လိင်ကိစ္စဆိုတာ လူတိုင်း သိချင်ကြပေမယ့် ဘယ်သူမှ ပေါ်ပေါ်ထင်ထင် ဖွင့်မပြောတဲ့ ကိစ္စပါ။ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရရင်လည်း ရေငုံနှုတ်ပိတ်နေကြသလို၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ခံစားရရင်လည်း ဆေးကုသမှု ခံယူဖို့ လက်တွန့်တတ်ကြပါတယ်။ ဒါပေမယ့်လည်း လိင်မှုဘဝ ဆိုတာ အများစု ကြုံတွေ့ရမယ့် အတွေ့အကြုံတစ်ခုပါပဲ။
ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ လိင်မှုဘဝ ဆိုတာ
World Health Organization ရဲ့ အဆိုအရတော့ ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ လိင်မှုဘဝဆိုတာ ရုပ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးမှာ အဆင်ပြေပြီး သက်သောင့်သက်သာ ဖြစ်တာကို ဆိုလိုတာပါ။ ရောဂါကင်းစင်ရုံ၊ အိပ်ရာပေါ်မှာ စွမ်းနိုင်ရုံ၊ အိမ်ထောင်ပြုထားရုံနဲ့ ပျော်ရွှင်တဲ့ လိင်မှုဘဝရှိထားတယ်လို့ ပြောလို့မရပါဘူး။
လိင်မှုဘဝ ကျန်းမာရေးက ကိုယ်ရော စိတ်ပါ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ သဘာဝကိုက အဲ့ဒီအတိုင်း ဖြစ်နေတာပါ။ ဒါကြောင့် လိင်မှုဘဝ ကျန်းမာရေးအတွက် ပိုပြီး ထဲထဲဝင်ဝင် နားလည်ဖို့ လိုလာပါပြီ။
လိင်မှုဘဝ ကျန်းမာဖို့ ဘာတွေ သိထားဖို့ လိုမလဲ။
အခြေခံအားဖြင့်
- လိင်ပိုင်းဆိုင်ရာ အခွင့်အရေးတွေကို နားလည်တာ
- လိင်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိထားတာ
- ဘေးကင်းစိတ်ချရတဲ့ လိင်ဆက်ဆံမှု အကြောင်း သိထားတာ
- လိင်စိတ်ကျေနပ်မှုနဲ့ မိမိအဖော်အပေါ် သံယောဇဉ်တွယ်မှုအကြောင်း စတာတွေ ပါဝင်ပါတယ်။
လိင်ပိုင်းဆိုင်ရာ အခွင့်အရေးဆိုတာ
လိင်ပိုင်းဆိုင်ရာ အခွင့်အရေးဆိုတာ အမျိုးသားနဲ့ အမျိုးသမီးကြားမှာပဲ ရှိနေတာ မဟုတ်ပါဘူး။ LGBTအားလုံးမှာ ရှိနေပါတယ်။ ဒါကို လေးစားရပါမယ်။ လိင်တူပဲဖြစ်ဖြစ်၊ လိင်ကွဲဖြစ်ဖြစ် လိင်မှုဘဝနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံခံရတာမျိုးတွေ မရှိသင့်ပါဘူး။ လိင်ကွဲဆိုရင်လည်း အမျိုးသမီးကပဲ အစစ အရာရာ လိုက်လျောရတာမျိုး မဖြစ်သင့်တော့ပါဘူး။ နှစ်ဦးနှစ်ဖက် နားလည်မှု ရှိရပါမယ်။
နောက်ဆုံး တစ်ယောက်တည်း နေပြီး သူ့ဟာသူ လွတ်လပ်ရာမှာ အာသာဖြေတယ်ဆိုတာလည်း သူ့အခွင့်အရေးသာ ဖြစ်ပါတယ်။
လိင်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိထားတာ
အမျိုးသမီးတွေဆီက သားဥနဲ့ အမျိုးသားဆီက သုက်ကောင် ပေါင်းတာကစလို့ ကိုယ်ဝန်တည်တာ၊ အမျိုးသမီးလေးတွေရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ၊ အမျိုးသားတွေရဲ့ ဖွဲ့စည်းပုံ စတာတွေကနေ စပြီး သိထားသင့်ပါတယ်။ လိင်စိတ်ကွဲပြားမှုတွေ၊ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ၊ မလိုချင်ဘဲ ရလာတဲ့ ကိုယ်ဝန်တွေ၊ အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာရောဂါတွေ စတာတွေကိုလည်း သိထားသင့်ပါတယ်။
ဒါကြောင့် လိင်ပညာပေးကို ကလေးအရွယ်တည်းက စပြီး သင်ထားပေးဖို့ ပြောကြတာပဲ ဖြစ်ပါတယ်။ သေသေချာချာ သိထားမယ်ဆိုရင် ကိုယ့်ရဲ့ လိင်ပိုင်းဆိုင်ရာ အခွင့်အရေးကို ကာကွယ်နိုင်မှာ ဖြစ်သလို၊ သူများကိုလည်း လေးစားတတ်မှာ ဖြစ်ပါတယ်။
ဘေးကင်းစိတ်ချရတဲ့ လိင်မှုဘဝ ဆိုတာ
ဘေးကင်းစိတ်ချရတဲ့ လိင်မှုဘဝဆိုတာ လိင်ကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကင်းပြီး မလိုချင်တဲ့ ကိုယ်ဝန်ကို တားနိုင်တာပါ။ လိင်ကနေ ရောဂါပိုးတွေ ဘယ်လိုကူးသလဲ။ ဘာလက္ခဏာတွေ ပြသလဲ။ ဘယ်လိုမျိုး ဆေးကုသမှု ခံယူရမလဲဆိုတာကို သိထားသင့်ပါတယ်။ ရောဂါမကူးအောင် ကာကွယ်ဆေးထိုးတာတွေ၊ အတူနေတဲ့အခါ ကွန်ဒုံးသုံးတာတွေ စတာကို သိထားသင့်ပါတယ်။
ကိုယ်ဝန်ဆိုလည်း ယူဖို့ မသင့်မဖြစ်သေးရင် တားနည်းအမျိုးမျိုးနဲ့ တားထားလို့ရပါတယ်။ သောက်ဆေး၊ ထိုးဆေး၊ လက်မောင်းအောက် ပစ္စည်းထည့် စသဖြင့် အစားစား ရှိပါတယ်။ နောက်ဆုံး အရေးပေါ်တားဆေးအထိ ရှိပါတယ်။ သန္ဓေတားတာကလည်း အမျိုးသမီးနဲ့ပဲ ဆိုင်တာ မဟုတ်ပါဘူး။ အမျိုးသားတွေဆို ကွန်ဒုံးပါ သုံးလို့ရပါတယ်။ ဘယ်နည်းလမ်းနဲ့ တားမယ်ဆိုတာကို နှစ်ဦးတိုင်ပင်ပါ။
ခေတ်က တိုးတက်လာတာနဲ့အမျှ လက်မထပ်ရသေးဘဲ အတူမနေဖို့ကို တားဖို့ ခက်လာပါပြီ။ ဒီလို လိင်ပိုင်းဆိုင်ရာ ဗဟုသုတတွေကို ပိတ်ပင်လိုက်ရုံနဲ့ အတူနေတဲ့ နှုန်းက လျော့မသွားပါဘူး။ ဘေးကင်းစိတ်ချရတဲ့ နေနည်းတွေကိုပြောပြထားတာကပဲ ပိုပြီးသင့်တော်ပါတယ်။
လိင်စိတ်ကျေနပ်မှုနဲ့ မိမိအဖော်အပေါ် သံယောဇဉ်တွယ်မှုအကြောင်း
လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုကတော့ နှစ်ဦးသား ပွင့်ပွင့်လင်းလင်း ပြောမှပဲ သိမှာပါ။ ဒါက လိင်တူ၊ လိင်ကွဲ အကုန်လုံး အကျုံးဝင်ပါတယ်။ ဆက်ဆံရေးတစ်ခုမှာ လိင်ကိစ္စက အဓိက မဟုတ်ဘူးဆိုပေမယ့်လည်း လိင်စိတ်ကျေနပ်မှုက သံယောဇဉ်ပိုတိုးစေတယ်ဆိုတာကတော့ ငြင်းမရတဲ့ အချက်ပါပဲ။
ဒီနေရာမှာလည်း ကျန်းမာရေးကို မထိခိုက်စေတဲ့ လိင်စိတ်ကျေနပ်မှု နည်းလမ်းတွေ အကြောင်းကို သိထားဖို့ လိုပါပြန်ပါတယ်။ သားအိမ်ကျဉ်းဖို့ ဆေးတွေ ထည့်တာက စလို့ အမျိုးသားတွေ သုံးတဲ့ ဂေါ်လီ၊ ဆီလီကွန် စတာတွေက ကျေနပ်မှုထက် ဆိုးကျိုးပိုများစေတယ်ဆိုတာကို သိထားမှ ဒါတွေကို ရှောင်နိုင်မှာပါ။
အန္တရာယ်များတဲ့ ဆက်ဆံနည်းတွေ၊ စိတ်မပါတဲ့ အဖော်ကို အတင်းအကျပ်ဆက်ဆံတာတွေက အကြမ်းဖက်တဲ့ လုပ်ရပ်၊ အခွင့်အရေး ချိုးဖောက်တဲ့ လုပ်ရပ်ဆိုတာကို သိထားဖို့ လိုပါတယ်။ ဒီလို မသိတဲ့အတွက်လည်း ဒီကနေ စလို့ အိမ်တွင်းအကြမ်းဖက်မှုတွေအထိ ဖြစ်လာတာပါ။
Takeaway
ဒါကြောင့် ကျန်းမာတဲ့ လိင်မှုဘဝဆိုတာ အိပ်ရာပေါ်က ကိစ္စသက်သက် မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးဆိုင်ရာ ကျန်းမာခြင်းတွေ အားလုံးပါဝင်နေပါတယ်။ ဒါတွေကို မှန်မှန်ကန်ကန် သိထားမှသာ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာပါ။
[embed-health-tool-ovulation]