backup og meta

သုက်ပိုးနဲ့ပတ်သက်တဲ့ အလွဲတွေနဲ့ မျိုးဆက်ပွားကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သုက်ပိုးနဲ့ပတ်သက်တဲ့ အလွဲတွေနဲ့ မျိုးဆက်ပွားကျန်းမာရေး

    မျိုးပွားကျန်းမာရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံက လူတွေဆီမှာ ဗဟုသုတ တော်တော်နည်းလွန်းပါတယ်။ သူများနိုင်ငံတွေမှာလို ဆယ်ကျော်သက်အရွယ်မှာ လိင်ကျန်းမာရေးနဲ့ မျိုးပွားကျန်းမာရေးအကြောင်း ကျောင်းတွေ၊ မိဘဆွေမျိုးတွေက မသင်ပေးကြတာကြောင့်လည်း ပါတာပေါ့။ ဘာကြောင့်ပဲ ဖြစ်ဖြစ်ပါ၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လူတွေသိထားကြတဲ့ အလွဲတွေကို ဖြေရှင်းပေးဖို့ ဒီနေ့မှာ သုက်ပိုးတွေရဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ကဲ …. သုက်ပိုးနဲ့ပတ်သက်တဲ့ အလွဲတွေနဲ့ မျိုးဆက်ပွားကျန်းမာရေး အကြောင်းလေး ပြောပြပေးချင်ပါတယ်။

    သုက်ပိုးနဲ့ပတ်သက်တဲ့ အလွဲတွေနဲ့ မျိုးဆက်ပွားကျန်းမာရေး

    သုက်ပိုးနဲ့ပတ်သက်တဲ့ အလွဲတွေနဲ့ မျိုးဆက်ပွားကျန်းမာရေး တွေကတော့

    ၁။ သုက်ပိုးက မမျိုးဥဆီကို တည့်တည့်သွားတာမဟုတ်ပါဘူး။

    ကျန်းမာတဲ့ သုက်ပိုးဟာ မမျိုးဥဆီသို့ လျင်မြန်စွာကူးခတ်သွားနိုင်ပြီး မျိုးအောင်နိုင်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ထင်ထားသလိုမျိုး မိန်းမကိုယ်အတွင်း သုက်လွှတ်ပြီးတာနဲ့ သူ့လမ်းကြောင်းအတိုင်း မမျိုးဥဆီသို့ အတည့်သွားတာမဟုတ်ဘဲ များသောအားဖြင့် ကွေ့ကောက်ပြီးသွားတတ်ကြပါတယ်။ မကျန်းမာတဲ့ သုက်ပိုးတွေဆိုရင် သုက်ရည်အထဲဝင်သွားတဲ့တိုင်အောင် သုက်ပိုးတွေက ရွေ့လျားနိုင်ခြင်းမရှိဘဲ သူ့နေရာမှာပဲ ဒီအတိုင်းတည်ရှိနေတတ်ပါတယ်။ မအင်္ဂါလမ်းကြောင်းရဲ့ ချုံ့နိုင်၊ ချဲ့နိုင်အား၊ နံရံအနေအထားတွေမှာ မူတည်ပြီးတော့လည်း သုက်ပိုးကောင်တွေရဲ့ ရွေ့လျားတဲ့လမ်းကြောင်းက ပြောင်းလဲသွားနိုင်ပါတယ်။

    ၂။ သုက်ရည်ပျစ်လေလေ မျိုးအောင်စွမ်းမြင့်လေလေ ဆိုတာ မဟုတ်ပါဘူး။

    ယောက်ျားလေးတော်တော်များများ မှားသိထားကြတဲ့ အလွဲပါ။ ထွက်လာတဲ့သုက်ရည်က ပျစ်ရင် မျိုးအောင်နိုင်ခြေမြင့်တယ်၊ ကျဲတဲ့သုက်ရည်ဟာ မျိုးအောင်နိုင်စွမ်းကို လျှော့ချတယ်ဆိုပြီးတော့ပေါ့။ တကယ်တမ်း သုက်ရည် ပျစ်ခြင်း၊ ကျဲခြင်းနဲ့ မျိုးအောင်နိုင်စွမ်းသည် လားလားမျှ မသက်ဆိုင်ပါဘူး။

    ၃။ သုက်ပိုးဟာ ခန္ဓာကိုယ်ပြင်ပမှာ ခဏပဲအသက်ရှင်နေတာပါ။

    ဒါကတော့ ကိုယ်က သုက်ရည်ကို ဘယ်နေရာမှာစွန့်ထုတ်လိုက်လဲဆိုတာပေါ် မူတည်ပါတယ်။ များသောအားဖြင့် နာရီပိုင်းကနေ ရက်ပိုင်းအထိ ကြာမြင့်နိုင်ပါတယ်။ လေ့လာတွေ့ရှိချက်အရ မိန်းမကိုယ်အတွင်း စွန့်ထုတ်လိုက်တဲ့သုက်ရည်ထဲမှာ ပါနေတဲ့ သုက်ပိုးကောင်တွေဟာ ၅ ရက်အထိ အသက်ရှင်နိုင်ပါတယ်။ မိန်းမကိုယ်တွင်းမဟုတ်ဘဲ အပြင်မှာ စွန့်ထုတ်လိုက်တဲ့အခါ လေနဲ့ သုက်ရည်နဲ့ ထိတွေ့ပြီး ခြောက်သွေ့သွားပါတယ်။ သုက်ရည်ခြောက်သွားပြီဆိုတာနဲ့ သုက်ပိုးကောင်တွေဟာ မိနစ် ၃၀ လောက်သာ အသက်ရှင်နိုင်ပါတယ်။ အထူးသဖြင့် ရေပူစိမ်နေတဲ့ကန်ထဲမှာ သုက်လွှတ်မိတယ်ဆိုရင် မိန်းမကိုယ်အထိတောင် မရောက်ဘဲ အပြင်ဘက်ကို ထွက်လာတာနဲ့တင် ရေရဲ့အပူချိန်က သုက်ပိုးတွေက သတ်ပစ်လိုက်ပါတယ်။

    ၄။ သုက်ပိုးကောင်တွေမှာလည်း နောက်ဆုံးသက်တမ်းဆိုတာ ရှိပါတယ်။

    ယောက်ျားဆိုတာ ဘယ်အရွယ်ရောက်ရောက် သုက်ရည်ထုတ်လွှတ်နိုင်သေးတယ်ဆိုပေမယ့် သူ့ထဲမှာပါနေတဲ့ သုက်ပိုးမှာတော့ နေထိုင်နိုင်တဲ့ သက်တမ်းဆိုတာ ရှိပါတယ်။ ဒီသက်တမ်းက မျိုးရိုးဗီဇ၊ ယောက်ျားတစ်ယောက်ရဲ့ ကျန်းမာရေး၊ နေထိုင်မှုပုံစံ၊ အာဟာရစားသောက်မှုပုံစံ၊ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းရှိမရှိပေါ်မှာ သွားပြီး သက်ရောက်နေပါတယ်။ များသောအားဖြင့် အသက်ကြီးလာတာနဲ့အမျှ သုက်ပိုးရဲ့ ကူးခတ်နိုင်စွမ်းနဲ့ မျိုးအောင်နိုင်ခြေက ကျဆင်းလာတတ်ပါတယ်။

    ၅။ အတွင်းခံဘောင်းဘီက သုက်ပိုးကောင်ရေအပေါ် သက်ရောက်မှုရှိလား။

    ဒီအချက်က မှန်သင့်သလောက်တော့ မှန်ပါတယ်။ ကိုယ်က ဘယ်လိုအတွင်းခံမျိုးပဲဝတ်နေပါစေ၊ အရမ်းကျပ်ပြီးတော့ နေရထိုင်ရခက်မယ်၊ ဝှေးစေ့နဲ့ လိင်အင်္ဂါကို အပူနဲ့ လှောင်ထားသလိုဖြစ်နေတတ်တာကြောင့် အထဲမှာရှိနေတဲ့ သုက်ပိုးတွေဟာ အနည်းငယ်တော့ လျော့သွားတတ်ပါတယ်။ ဒါပေမယ့် အတွင်းခံကြောင့်ပဲတော့ သုက်ပိုးကောင်ရေ အရမ်းနည်းသွားတာမျိုး မဟုတ်ပါဘူး။

    ၆။ ကိုယ်ထဲမှာရှိတဲ့ သုက်ပိုးကောင်ရေတိုင်းက ကျန်းမာတယ်ဆိုတာ မဟုတ်ပါဘူး။

    မကြာခဏ လိင်ဆက်ဆံတာ၊ အာသာဖြေပြီးနောက် သုက်လွှတ်တဲ့အခါ သုက်ပိုးကောင်ရေပြန်ပြည့်ပြီး အချိန်ပေးရပါတယ်။ ဒီအချိန်အတွင်းမှာ ကိုယ်ကလည်း သုက်လွှတ်တာမရပ်ဘူးဆိုရင် ကိုယ်ထဲမှာရှိနေတဲ့ သုက်ပိုးကောင်တွေကို အလျင်အမြန်ထုတ်ပေးနေရပြီး ထွက်လာတဲ့သုက်ပိုးကောင်တွေကလည်း မျိုးအောင်နိုင်စွမ်း အလွန်နည်းပါတယ်။ ဒါကြောင့် ကိုယ်က ကလေးယူဖို့ စဉ်းစားထားတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဇနီးသည်နဲ့အတူနေမယ့်ရက်ကို တွက်ချက်ထားသင့်ပါတယ်။

    ၇။ သုက်ရည်ကြည်က ကိုယ်ဝန်မရစေနိုင်ဘူးဆိုတာ ဟုတ်သလား။

    အမျိုးသားတိုင်း ကျွန်တော်တို့ Hello ဆရာဝန်မှာ လာမေးတတ်ကြတဲ့ မေးခွန်းလေးပါ။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံလိုက်တယ်၊ ဒါပေမယ့် သုက်ရည်ကိုတော့ အပြင်မှာပဲစွန့်ထုတ်ခဲ့တယ်၊ ကိုယ်ဝန်မရနိုင်ဘူးမလားတဲ့။ ပြောရမယ်ဆိုရင် လိင်စိတ်ဆန္ဒမပြီးမြောက်ခင် (သုက်ရည်မထွက်လာခင်) သုက်ရည်ကြည် (Pre-cum) ဆိုပြီး အရည်ကြည်လေးတွေ ထွက်လာတာရှိပါတယ်။ ဒီသုက်ရည်ကြည်မှာလည်း သုက်ပိုးကောင်တွေ အနည်းနဲ့အများပါနိုင်တဲ့အတွက် မိန်းမကိုယ်အတွင်း အကာအကွယ်မပါဘဲ ထိုးသွင်းမိတဲ့အခါ ကိုယ်ဝန်ရနိုင်ခြေရှိပါတယ်။ ရနိုင်ခြေနည်းတယ်ဆိုပေမယ့် လုံးဝမရနိုင်တာမျိုးတော့ မဟုတ်ပါဘူး။

    ၈။ သုက်ပိုးများဖို့က အဓိကကျလား။

    သုက်ပိုးကောင်ရေများဖို့ထက် ကျန်းမာပြီး ကူးခတ်နိုင်စွမ်းကောင်းတဲ့ သုက်ပိုးတွေ များများရှိဖို့က အဓိကကျတာပါ။ ဒါမှပဲ မိန်းမကိုယ်အတွင်း ဝင်ရောက်လာတဲ့သုက်ပိုးကောင်တွေဟာ မမျိုးဥဆီသို့ လျင်မြန်စွာ ကူးခတ်နိုင်မှာပါ။ ဒီလိုကျန်းမာတဲ့ သုက်ပိုးကောင်တွေကို ပိုင်ဆိုင်ရစေဖို့ နေထိုင်စားသောက်မှုပုံစံကို သေချာဂရုစိုက်ဖို့ လိုအပ်တဲ့အပြင် မကြာခဏ လိင်အာသာဖြေတာကိုလည်း မလုပ်သင့်ပါဘူး။

    ၉။ သုက်ရည်က အာဟာရဓာတ်ပေါကြွယ်ဝတာ ဟုတ်သလား။

    သုက်ရည်တွေမှာ ရေဓာတ်၊ ပရိုတင်းဓာတ်၊ ဗီတာမင်နဲ့ ဓာတ်သတ္တုပေါင်းများစွာ ပါဝင်လို့ ယောက်ျားလေးတော်တော်များများက ဒီသုက်ရည်ကို ပါးစပ်နဲ့မြိုချတာ အာဟာရရှိတယ်ဆိုပြီး ပြောနေတတ်တာ ကြားဖူးကြမှာပါ။ ဒီနေရာမှာ သုက်ရည်သည် အာဟာရရှိတာမှန်ပေမယ့် မြိုချလိုက်လို့ ထူးထူးခြားခြား ကျန်းမာသွားတာ၊ အသားအရေလှသွားတာ၊ အာဟာရဓာတ် ပြည့်ဝသွားတာမျိုး မဖြစ်စေပါဘူးလို့ပဲ ဖြေလိုက်ပါရစေခင်ဗျ။

    မျိုးဆက်ပွားကျန်းမာရေးနဲ့ လိင်ပညာပေးအကြောင်းအရာနဲ့ ပတ်သက်ပြီး အိမ်ထောင်ရှင်တွေရော လူပျို၊ လူလွတ်တွေပါ သိနားလည်ဖို့ ဒီဆောင်းပါးက ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement