော့ အလုပ်ရှုပ်ပါတယ်။ အထူးသဖြင့်တော့ ရာသီစပေါ်တဲ့ ပထမဆုံးရက်တွေမှာပေါ့။

    ရာသီလာနေစဉ် လိင်ဆက်ဆံ မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ

    (၁) ရောဂါပိုးကူးစက်ခံရနိုင်ခြင်း

    ရာသီသွေးကတစ်ဆင့် HIV ပိုးလို လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးတွေ ရသွားနိုင်ပါတယ်။ ဒါကြောင့်မို့ HIV နဲ့ တခြား လိင်က ကူးစက်နိုင်တဲ့ရောဂါတွေလုံးဝမရှိတာ သေချာစေဖို့လိုပါတယ်။

    (၂) မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားနိုင်ခြင်း

    ၂၈ ရက်တစ်ခါ ရာသီပေါ်တဲ့ အမျိုးသမီးတွေမှာ ရာသီစပေါ်တဲ့ရက်ကနေ (၇)ရက်အတွင်း အတူနေမယ်ဆိုရင် ကိုယ်ဝန်မရနိုင်ပါဘူး။ တကယ်လို့ ကိုယ့်ရဲ့ ရာသီစက်ဝန်းက ၂၁ ရက်နဲ့ ၂၄ကြားပဲ ကြာမြင့်တယ်ဆိုရင်တော့ (၇)ရက်အထိ စိတ်ချလို့မရနိုင်ပါဘူး။ ရာသီပေါပြီး ရက်တွေမှာတင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဒါကြောင့် အဲဒီလို ၂၁ ရက်နဲ့ ၂၄ရက်ကြား ရာသီစက်ဝန်းရှိတဲ့ အမျိုးသမီးတွေအနေနဲ့ ရာသီပြီးခါနီး ရက်တွေမှာ အတူနေမိလိုက်တယ်ဆိုရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဘာလို့ဆိုတော့ ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ သုက်ပိုးတွေက အထဲမှာ (၅)ရက်အထိ အသက်ရှင်နေနိုင်သေးတာကြောင့် ဖြစ်ပါတယ်။

    ရာသီလာနေစဉ် လိင်ဆက်ဆံ မယ်ဆိုရင် ပိုအဆင်ပြေစေဖို့

    (၁) သဘက်များ ဆောင်ထားပါ

    ကိုယ့်ရဲ့ ရာသီသွေးတွေ အိပ်ရာခင်းတို့၊ မွေ့ရာတို့မှာ ပေမသွားဖို့အတွက် သဘက်ကို ကိုယ့်အောက်မှာ ခုထားတာ၊ တစ်ရှူးတို့၊ အဝတ်စတို့ကို ကိုယ့်အနားမှာ လွယ်လွယ်ကူကူ ယူလို့ရအောင် ထားထားတာမျိုးတွေ ပြင်ဆင်ထားသင့်ပါတယ်။

    (၂) ကိုယ်နေဟန်ထားကို ဂရုစိုက်ပါ

    အတူနေတဲ့အချိန်မှာ ကိုယ်ခန္ဓာကို လဲလျောင်းပြီး ဆက်ဆံတာက သွေးဆင်းမှုကို နည်းစေပါတယ်။ အဲဒီအပြင် ဆက်ဆံတဲ့အခါမှာ သားအိမ်ခေါင်းနေရာထိ ထိုးသွင်းမှုတွေကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ ဘာလို့ဆိုရင် ရာသီလာနေချိန်မှာ သားအိမ်ခေါင်းဟာ ပုံမှန်ထက် ပိုပြီး အောက်ကိုရောက်နေတတ်သလို၊ ပိုပြီးလည်း ထိလွယ်ခိုက်လွယ် အနေအထားမှာ ရှိနေလို့ပါပဲ။

    (၃) ရေချိုးရင်းနဲ့ ဆက်ဆံပါ

    ရေပန်းအောက်မှာ ဆက်ဆံလို့ ရပါတယ်။ ဒါပေမယ့် ရာသီသွေးဆင်းတာကို အနည်းအကျဉ်းတော့ သတိထားမိနေနိုင်ပါသေးတယ်။

    (၄) အတူနေပြီးသွားတဲ့အခါ ရေချိုးသန့်စင်ပါ

    အတူနေပြီးပြီဆိုရင် အဖော်ဖြစ်သူရဲ့ သုက်ရည်တွေ ခန္ဓာကိုယ်ပေါ် ပေကုန်တာတွေ ရှိနိုင်တယ်။ နောက်ချွေးတွေလည်း ထွက်နေနိုင်တာမို့ ရေချိုးသန့်စင်လိုက်တာ ပိုကောင်းပါတယ်။

    (၅) သားဆက်ခြားနည်း အသုံးပြုပါ

    အမျိုးသားသုံး ကွန်ဒုံး၊ အမျိုးသမီးသုံးကွန်ဒုံးတွေ အသုံးပြုပြီး ကိုယ်ဝန်မရဖို့နဲ့ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ မရဖို့ ကာကွယ်နိုင်ပါတယ်။ ကွန်ဒုံးဟာ ကိုယ်ဝန်ရော၊ ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ အ‌ဖော်ကို စိတ်ချလို့ ကွန်ဒုံးမသုံးဘူးဆိုရင်တောင် ရာသီစက်ဝန်းတိုတဲ့ အမျိုးသမီးတွေက သားဆက်ခြားနည်းတစ်ခုခုသုံးဖို့ လိုပါတယ်။ 

    (၆) ကိုယ့်အဖော်နဲ့ သေချာဆွေးနွေးပါ

    ရာသီလာနေစဉ်မှာ အတူမနေတာကတော့ အကောင်းဆုံးပါပဲ။ ဒါကြောင့်မို့ ရာသီပြီးသွားတဲ့အထိ၊ အတူနေဖို့ သင့်တော်တဲ့အချိန်ရောက်တဲ့အထိ စောင့်ဆိုင်းဖို့ ကိုယ့်အဖော်ဖြစ်သူကို ဖြစ်နိုင်ရင် စည်းရုံးပြောဆိုကြည့်ပါ။

    ရာသီလာနေစဉ် အတူနေတာဟာ ကိုယ့်ကို သက်သောင့်သက်သာ ဖြစ်စေနိုင်တယ်၊ လိင်မှုဆိုင်ရာအရ ပိုပြီး ဆန္ဒပြည့်ဝတယ် ဆိုတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ရော ကိုယ့်အဖော်ရော နှစ်ဦးစလုံး အဲဒီအခြေအနေနဲ့ အဆင်ပြေလားဆိုတာကိုတော့ သေချာအောင် လုပ်စေချင်ပါတယ်။

    ပိုပြီးအရေးကြီးတာကတော့ ကိုယ်ဝန်နဲ့ တခြားလိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရမသွားအောင် ဂရုစိုက်ဖို့ပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Phio Thiha မှ ရေးသားသည်။ · 19/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement