backup og meta

ဘိုထိုင် အိမ်သာ လား၊ မြန်မာထိုင်လား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘိုထိုင် အိမ်သာ လား၊ မြန်မာထိုင်လား။

    အိမ်ဆောက်ပြီးလို့ အိမ်သာ ရွေးရင်ပဲ ဖြစ်ဖြစ်၊ အပြင်သွားလို့ အိမ်သာသွားချင်ရင်ပဲ ဖြစ်ဖြစ် ဘိုထိုင်လား မြန်မာထိုင်လားဆိုလား ကြည့်ရပါတယ်။ တချို့ကလည်း ဘိုထိုင်အိမ်သာက သက်သောင့်သက်သာသွားရတယ်။ မြန်မာထိုင်က ညောင်းတယ်ပေါ့။ တချို့ကျလည်း သူများထိုင်ပြီးသားကြီး မထိုင်ချင်ပါဘူး။ မြန်မာထိုင်ဆို ဘာနဲ့မှထိစရာ မလိုပါဘူး စသဖြင့်ပေါ့။ ဒီအိမ်သာနှစ်မျိုးလုံးမှာကတော့ သူ့ဟာနဲ့သူ ကောင်းကျိုး ဆိုးကျိုးလေးတွေ ရှိပါတယ်။

    ဘိုထိုင် အိမ်သာ

    ကောင်းကျိုး

    • သန့်ရှင်းရေး လုပ်ရလွယ်ပါတယ်။ ကိစ္စပြီးတဲ့အခါ နောက်ကနေ ရေဆွဲချလိုက်ရုံပါပဲ။
    • ဒူးနာသက်သာပါတယ်။ အထူးသဖြင့် အဝလွန်တဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေကျ ဆောင့်ကြောင့်ထိုင်ဖို့ ခက်ပါတယ်။ သူတို့အတွက် အဆင်ပြေပါတယ်။
    • ချော်လဲမှာ မစိုးရိမ်ရပါဘူး။ မြန်မာထိုင်က အကြာကြီး ဆောင့်ကြောင့်ထိုင်ပြီး ပြန်အထမှာ မူးတာ၊ ခြေမခိုင်ဘဲ ချော်လဲတာ ဖြစ်တတ်ပါတယ်။ ဘိုထိုင်အိမ်သာက သာမန်ကုလားထိုင်ကနေ ထသလို ဖြစ်တဲ့အတွက် ဒီပြဿနာတွေ နည်းပါတယ်။

    ဆိုးကျိုး

    • လူတကာထိုင်ပြီး အညစ်အကြေးစွန့်တာ ဖြစ်တဲ့အတွက် သန့်ရှင်းမှု အားနည်းတတ်ပါတယ်။ အထူးသဖြင့် အများသုံးအိမ်သာတွေမှာပါ။ အိမ်သာအဖုံးမှာ ဆီးစက်လေးတွေ၊ ရေစက်လေးတွေ တင်ကျန်နေတာ တွေ့ရတတ်ပါတယ်။
    • ဘက်တီးရီးယားနဲ့ ပိုးမွှားတွေ ကျန်နေတတ်ပါတယ်။ ဒါကြောင့် အပြင်သွားလို့ အိမ်သာတက်ရင် မထိအောင် ခွာပြီး ထိုင်ကြတယ်ဟုတ်။
    • ဝမ်းသွားရခက်ပါတယ်။ ဘိုထိုင်အိမ်သာမှာ ထိုင်တဲ့ပုံစံက အူမကြီးနဲ့ မစင်အိမ်ကို ခေါက်နေစေပါတယ်။ ဒါကြောင့် ဝမ်းက အလွယ်တကူနဲ့ ထွက်မလာဘဲ ဝမ်းညှစ်ရတတ်ပါတယ်။
    • ကြာကြာထိုင်မိတတ်ပါတယ်။ ဘိုထိုင်အိမ်သာက သက်သောင့်သက်သာရှိတဲ့အတွက် ဖုန်း၊ သတင်းစာ စတာတွေကို ယူသွားပြီး အိမ်သာထဲမှာ အချိန်ဖြုန်းမိတတ်ပါတယ်။ ဒါကြောင့် အိမ်သာတက်ချိန်လည်း ကြာ၊ ဝမ်းကလည်း ပိုညှစ်ရတဲ့အတွက် လိပ်ခေါင်း ဖြစ်တတ်ပါတယ်။

    မြန်မာထိုင် အိမ်သာ

    အလွယ်ပြောရရင် ဆောင့်ကြောင့်ထိုင်ရတဲ့ အိမ်သာ တွေပါ။ အာရှဘက်မှာ အသုံးများတဲ့ အိမ်သာတွေပါ။ ခုမှသာ ဘိုထိုင်အိမ်သာတွေက ခေတ်စားလာတာ အရင်က မြန်မာနိုင်ငံမှာ ဆောင့်ကြောင့်ထိုင်တဲ့ အိမ်သာတွေပဲ အသုံးများပါတယ်။

    ကောင်းကျိုး

    • သန့်ရှင်းပါတယ်။ အိမ်သာ ခွက်နဲ့ လူနဲ့ ထိစရာ မလိုတဲ့အတွက် ပိုးမွှားတွေ ကူးတာလည်း နည်းပါတယ်။
    • ဝမ်းသွားရလွယ်ပါတယ်။ ဆောင့်ကြောင့်ထိုင်တဲ့အချိန်မှာ စအိုနဲ့ မစင်အိမ်နဲ့က တဖြောင့်တည်း ဖြစ်သွားပါတယ်။ ဝမ်းဗိုက်ကို ညှစ်ထားတဲ့အတွက် အူလမ်းကြောင်းကို နှိပ်နယ်သလို ဖြစ်စေပါတယ်။ ကိုယ်ကို နှိမ့်ထားတဲ့အတွက် မြေဆွဲအားကို ပိုခံရပါတယ်။ ဒီ ၃ချက် ပေါင်းလိုက်တဲ့အခါ ဝမ်းသွားရတာ အင်မတန်မှ လွယ်ပါတယ်။
    • ကြာကြာထိုင်ရင် ညောင်းတဲ့အတွက် ဘယ်သူမှ အိမ်သာထဲမှာ ကြာကြာ မနေဖြစ်တော့ပါဘူး။ သိကြတဲ့အတိုင်း အိမ်သာက ပိုးမွှားများတဲ့ နေရာ ဖြစ်တဲ့အတွက် မြန်မြန်ပြီး မြန်မြန်ထွက်တော့ ပိုးမွှားနဲ့ ထိတွေ့မှု နည်းသွားပါတယ်။

    ဆိုးကျိုး

    • အသက်ကြီးတဲ့သူ၊ ဝတဲ့သူတွေအတွက် အဆင်မပြေပါဘူး။ ဒူးကွေးပြီး ထိုင်ရတဲ့အတွက် ဒူးဆစ်ပေါ် ဝန်ပိပါတယ်။
    • အထိုင်အထမှာ မူးတာ၊ ခြေမခိုင်ဘဲ ချော်လဲတာ ဖြစ်တတ်ပါတယ်။
    • မြန်မာထိုင် အိမ်သာအများစုက အပေါ်မှာ အဖုံးမပါတဲ့အတွက် ရေလောင်းချတဲ့အခါ ပြန်စင်တာမျိုး ဖြစ်တတ်ပါတယ်။

    လူကြီးများအတွက် အိမ်သာရွေးချယ်နည်း

    အသက်ကြီးတဲ့ ဘိုးဘိုးဘွားဘွားတွေအတွက် အိမ်သာရွေးချယ်ရတာက အနည်းငယ် ခက်နိုင်ပါတယ်။ လူကြီးတွေက ဝရင်ဝ၊ မဝရင်လည်း ဒူးတွေ မကောင်းကြတော့ပါဘူး။ ဒါ့ပြင် အသက်ကြီးလာတာနဲ့အမျှ အူလှုပ်ရှားမှု နည်းလာတာ၊ သွားမကောင်းလို့ အသီးအရွက်တွေ မဝါးနိုင်တော့တာ စတာတွေကြောင့် ဝမ်းလည်း ချုပ်လာကြပါတယ်။

    ဒီတော့ အိမ်သာရွေးရတာ အခက်အခဲရှိနိုင်ပါတယ်။ အထိုင်အထမကောင်းလို့ ဘိုထိုင်အိမ်သာရွေးမလား။ ဝမ်းချုပ်လွယ်လို့ မြန်မာထိုင်အိမ်သာရွေးမလားဆိုတာ စဉ်းစားစရာဖြစ်နိုင်ပါတယ်။

    အကြံပေးရရင် ဘိုထိုင် အိမ်သာ ကို မြန်မာထိုင်ဖြစ်အောင် ပြင်လိုက်ပါ။ ဆိုလိုတာက ဘိုထိုင်အိမ်သာနဲ့ ထိုင်တဲ့အခါ အောက်ကနေ ခွေးခြေလေး ခုထားပါ။ ဒီလိုဆို ထိုင်လိုက်တဲ့အခါ ကိုယ်က ရှေ့ကို အနည်းငယ်ကိုင်းသွားပြီး မြန်မာထိုင်အိမ်သာလိုမျိုး ဖြစ်သွားမှာပါ။

    သတိထားရမှာက ထိုင်ပြီးမှ ခွေးခြေပေါ် ခြေထောက်တင်ပါ။ ခွေးခြေပေါ်တက်ပြီးမှ အိမ်သာပေါ် မထိုင်ပါနဲ့။ ချော်လဲတတ်ပါတယ်။ ဒီလိုဆို လူကြီးတွေ အိမ်သာတက်ရ ပိုအဆင်ပြေသွားပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement