backup og meta

ဖေ့စ်ဘုတ်ပွတ်ရင်း စိတ်ပင်ပန်း နေကြပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 28/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖေ့စ်ဘုတ်ပွတ်ရင်း စိတ်ပင်ပန်း နေကြပြီလား

    လူတိုင်းတွက် စိတ်ချမ်းသာမှုက အရေးကြီးလှပါတယ်။ ခုလို ကပ်ဘေးတွေ အပြောင်းအလဲတွေနဲ့ရင်ဆိုင်နေရတဲ့ ကာလမျိုးမှာ စိတ်ပျော်ရွှင်နေဖို့ ပိုပြီးလိုအပ်ပါတယ်။ ဒါပေမယ့် ဆိုရှယ်မီဒီယာခေတ်ကြီးမှာ လူတိုင်း စိတ်ချမ်းသာနေဖို့ကတော့ မလွယ်ကူလှပါဘူး။ ဖေ့စ်ဘုတ်ကြီးပေါ်မှာဆို စိတ်ပင်ပန်း စရာ စိတ်ဖိစီးစရာအကြောင်းအရာတွေ အလွန်မှကို များလှတယ်မဟုတ်လား။

    ဒီနေ့လို ဒစ်ဂျစ်တယ်ခေတ်မှာ သတင်းတုယောင်တွေ၊ သတင်းဆိုးတွေ၊ အနိတ္ထာရုံတွေကို ရှောင်လွှဲနိုင်ဖို့ ခက်ခဲလှပါတယ်။ နေ့စဉ်နဲ့အမျှ ဆိုးရွားလှတဲ့သတင်းတွေ၊ ပြဿနာတွေဟာ နေရာတိုင်းကနေ ပေါပေါသီသီထွက်ပေါ်လာနေပါတယ်။ အထူးသဖြင့်တော့ ဖေ့စ်ဘုတ်လို ဆိုရှယ်မီဒီယာတွေဆီကနေပေါ့။

    ဒီလိုအကြောင်းအရာ သတင်းစကားမျိုးတွေဟာ စိတ်ကျန်းမာရေး အားနည်းသူတွေကိုမပြောနဲ့။ သာမန်လူတွေအတွက်တောင် စိတ်ထဲ တမျိုးတမည် စိတ်မချမ်းမသာဖြစ်စေမှာတော့ အမှန်ပါပဲ။ နေ့စဉ်မြင်တွေ့ကြားသိနေရရင် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲ့မှုတွေကို မသိမသာရော သိသိသာသာပါ ခံစားရလိမ့်မယ်လို့လည်း ကျွမ်းကျင်သူတွေက သတိပေးထားကြပါရဲ့။ စိတ်ဓာတ်ကျတာတွေ၊ စိတ်ထိခိုက်တာတွေအပြင် စိတ်ရောဂါအဆင့်အထိ ဖြစ်သွားနိုင်လောက်တာပါ။

    အထူးသဖြင့် သိသာထင်ရှားတဲ့အပြောင်းအလဲကြီးတွေကို ရင်ဆိုင်ရချိန်တိုင်းမှာ လူတွေဟာ မတည်ငြိမ်မှုတွေ၊ မလုံခြုံတဲ့စိတ်ခံစားချက်တွေ၊ ကြောက်ရွံ့ထိတ်လန့်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေဆက်တိုက်ခံစားလာရမှာပါ။ တဖြည်းဖြည်းနဲ့ စိတ်ဖိစီးမှုအသွင်ဖြစ်လာပြီး စိတ်ပင်ပန်း မှုကို ပြင်းပြင်းထန်ထန်ခံစားရပါလိမ့်မယ်။

    တချို့အခြေအနေမှာ ဖုန်းကို ကောက်မကိုင်ခင်တော့တာမျိုး၊ ဖေ့စ်ဘုတ်ပေါ်က Noti ကိုတောင် မကြည့်ချင်တော့တာမျိုးအထိဖြစ်လာပါလိမ့်မယ်။ နေ့စဉ်နဲ့အမျှ စိတ်ပင်ပန်း စရာ သတင်းတွေကို မြင်တွေ့နေရတဲ့ ဒီကနေ့ခေတ်မှာ ခုလိုစိတ်ခံစားချက်တွေကို ဘယ်လို ထိန်းချုပ်မလဲ။ ဘယ်လို လျော့ပါးသက်သာအောင် ပြုလုပ်သင့်သလဲဆိုတာကို အကြံလေးပေးချင်ပါတယ်။

    ဖေ့စ်ဘုတ်ပွတ်ရင်း စိတ်ပင်ပန်း နေကြပြီလား

    ဖေ့စ်ဘုတ်ပေါ်က စိတ်ပင်ပန်း စရာတွေကို ဖယ်ရှားကြည့်ကြစို့

    အကြောက်တရားကို မရှာဖွေပါနဲ့

    လူမှုကွန်ယက်ပေါ်က သတင်းတွေ အကြောင်းအရာတွေ အများစုဟာ စိတ်ညစ်စရာတွေ စိတ်ပင်ပန်းစရာ အပြည့်နဲ့ရယ်ပါ။ ကြောက်စရာ ဇာတ်လမ်းတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ၊ သတင်းတွေ၊ ဝေဖန်မှတ်ချက်တွေကို မြင်ရတဲ့အခါမျိုးမှာ ကြောက်ရွံ့စိုးရိမ်စိတ်၊ ထိတ်လန့်စိတ်၊ ရွံ့ရှာစိတ်တွေ ဖြစ်ပေါ်တတ်တာ လူ့သဘာဝပါပဲ။ ဒီတော့ ဒါမျိုးအဖြစ်အပျက်တွေကို ရှောင်လွှဲချင်ရင် ဒီလိုသတင်းတွေ မြင်တွေ့ရနိုင်တဲ့ နေရာတွကို တတ်နိုင်သမျှ ရှောင်ပါ။ ဖုန်းတွေက News Alert တွေ Noti တွေကို ပိတ်ထားပါ။

    ကြောက်တတ်တာတွေကို စာရင်းလုပ်ထားပါ

    စိတ်သောကရောက်နေတဲ့ ခံစားချက်တွေကို ထိန်းချုပ် လို့မရတဲ့အခါမျိုးမှာ လူတွေရဲ့ ဦးနှောက် အဲ့ဒီကိစ္စတွေကနေ ဖောက်ထွက်ဖို့ နည်းလမ်းရှာပါတယ်။ ဒီလို အာရုံလွှဲနိုင်မယ့် နည်းလမ်းတွေထဲက တစ်ခုကတော့ စာရင်းပြုစုရေးချလိုက်တာပါပဲ။ ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ကိစ္စတွေ စိုးရိမ်ပူပန်မှုတွေ သောကတွေ အကြောက်တရားတွေကို များမျာတွေးပေးပြီး များများရေးချပါ။  ကိုယ့်ရဲ့ ဦးနှောက် ဒါကို များများတွေးမိ လက်ခံမိလာလေလေ မိမိကိုယ်တိုင်လည်း ပိုပြီး တည်ငြိမ်လာလေလေပါပဲ။

    အိပ်ရာဝင်ခါနီးမှာ အီလက်ထရွန်နစ် ပစ္စည်းတွေကို ပိတ်ထားပါ

    အိပ်ရာဝင်ခါနီးမှာ ဖြစ်နိုင်သမျှ ကိုယ့်ရဲ့ ဖုန်း၊ တီဗီ၊ အင်တာနက်စတာတွေကို ပိတ်ထားတာက အကောင်းဆုံးပါပဲ။ ပိုကောင်းတာကတော့ စိတ်နှလုံးအေးချမ်းစေမယ့် စာအုပ်မျိုးလေးတွေ အိပ်ယာဝင်ခါနီး မိနစ် ၂၀ လောက်ဖတ်ပေးတာမျိုးလုပ်ပေးရင် ပိုကောင်းပါတယ်။

    တခြားသူတွေနဲ့ ပြောဆိုဆွေးနွေးပါ

    ကိုယ် ယုံကြည်စိတ်ချရတဲ့သူတွေကို မျှဝေပြောပြီး စိတ်သက်သာရာရအောင် လုပ်တာကလည်း ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဥပမာ – အမေတို့ ညီအကိုမောင်နှမတို့ သူငယ်ချင်းတို့နဲ့ပေါ့။

    Shake it off

    ဟုတ်ပါတယ်။ တေလာ ဆွစ်ဖ်ရဲ့ သီချင်းလိုပါပဲ။ သတင်းဆိုးတွေကြောင့် စိတ်ထိခိုက်နေရပြီဆိုရင် လူကို အားရပါးရ လှုပ်ခါပစ်လိုက်ပါ။ စိတ်လက်ပေါ့ပါးသွားပါလိမ့်မယ်။ တိရစ္ဆာန်တွေဟာ သူတို့ စိတ်လှုပ်ရှားတဲ့အခါမျိုးတွေမှာ ခန္ဓာကိုယ်ကို လှုပ်ခါပစ်လိုက်တာမျိုးသဘောတရားပါပဲ။

    အတင်းအကျပ် ပြန်မတိုက်ထုတ်နေပါနဲ့

    စိတ်သောကရောက်စရာတွေ၊ စိတ်ညစ်စရာ သတင်းတွေ ဖတ်မိလို့ ကိုယ်ပါ စိတ်ဆင်းရဲနေရပြီဆိုရင် အတင်း မေ့ဖျောက်ဖြစ်ဖို့ မကြိုးစားပါနဲ့။ လုပ်စရာရှိတာကို သက်သောင့်သက်သာလုပ်နိုင်ဖို့သာ အာရုံစိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ အတင်းအကျပ် မေ့ဖျောက်ပစ်ဖို့ လုပ်တာက စိတ်ထဲပိုစွဲစေပါလိမ့်မယ်။

    ဖေ့စ်ဘုတ်ပွတ်ရင်း စိတ်ပင်ပန်း နေကြပြီလား

    ကိုယ်လုပ်နိုင်တာတွေကိုပဲလုပ်ပါ

    စိတ်ညစ်ညူးစရာတွေ မြင်ရတွေ့လို့ တမျိုးတမည် ခံစားနေရပြီဆိုရင် သီချင်းအော်ဆိုလိုက်တာမျိုး၊ ငွေကြေးလှူဒါန်းလိုက်တာမျိုး၊ ကိုယ့်ကိုပျော်ရွှင်စိတ်ချမ်းမြေ့စေမယ့် ပို့စ်တွေ မျှဝေလိုက်တာမျိုး ကိုယ့်စိတ်ထဲ ကျေနပ်သွားစေမယ့်ဟာမျိုးလေးတွေ ကိုယ်နိုင်သလောက် လုပ်လိုက်ပါ။ ပျော်လာပါလိမ့်မယ်။

    အကျိုးအကြောင်းသင့်လျော်တဲ့ အဖြေတွေကို ရှာဖွေပါ

    တကယ်လို့ စိတ်မချမ်းမြေ့ဖွယ် သတင်းတွေအကြောင့် စိတ်ညစ်ညူးနေရရင် အကျိုးသင့်အကြောင့်သင်း ရှင်းလင်းပြနိုင်တဲ့သူမျိုးဆီက အဖြေရယူပါ။ ရဲရဲဝံ့ဝံ့ပြန်လည်ဖြေကြားကြည့်ပါ။ တစ်ဖက်လူရဲ့ အကျိုးသင့်အကြောင်းသင့် ဖြေရှင်းချက်တွေက ကိုယ့်ကို စိတ်သက်သာစေမှာ အမှန်ပါပဲ။

    အသက်ကို မှန်မှန်ရှူပါ

    တစ်ခုခု စိတ်လှုပ်ရှားစရာမျိုးတွေ ကြုံလာရတဲ့အခါ အသက်ကို မှန်မှန်ရှူဖို့ အနီးဝန်းကျင်က လူကြီးမိဘတွေက ပြောလေ့ရှိပါတယ်။ မှန်ပါတယ်။ ဒီနည်းလမ်းဟာ ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုပါ။  စတန်းဖို့ဒ် တက္ကသိုလ်က ဇီဝဓာတုဗေဒဆိုင်ရာ ပါမောက္ခ မာ့ခ် ကရန်စနိုးရဲ့ အဆိုအရဆိုရင် အသက်ရှူနှုန်းတည်ငြိမ်မှန်ကန်တာက စိတ်ကိုလည်း တည်ငြိမ်စေတယ်လို့ ဆိုပါတယ်။

    ကျန်းမာအောင်နေပါ

    ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့ညီညွတ်အောင်စားတာ၊ အိပ်ချိန်မှန်အောင်အိပ်တာတွေက ရုပ်ပိုင်းကိုသာမက စိတ်ကိုလည်း ကျန်းမာစေပါတယ်။ ဦးနှောက်က လိုအပ်တဲ့ ဟိုမုန်းတွေကို ပြည့်ပြည့်ဝဝထုတ်ပေးနိုင်မယ်ဆိုရင် စိတ်ဖိစီးမှုကင်းဝေးပြီး တော်ရုံစိတ်ညစ်စရာတွေကို တည်ငြိမ်စွာရင်ဆိုင်နိုင်သွားပါလိမ့်မယ်။

    မူးယစ်ဆေးနဲ့ အရက်ကို ရှောင်ပါ

    စိတ်ပင်ပန်းနေချိန် စိတ်ဖိစီးနေချိန်မှာ အရက်၊ ဆေးလိပ်၊ ကွမ်းယာနဲ့ မူးယစ်ဆေးဝါးတွေလို အရာတွေကို မှီဝဲသုံးစွဲတာမျိုး လုံးဝမပြုလုပ်သင့်ပါဘူး။ အရာရာ ပိုမိုဆိုးရွားသွားစေပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 28/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement