Date rape drug နဲ့ ဆေးခတ်ခံရတဲ့အခါ

Date rape drug နဲ့ ဆေးခတ်ခံရတဲ့အခါ

ပါတီပွဲတွေ၊ ကလပ်တွေမှာ ဆေးခတ်ခံရပြီး လိင်ပိုင်းဆိုင်ရာစော်ကားခံရတယ်ဆိုတာကို မကြာခဏ ကြားဖူးမှာပါ။ ဒါတွေရဲ့ အဓိကလက်သည်က Date rape drug လို့ခေါ်တဲ့ ဆေးဝါးတွေကြောင့်ပါ။ Date rape လို့ပြောပေမယ့် ဒိတ်လုပ်တာ မဟုတ်ဘဲ ခုမှဆုံဖူးတဲ့သူက ကိုယ့်ကို မကောင်းကြံတာ၊ ကိုယ်ရဲ့ ရင်းနှီးနေတဲ့သူကပဲ ကိုယ့်ကို မကောင်းကြံတာမျိုးလည်း ဖြစ်တတ်ပါတယ်။

Date rape drug တွေဆိုတာ

Date rape drug တွေမှာ အဓိကအားဖြင့် GHBရယ်၊ ကေလို့ ခေါ်ကြတဲ့ Ketamineရယ်၊ Rohypnolလို့ခေါ်တဲ့ flunitrazepam တို့ ပါဝင်ပါတယ်။ ဒါတွေကို အရက်ထဲမှာ ခတ်လေ့ရှိပါတယ်။ ဒီဆေးတွေက အရက်နဲ့ တွေ့တဲ့အခါ အာနိသင်ပိုကောင်းလာပါတယ်။ ဒီလိုမဟုတ်ဘဲ အရက်ကြီးသက်သက်ကို အလွန်အကျွံသောက်ရင်လည်း မူးဝေပြီး ဘာမှပြန်မခုခံနိုင်တာ၊ ဘာမှမမှတ်မိတော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဆေးတစ်ခုချင်းစီရဲ့ အာနိသင်ကို အကြမ်းဖျင်းပြောရရင်

  • GHB

Gamma-hydroxybutyrate ဖြစ်ပြီး လူကို ငြိမ်ကျသွားစေတဲ့ အာနိသင်ရှိပါတယ်။ လူက ရီဝေဝေဖြစ်ပြီး ဘာမှမမှတ်မိတဲ့အတွက် ဒီဆေးကို သုံးပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ လုပ်ကြတာပါ။

  • Ketamine

ကေက စိတ်ထဲမှာ လွတ်နေပြီး ဟာလာဟင်းလင်း ဖြစ်နေတဲ့ ဖီလင်ကို ရစေပါတယ်။ တချို့ကလည်း ရုပ်နဲ့ နာမ်နဲ့ ခွာသွားသလိုပဲလို့ ပြောကြပါတယ်။

ဒါကြောင့် အသိစိတ်လွတ်သွားတာ၊ အာရုံမစူးစိုက်နိုင်တာတွေ ဖြစ်တတ်ပါတယ်။ အိပ်မက်လိုလိုတွေ ဖြစ်ပြီး မြင်ချင်ရာမြင်နေတတ်ပါတယ်။ ဖြစ်ခဲ့သမျှတွေကို မမှတ်မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

  • Rohypnol

ဒိုင်ရာဇီပန် အုပ်စုဝင် ဆေးဖြစ်ပြီး ရီဝေဝေနဲ့ မူးနောက်နေတတ်ပါတယ်။ တချို့တွေမှာ ဖြစ်ခဲ့တာတွေကိုပါ မမှတ်မိတော့ပါဘူး။ ဒါ့ပြင် ကြွက်သားတွေကို အားနည်းပြီး ပြေလျော့စေတာကြောင့် ပြန်ပြီး ခုခံဖို့ မလွယ်ပါဘူး။

Date rape drug တွေရဲ့ အာနိသင်က

ဒီဆေးတွေကို သုံးရခြင်းရဲ့ ရည်ရွယ်ချက်က တစ်ဖက်လူကို ကိုယ်စိတ်ကြိုက်ပြုလုပ်နိုင်ဖို့နဲ့ ကိုယ်လုပ်သမျှကို သူမမှတ်မိစေဖို့ပါ။ ဒီဆေးတွေက ဒီရည်ရွယ်ချက်တွေနဲ့ ကိုက်ညီနေပါတယ်။ သူတို့အားလုံးမှာ တူညီနေတဲ့ အချက်တွေကတော့ မူးဝေစေတာ၊ လူကို ငြိမ်ကျသွားစေတာပဲ ဖြစ်ပါတယ်။

ဒီတော့ တစ်ခုခုဆို တုံ့ပြန်ဖို့ နှေးသလို ခုခံဖို့အားလည်း မရှိပါဘူး။ ဘာတွေဖြစ်နေတယ်ဆိုတာကိုလည်း ဆင်ခြင်နိုင်စွမ်း မရှိပါဘူး။ ဖြစ်ခဲ့သမျှကိုလည်း မှတ်မိဖို့ ခဲယဉ်းပါတယ်။ တချို့ဆို ကြွက်သားတွေပါ ဆိုင်းပြီး လှုပ်မရတာမျိုးတွေ ရှိတဲ့အတွက် ကိုယ့်ကို မဟုတ်တာလုပ်နေတာ သိနေရင်တောင် ထွက်ပြေးဖို့၊ အော်ဟစ်ဖို့ ခက်ပါတယ်။

ဆေးခတ်ခံရမှန်း ဘယ်လိုသိနိုင်မလဲ။

Date rape drug တွေအများစုက အရောင်၊ အနံ့၊ အရသာ မရှိတဲ့အတွက် ခတ်ထားရင်တောင် သိဖို့ခက်ပါတယ်။ ပြီးတော့ သူတို့တွေက အရည်တွေ၊ အမှုန့်ပုံစံတွေနဲ့ လာတာဆိုတော့ အရက်၊ ဖျော်ရည် စတာတွေထဲကို အလွယ်တကူ ရောနှောနိုင်ပါတယ်။ GHB ကတော့ နည်းနည်းငန်တယ်လို့ ပြောပါတယ်။

ဒီတော့ ခြုံပြောရရင် ကိုယ့်သောက်စရာထဲမှာ ပါမပါကို အမြင်နဲ့ ဆုံးဖြတ်ဖို့ ခက်ပါတယ်။

ဆေးခတ်ခံရတဲ့ လက္ခဏာတွေက

ဆေးခတ်ခံရတဲ့ လက္ခဏာတွေက အပေါ်မှာပြောခဲ့သလို မူးယစ်ရီဝေပြီး ဘာကိုမှ မမှတ်မိတာမျိုးပါ။ ဒါထက်ပိုဆိုးပြီး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာနဲ့ပါ တွဲနေရင်တော့ တခြားလက္ခဏာတွေပါ တွဲပြီး ခံစားရမှာပါ။

တကယ်လို့ ကိုယ်ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ သူများမှာပဲဖြစ်ဖြစ် ဒီလိုလက္ခဏာတွေ ခံစားနေရရင် ချက်ချင်းအကူအညီတောင်းပါ။

  • အရက်မသောက်ထားပေးမဲ့ သောက်ထားသလို မူးနေတာ
  • အာရုံစိုက်မရဘဲ မူးဝေနေတာ
  • သတိလစ်ချင်သလို ခံစားရတာ
  • လက်ရှိနေရာကို ဘယ်သူနဲ့ ဘယ်လိုရောက်လာမှန်း မမှတ်မိတာ
  • တစ်ခုခုကို သောက်မိလိုက်ပြီး အဲ့နောက်ပိုင်း ဘာမှမမှတ်မိတော့တာ
  • ရီဝေဝေနဲ့ နိုးလာပြီး မနေ့ကကိစ္စတွေကို ဘာမှမမှတ်မိတော့တာ၊ါ အရက်နာကျသလို ခံစားရတာ
  • လိင်ပိုင်းဆိုင်ရာ အနိုင်ကျင်ခံထားရရင်တော့ လိင်အင်္ဂါ၊ ဆီးလမ်းကြောင်းနဲ့ စအိုမှာနာကျင်နေတာ၊ အဝတ်အစားတွေ စုတ်ပြဲနေတာ စတာတွေပါ ရှိနေနိုင်ပါတယ်။

Date rape drugတွေရန်က ကာကွယ်ဖို့

  • သူများတိုက်တာ မသောက်ပါနဲ့။
  • ဖွင့်ပြီးသားဆိုရင် ပိုလို့တောင် မသောက်သင့်ပါ။
  • တစ်ယောက်ယောက်ကို ကိုယ်သောက်ဖို့ အဖုံးဖွင့်ခိုင်းတဲ့အခါ သတိထားပါ။
  • ကိုယ့်ခွက်ထဲကို တစ်ခုခု လာထည့်တဲ့အခါ၊ ဘားမှာစပ်ပေးတဲ့အခါ သတိထားပါ။
  • ထူးဆန်းတဲ့ အနံ့အရသာ ရှိတာတွေကို မသောက်ပါနဲ့။
  • ကိုယ့်မျက်ကွယ်မှာ ခွက်ကို ထားခဲ့ပြီး ပြန်လာတဲ့အခါ အဲ့ခွက်ကို ဆက်မသောက်ပါနဲ့။
  • စိတ်ထဲ ထင့်နေရင်လည်း မသောက်ပါနဲ့။

Takeaways

ပါတီတွေ၊ ကလပ်တွေသွားတဲ့အခါ ပျော်လည်းပျော်၊ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ပါ။ ယောကျာ်းလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ဆေးခတ်ခံရနိုင်ခြေရှိတဲ့အတွက် တစ်ခုခုသောက်မယ်ဆို သတိထားပါ။ ဆေးခတ်ခံရတယ်လို့ သံသယဖြစ်တဲ့အခါ ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းဖို့လည်း ဝန်မလေးပါနဲ့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 02/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement
advertisement
advertisement
advertisement