backup og meta

ကွန်ဒုံးတွေကို အန္တရာယ် ကင်းကင်းနဲ့ ဘယ်လိုသုံးကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကွန်ဒုံးတွေကို အန္တရာယ် ကင်းကင်းနဲ့ ဘယ်လိုသုံးကြမလဲ။

    ကွန်ဒုံးတွေကို အန္တရာယ် ကင်းကင်းနဲ့ ဘယ်လိုသုံးကြမလဲ။ သင်က လိင်ဆက်ဆံချင်တယ်၊ သန္ဓေနဲ့ လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါ sexually transmitted infections (STIs) တွေကိုလည်းတားဆီးချင်တယ်၊ ဆေးလည်းမသောက်ချင်ဘူးဆိုရင် ကွန်ဒုံးတွေက သင့်အတွက် ရွေးချယ်စရာတစ်ခုပါပဲ။

    ကွန်ဒုံးတွေကို အန္တရာယ် ကင်းကင်းနဲ့ ဘယ်လိုသုံးကြမလဲ။

    ကွန်ဒုံးတွေကို အန္တရာယ် ကင်းကင်းနဲ့ ဘယ်လိုသုံးကြမလဲ။ ဆိုတော့ ကွန်ဒုံးတွေဟာ ဈေးလည်းသိပ်မကြီးတဲ့ အပြင် လူလုပ်ဟော်မုန်းတစ်ခုမှ မပါဘဲ လိင်အင်္ဂါနှစ်ခုကြား အကာတစ်ခုအနေနဲ့ လုပ်ဆောင်ပေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါအပြင် ကွန်ဒုံးတွေကို သင့်ရဲ့ နီးစပ်ရာ ဆေးဆိုင်တွေနဲ့ တစ်ခြားစတိုးဆိုင်တွေမှာ အလွယ်တကူ ဝယ်ရလို့ရနိုင်ပါသေးတယ်။

    ကွန်ဒုံးတွေက ဘယ်လိုသန္ဓေတားပေးသလဲ။

    ကွန်ဒုံးတွေဟာ လိင်ဆက်ဆံချိန်မှာ သင်နဲ့ သင့်အဖော်အကြား အတားအဆီးတစ်ခု အဖြစ်လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ ကွန်ဒုံးတွေဟာ သင် ခန္တာကိုယ်ထွက် အရည်နဲ့ အစိတ်အပိုင်းတစ်ချို့ကို အဖော်ဖြစ်သူရဲ့ ခန္တာကိုယ်ထွက်အရည်နဲ့ အစိတ်အပိုင်းတစ်ချို့ တို့တိုက်ရိုက် မထိတွေ့အောင် လုပ်ဆောင်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ ကွန်ဒုံးတွေဟာ သန္ဓေရခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ STI တွေကို တားဆီးပေးနိုင်တယ်ဆိုတာပါပဲ။ ကွန်ဒုံးတွေကိုတစ်ခြား သန္ဓေတားနည်းလမ်းတွေဖြစ်တဲ့ သန္ဓေတားဆေးတောင့်တွေနဲ့ သားအိမ်အတွင်း ထည့်သွင်းရတဲ့ သန္ဓေတားပစ္စည်း IUD တွေနဲ့ တွဲဖက်ပြီး အသုံးပြုနိုင်ပါတယ်။

    အဓိကအားဖြင့် ကွန်ဒုံးအမျိုးအစား ၂ မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့

    အမျိုးသားသုံး ကွန်ဒုံး။

    အမျိုးသားသုံး ကွန်ဒုံးတွေဟာ အကာအကွယ်ရရန်အတွက် ပါးစပ်၊ မွေးလမ်းကြောင်းနဲ့ စအို လိင်ဆက်ဆံချိန်မှာ လိင်တံတွင် ဝတ်ဆင်ရတဲ့ ကွန်ဒုံးတွေ ဖြစ်ပါတယ်။ အများစု အားဖြင့် အမျိုးသားသုံး ကွန်ဒုံးတွေကို ကြက်ပေါင်စေး သို့မဟုတ် ပိုလီယူရသိန်း (polyurethane) လို့ခေါ်တဲ့ ပလတ်စတစ်တစ်မျိုးနဲ့ ပြုလုပ်ထားပါတယ်။ ဒါ့အပြင် ကွန်ဒုံးတွေမှာ ချောဆီသုတ်ထားတဲ့ ကွန်ဒုံး၊ မသုတ်ထားတဲ့ ကွန်ဒုံးအပြင် ပဋိသုက္က လို့ခေါ်တဲ့ သုတ်သတ်ဆေးပါတဲ့ ကွန်ဒုံး၊ မပါတဲ့ ကွန်ဒုံးဆိုပြီး အစားစားရှိပါတယ်။ အမေရိကန် နိုင်ငံမှာတော့ တစ်ခုချင်းဆီကို ၁ ဒေါ်လာခန့်ဝန်းကျင်ရှိပြီး မြန်မာနိုင်ငံမှာတော့ ဒီထက်ဈေးပေါတဲ့ ကွန်ဒုံးတွေရှိပါတယ်။ ကွန်ဒုံးတွေကတော့ အောက်ပါ အချက်တွေအပေါ် မူတည်ပြီး အမျိုးမျိုးကွဲပြားသွားနိုင်ပါတယ်။ အဲ့ဒါတွေကတော့

    • အရွယ်အစား
    • ပုံစံ
    • အရောင်
    • အနံ့အသက်။

    ကွန်ဒုံးကို မှန်မှန်ကန်ကန်သုံးမယ်ဆိုရင် အမျိုးသားသုံးကွန်ဒုံးတွေက သန္ဓေကို ၉၈ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။ တစ်ခြားသော သန္ဓေတားနည်းတွေလိုပဲ ကွန်ဒုံးရဲ့ ထိရောက်မှုက အသုံးပြုတဲ့ပုံအပေါ် အများကြီးမူတည်ပါတယ်။ သာမန်သုံးနည်းမျိုးနဲ့သုံးမယ်ဆိုရင် ကွန်ဒုံးတွေရဲ့ သန္ဓေတားနည်းက ၈၂ ရာခိုင်နှုန်းအထိ လျော့ကျသွားပါတယ်။

    အမျိုးသမီးသုံး ကွန်ဒုံး။

    အမျိုးသမီးသုံးကွန်ဒုံးတွေကတော့ အမျိုးသမီး မွေးလမ်းကြောင်း သို့မဟုတ် စအိုအတွင်း ထည့်သွင်းတပ်ဆင်ရတဲ့ ကွန်ဒုံးအမျိုးအစားတွေ ဖြစ်ပါတယ်။ အမျိုးသမီးသုံး ကွန်ဒုံးတွေက်ု များသောအားဖြင့် ပိုလီယူရသိန်း နဲ့ nitrile ရာဘာ တို့နဲ့ပြုလုပ်ထားတာပါ။

    အမျိုးသမီးသုံးကွန်ဒုံးတွေက ပုံမှန်အားဖြင့် အမျိုးသားသုံးကွန်ဒုံးတွေထက် ဈေးကြီးကြပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် တစ်ခုကို ၄ ဒေါ်လာခန့် ကျသင့်ပြီး နောက်ပိုင်းထုတ်တဲ့ ကွန်ဒုံးတွေကတော့ ဈေးပိုနည်းလာကြပါတယ်။ အမျိုးသားသုံး ကွန်ဒုံးတွေနဲ့ယှဉ်ရင်တော့ အမျိုးသမီးသုံးကွန်ဒုံးတွေမှာ ရွေးစရာ သိပ်မရှိပါဘူး။ အမျိုးသမီးသုံး ကွန်ဒုံးတွေကတော့ မှန်မှန်ကန်ကန်သုံးမယ်ဆိုရင် ၉၅ ရာခိုင်နှုန်း အထိထိရောက်မှုရှိပြီး သာမန်အသုံးပြုမယ်ဆိုရင်တော့ ထိရောက်မှုက ၇၉ ရာခိုင်နှုန်း အထိသာ ထိရောက်မှုရှိပါတယ်။

    STI ရောဂါတွေကို အကောင်းဆုံးကာကွယ်နိုင်တဲ့ ကွန်ဒုံးတွေက ဘာတွေလဲ။

    ကြက်ဘောင်စေး၊ ရာဘာကနေထွက်ရှိတဲ့ ပိုလီအိုင်ဆိုပရင်း (polyisoprene)၊ ပိုလီယူရသိန်းတို့နဲ့ လုပ်ထားတဲ့ အမျိုးသားသုံးကွန်ဒုံး တွေက ခန္တာကိုယ် အရည်တွေကနေ ကူးစက်တတ်တဲ့ STI ရောဂါတွေကို အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဒီလို အမျိုးသားသုံးကွန်ဒုံးတွေ ကာကွယ်ပေးနိုင်တဲ့ ရောဂါတွေကတော့

    • HIV
    • မွေးလမ်းကြောင်း၊ စအို၊ ပါးစပ်တို့နဲ့ လိင်ဆက်ဆံရာမှ ကူးစက်နိုင်ပြီး လိင်အင်္ဂါတွေကို အန္တရာယ် ဖြစ်စေနိုင်တဲ့ Chlamydia ရောဂါ။
    • ဆီးပူညောင်းကျ ၊ ကာလသားရောဂါ။
    • ဆစ်ဖလစ် ကာလသားရောဂါ (syphilis)။

    တစ်ခြားသော ကာလသားရောဂါ တွေဖြစ်တဲ့ ရေယုန်နဲ့ လိင်အင်္ဂါ ကြွက်နို့တွေကတော့ အရေပြားချင်း ထိတွေ့ရာမှ ကူးစက်တာကြောင့် ဘယ်လိုနေရာတွေမှာ ဖြစ်ပွားနေတာလဲဆိုတဲ့ အပေါ်မူတည်ပြီး ဒီ ဧရိယာတွေမှာ ကွန်ဒုံး မဖုံးပေးထားနိုင်ရင် ကူးစက်ပါတယ်။

    မျိုးသမီးသုံး ကွန်ဒုံးတွေကတော့ STI ရောဂါအချို့ကိုကာကွယ် ပေးနိုင်ပြီး သူတို့ရဲ့ ထိရောက်မှုကို သိနိုင်ဖို့အတွက် လေ့လာချက်တွေ လုပ်ဖို့လိုပါသေတယ်။ ဒါပေမဲ့ သေချာတာကတော့ STI ရောဂါတွေ ကာကွယ်တဲ့နေရာမှာ အမျိုးသမီးသုံးကွန်ဒုံးတွေကတော့ အမျိုးသားသုံး ကွန်ဒုံးတွေလောက် မထိရောက်ပါဘူး။

    စတိုးဆိုင်တွေမှာ တွေ့ရတဲ့ ကွန်ဒုံး ၈၀ ရာခိုင်နှုန်းလောက်ကတော့တော့ ကြက်ပေါင်စေး သို့မဟုတ် ပိုလီယူရသိန်းနဲ့ လုပ်ထားတာ များပါတယ်။ ဒါပေမဲ့ သဘာဝထွက် ပစ္စည်းတွေဖြစ်တဲ့ သိုးကလေးသားရည် နဲ့ ပြုလုပ်ထားတဲ့ ကွန်ဒုံးတွေလည်းရှိပါတယ်။ ဒီလို သိုးကလေးသားရည်တွေနဲ့ ပြုလုပ်ထားတဲ့ ကွန်ဒုံးတွေနဲ့ တစ်ခြားသော သဘာဝထွက်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ကွန်ဒုံးတွေဟာ သန္ဓေတွေကို ကာကွယ်ပေးနိုင်ပေမဲ့ STI ရောဂါတွေကိုတော့ အပြည့်အဝ မကာကွယ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကွန်ဒုံးတွေဟာ အရည်စိမ့်ဝင်နိုင်တဲ့ ကွန်ဒုံးတွေ ဖြစ်ပြီး လုံးဝ အမှန်ကန်ဆုံး သုံးမယ်ဆိုရင်တောင် ကူးစက်ရောဂါတွေကို မကာကွယ်ပေးနိုင်ပါဘူး။ တကယ်လို့ သင့်မှာ ကြက်ပေါင်စေး၊ ပလတ်စတစ်တို့နဲ့ ဓါတ်မတည့်တဲ့ ရောဂါရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဘယ်လို သန္ဓေတားနည်းက သင့်အတွက် အကောင်းဆုံးဖြစ်မလဲဆိုတာ ရွေးချယ်နိုင်ပါတယ်။

    စမ်းသုံးကြည့်သင့်တဲ့ ကွန်ဒုံးများ။

    ဘာကြောင့်လဲဆိုတော့ ကွန်ဒုံးတွေရဲ့ ထိရောက်မှု က ပြုလုပ်ထားတဲ့ ပစ္စည်းတွေနဲ့ အသုံးပြုတဲ့ ပုံအပေါ်မူတည်ပြီး ကွဲပြားသွားတာကြောင့် တစ်ချို့သော ကွန်ဒုံး အမှတ်တံဆိပ်တွေက တစ်ချို့သော ကွန်ဒုံး အမှတ်တံဆိပ်တွေလောက် အန္တရာယ်မကင်းပါဘူး။ အောက်ပါ ကွန်ဒုံးတွေကတော့ ကမ္ဘာမှာ အသုံးများတဲ့ ကွန်ဒုံးတွေနဲ့ သူတို့ရဲ့ ကောင်းကျိုးတွေဖြစ်ပါတယ်။

    Trojan ENZ ။

    အမေဇုံမှာ ရောင်းအား အကောင်းဆုံး ကွန်ဒုံးဖြစ်တဲ့ Trojan ENZ ဟာ သုတ်ရည်စုထားပေးတဲ့ နေရာကို သေချာ ပြုလုပ်ထားပြီး ဖိတ်စင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

    Durex Extra Sensitive ။

    ဒီကွန်ဒုံးကတော့ အလွန်ပါးလွှာပြီး ချောဆီသုတ် ကွန်ဒုံးဖြစ်ပါတယ်။ အသုံးပြုသူများကတော့ ဒီကွန်ဒုံးဟာ သိပ်မကျပ်ဘဲ ကာကွယ်မှုကို အကောင်းဆုံး ပေးစွမ်းနိုင်တယ်လို့ဆိုထားပါတယ်။

    LifeStyles SKYN ။

    ဒီတံဆိပ်မှာတော့ ချောဆီများတဲ့ ကွန်ဒုံး၊ သာမန်ကွန်ဒုံးနဲ့ ခံစားချက်ကောင်းမွန်စေတဲ့ကွန်ဒုံးဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဒီကွန်ဒုံးဟာ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ကွန်ဒုံးများအားလုံးထဲမှာမှ အရည်အသွေးအကောင်းဆုံး ရာဘာကနေထွက်ရှိတဲ့ ပိုလီအိုင်ဆိုပရင်း (polyisoprene)နဲ့ လုပ်ထားတဲ့ ကွန်ဒုံးတွေဖြစ်ပါတယ်။ ခံစားချက်ကောင်းမွန်စေတဲ့ ကွန်ဒုံးမှာဆိုရင် ခံစားချက်ကို အကောင်းဆုံးဖြစ်စေဖို့အတွက် အဖုလေးတွေကို လှိုင်းပုံသဏ္ဍာန် တပ်ဆင်ထားပါတယ်။

    Trojan Her Pleasure ။

    Trojan Her Pleasure ကွန်ဒုံးကတော့ ခံစားချက်ကို ကောင်းမွန်စေတဲ့ ကြက်ပေါင်စေးကွန်ဒုံးဖြစ်ပြီး အရစ်ရစ်နဲ့ အကြောင်းများ ပါဝင်ပါတယ်။

    FC2 Female Condom ။

    FC2 Female Condom ကတော့ ဈေးကွက်ထဲမှာ လူသိအများဆုံး အမျိုးသမီး သုံး ကွန်ဒုံးဖြစ်ပါတယ်။ ကြက်ပေါင်စေး နဲ့ ဓါတ်မတည့်သူတွေ အတွက် အကောင်းဆုံးဖြစ်တဲ့ ပိုလီယူရသိန်း ပလတ်စတစ်နဲ့ ဒီကွန်ဒုံးကို ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အသုံးပြုတဲ့ အမျိုးသမီးတွေကတော့ ဒီကွန်ဒုံးကို စနစ်တကျ တပ်ဆင်ထားရင် သက်တောင့်သက်သာရှိပြီး လျှောမထွက်ဘူးလို့ဆိုပါတယ်။ ဝတ်ဆင်ထားတဲ့ အမျိုးသမီးတွေရဲ့ အဖော် အမျိုးသားတွေကတော့ ဒီ ကွန်ဒုံးနဲ့ ဆို လိင်ဆက်ဆံချိန် သဘာဝအတိုင်း ခံစားရတယ် လို့ဆိုပါတယ်။

    ကွန်ဒုံးကို စနစ်တကျ ဘယ်လိုသုံးကြမလဲ ။

    အထက်မှာ အခါခါ ပြောခဲ့သလိုပဲ ကွန်ဒုံးရဲ့ ထိရောက်မှုဟာ ဘယ်လောက်မှန်မှန်ကန်ကန်သုံးသလဲဆိုတဲ့ အပေါ်အများကြီး မူတည်ပါတယ်။ ဒါ့ကြောင့် ကွန်ဒုံးသုံးမယ်ဆိုရင် နည်းလမ်းမှန်ကို သိထားဖို့ အရေးကြီးပါတယ်။ ဘယ်လို ကွန်ဒုံးကိုပဲ ရွေးချယ်ရွေးချယ် ကွန်ဒုံးအားလုံးက တစ်ခါသုံးပါပဲ။ တကယ်လို့ တစ်ကြိမ် လိင်ဆက်ဆံပြီးပြီဆိုတာနဲ့ သေချာလွှင့်ပစ်ပြီး လိင်ဆက်ဆံချိန်တိုင်း သစ်တစ်ခု အမြဲတမ်းသုံးဖို့လိုပါတယ်။

    အမျိုးသားကွန်ဒုံးတွေကို ဘယ်လိုသုံးရမလဲ။

    အမျိုးသားသုံး ကွန်ဒုံးသုံးတော့မယ်ဆိုရင် အောက်ပါအချက်တွေကို လိုက်နာပါ။

    ကွန်ဒုံးထုတ်ကို သေချာဖွင့်ပါ။ ဖွင့်တဲ့ အခါ ပါးစပ်နဲ့ကိုက်မိရင် ကွန်ဒုံးပြဲသွားနိုင်တဲ့အတွက် ပါးစပ်နဲ့ ကိုက်မဖွင့်ပါနဲ့။

    သုတ်ထွက်ရင် ထိန်းပေးထားတဲ့ နေရာ ကျန်စေဖို့အတွက် လက်ညှိးနဲ့ လက်မနဲ့ ဖိပြီး နေရာကို ဖြန့်ပါ။

    အဲ့ဒီထိပ်လေးကို ကိုင်ထားပြီး လိင်တံအပေါ်စွပ်ကာ အောက်ခြေ အရင်းထိ ဆွဲချပါ။

    ပွတ်တိုက်မှု အားများရင် ကွန်ဒုံးပေါက်နိုင်တဲ့ အတွက် အဆီမပါတဲ့ ကွန်ဒုံးတွေမှာဆိုရင် ရေကို အခြေခံထုတ်ထားတဲ့ ချောဆီသုံးပါ။ နဂိုကတည်းက ချောဆီပါပြီးသားဆိုရင်တော့ ဒီအဆင့် လုပ်စရာမလိုပါဘူး။

    လိင်ဆက်ဆံပြီးတဲ့အခါ သုတ်ရည် ချောထွက်တာတွေကို ကာကွယ်ဖို့ အတွက် ကွန်ဒုံးရဲ့ အောက်ခြေမှ ကိုင်ပြီး ဆွဲထုတ်ပါ။

    အမျိုးသမီးသုံး ကွန်ဒုံးကို ဘယ်လိုအသုံးပြုမလဲ။

    အမျိုးသမီးသုံးကွန်ဒုံးတွေသုံးမယ်ဆိုရင် အောက်ပါ အချက်ကို လိုက်နာပါ။

    ကွန်ဒုံးကိုဖွင့်ရင် သွားနဲ့ ကိုက်မဖွင့်ပါနဲ့။ အထက်က ပြောခဲ့သလိုပဲ သွားနဲ့ကိုက်ဖွင့်ရင် ကွန်ဒုံးကို ကိုက်မိပြီး ပေါက်ပြဲသွားနိုင်ပါတယ်။

    Tampon (မီးယပ်လာချိန်တွင် ရာသီသွေးထိန်းရန် ထည့်ရ သော အတောင့်) ထည့်သလိုပဲ ကွန်ဒုံးရဲ့ ပထမဆုံးကွင်းကို ကိုင်ပြီး မွေးလမ်းကြောင်းထဲ အပြည့်ထည့်သွင်းပါ။

    ဒုတိယ ကွင်းကို မွေးလမ်းကြောင်းပြင်ပ မှာ တစ်လက်မလောက်ထွက်နေပါစေ။ ဒီအစိတ်အပိုင်းက အမျိုးသမီးအင်္ဂါ နှုတ်ခမ်းသားကို ဖုံးထားပေးပါလိမ့်မယ်။

    လိင်ဆက်ဆံပြီးရင် အပြင်ကွင်းကို သေချာကိုင်ပြီး ကွန်ဒုံးကို သေချာ ဆွဲထုတ်ပါ။

    ကွန်ဒုံးပေါက်ပြဲသွားရင် ဘာဆက်လုပ်ကြမလဲ။

    ကွန်ဒုံးပေါက်ပြဲသွားမယ်ဆိုရင် အရေးကြီးဆုံးကတော့ စိတ်အေးအေးထားဖို့ပါပဲ။ ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ နောက်ထပ်လုပ်ရမယ့် အဆင့်တွေအကြောင်းဆွေးနွေးသင့်ပါတယ်။

    တကယ်လို့ သင်က သန္ဓေရမှာကို စိုးရိမ်နေပြီး သန္ဓေတားဆေးတွေကို မသောက်သုံးရသေးဘူးဆိုရင် အနီးအနား ဆေးဝါးဆိုင်တွေမှာ အရေးပေါ် သန္ဓေတားဆေး EC (emergency contraception) တွေဖြစ်တဲ့ Plan B ဒါမှမဟုတ် One step လို ဆေးမျိုးတွေကိုဝယ်ယူနိုင်ပါတယ်။ ဒီဆေးဝါးတွေက ဆေးစာပြစရာမလိုဘဲ အလွယ်တကူဝယ်ယူနိုင်ပြီး ၈ ကြိမ်မှာ ၇ ကြိမ်ခန့် သန္ဓေတားဆီးပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီသန္ဓေတားဆေးကို လိင်ဆက်ဆံပြီး ၃ ရက်အတွင်း သောက်သုံးသင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း သင့်အနေနဲ့ သားအိမ်အတွင်း တပ်ဆင်ရတဲ့ သန္ဓေတား ပစ္စည်း (IUD) တွေကို ဆရာဝန်ထံပြပြီး တပ်ဆင်နိုင်ပါတယ်။ IUD တွေဟာ သန္ဓေတားရာမှာ ၉၉ ရာခိုင်နှုန်း အထိ ကာကွယ်နိုင်ပြီး ကွန်ဒုံးလို သန္ဓေတားနည်းတွေ အမှားအယွင်းဖြစ်သွားတဲ့ အခါ ၅ ရက်အတွင်း အသုံးပြုရမှာ ဖြစ်ပါတယ်။ အရေးပေါ် သန္ဓေတားနည်းတွေက လိင်မှတစ်ဆင့် ကူးစက်တဲ့ STI ရောဂါတွေကိုတော့ လုံးဝမကာကွယ်ပေးနိုင်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ STI ရောဂါတွေရှိနေတဲ့ လူတစ်ယောက်နဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခဲ့မိမယ်ဆိုရင် ဆရာဝန်ထံသွားရောက်ပြသပြီး ဆေးစစ်ရုံက လွဲလို့ တစ်ခြားမရှိပါဘူး။ STI ရောဂါ တော်တော်များများက အစပိုင်းမှာ ရောဂါလက္ခဏာမပြတဲ့ အတွက် သင့်အနေနဲ့ ကူးစက်ခံရပြီးပြီးခြင်းလည်း ရောဂါကူးစက်ခံခဲ့ရလားဆိုတာ သိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်မှာ လိင်ရောဂါ လက္ခဏာတွေမပြသေးလို့ ရောဂါမရှိဘူးလို့ ထင်နေရင် သင်ဟာ သင်ရဲ့ လိင်ဆက်ဆံဖော်တွေကို STI ရောဂါ ရစေနိုင်ပါတယ်။

    မွေးလမ်းကြောင်း၊ စအို၊ ပါးစပ်တို့နဲ့ လိင်ဆက်ဆံရာမှ ကူးစက်နိုင်ပြီး လိင်အင်္ဂါတွေကို အန ္တရာယ်ဖြစ်စေနိုင်တဲ့ Chlamydia လို့ခေါ်တဲ့ ရောဂါရဲ့ လက္ခဏာတွေကတော့-

    • ဆီးသွားချိန် နာကျင်ခြင်း၊
    • ဝမ်းဗိုက်ပိုင်းနာကျင်ခြင်း၊
    • ပြည်ထွက်ခြင်း၊
    • ဓမ္မတာကြားကာလမှာ သွေးဆင်းခြင်း။
    • အမျိုးသားများမှာ ဝှေးစေ့နာကျင်ခြင်း။

    ဆီးပူညောင်းကျ ၊ ကာလသားရောဂါရဲ့ လက္ခဏာတွေကတော့-

    • ပြည်ထွက်ခြင်း။
    • ဆီးသွားစဉ် ပူလောင်ခြင်း။
    • ကျင်ကြီးသွားစဉ် နာကျင်ခြင်း။
    • စအိုယားယံခြင်း။

    trichomoniasis ရဲ့ ရောဂါလက္ခဏာတွေကတော့

    • ပြည်ထွက်ခြင်း။
    • လိင်အင်္ဂါ တစ်ဝိုက်ယားယံခြင်း။
    • လိင်ဆက်ဆံချိန် နာကျင်ခြင်း။
    • ဆီးသွားချိန် နာကျင်ခြင်း။

    HIV ရဲ့ ရောဂါလက္ခဏာတွေကတော့-

    • ဖျားနာခြင်း။
    • ခေါင်းကိုက်ခြင်း။
    • လည်ချောင်း နာကျင်ခြင်း။
    • သွေးဖြူထုတ် တစ်ရှုးများရောင်ကိုင်းလာခြင်း
    • မောပန်းခြင်း။

    ဒီရောဂါလက္ခဏာတွေ သို့မဟုတ် တစ်ခြား မူမမှန်တာတွေ သင့်ခန္ဓါကိုယ်မှာ ဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

    နိဂုံးချုပ် ။

    ကွန်ဒုံးတွေက ဈေးမကြီးတဲ့ အပြင် လွယ်လွယ်ကူကူ ဝယ်ယူလို့ရပြီး သန္ဓေနဲ့ STI ရောဂါတွေကို အကောင်းဆုံး တားဆီးပေးနိုင်ပါတယ်။ သဘာဝ သိုးသားရည်နဲ့ လုပ်ထားတဲ့ ပစ္စည်းတွေဟာ အရည်စိမ့်ဝင်နိုင်တဲ့ အတွက် သန္ဓေတားနိုင်ပေမဲ့ STI ရောဂါတွေကို မကာကွယ်ပေးနိုင်ပါဘူး။ ဒါဆိုရင်သင့်အနေနဲ့ ကြက်ပေါင်စေး ကွန်ဒုံး ဖြစ်ဖြစ် ပိုလီယူရသိန်း နဲ့လုပ်ထားတဲ့ ကွန်ဒုံးပဲ ဖြစ်ဖြစ် အသုံးပြုသင့်ပါတယ်။ ကိုယ်ဘယ်လို ကွန်ဒုံး တံဆိပ်ကိုပဲ သုံးသုံး အကောင်းဆုံးထိရောက်န်ုင်ဖို့ အတွက် မှန်မှန်ကန်ကန် သုံးဖို့တော့ လိုပါတယ်။

    ကွန်ဒုံးတွေဟာ ဘေးအန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှု ပြုလုပ်ဖို့ အတွက် အရမ်းကောင်းတဲ့ နည်းလမ်းတွေ ဖြစ်ပြီး တစ်ခြား နည်းလမ်းတွေ ရွေးချယ်ချင်သေးတယ်ဆိုရင်လည်း ရပါသေးတယ်။ တစ်ခြား သန္ဓေတားနည်းတွေ ရွေးချယ်မယ်ဆိုရင်တော့ သင်နဲ့ သင့်လက်တွဲဖော်ရဲ့ Relationship နဲ့ ဘဝနေထိုင်မှု ပုံစံကို အခြေခံပြီး ရွေးချယ်လို့ရပါတယ်။ တစ်ချို့သောစုံတွဲတွေကတော့ သန္ဓေတားဆေးတွေ၊ IUD တွေ အသုံးပြုပြီး ကွန်ဒုံးကို ထပ်ဆောင်း သန္ဓေတားနည်း အဖြစ် အသုံးပြုကြပါတယ်။ ဒီလို ကာကွယ်မှုတွေ အရန်သင့်ရှိနေမယ်ဆိုရင်တော့ သင့်အနေနဲ့ ကွန်ဒုံးအမျိုးအစားအမျိုးမျိုးကို စမ်းသပ်ပြီး ဘယ်ကွန်ဒုံးက ခံစားချက်ကောင်းစေလဲ၊ အကောင်းဆုံး ကာကွယ်ပေးနိုင်လဲဆိုတာ ရွေးချယ်လို့ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement