backup og meta

HIV ဘယ်လိုကူးခံရမှန်း မသိပါဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။

HIV ဘယ်လိုကူးခံရမှန်း မသိပါဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။

လူနာတွေကို HIV ရှိနေပြီလို့ ပြောလိုက်တဲ့အခါမှာ သူက ‘မဖြစ်နိုင်ဘူး။ ကျွန်တော်/ ကျွန်မက မဟုတ်တာ ဘာမှမလုပ်ဘူး’လို့ ပြန်ပြောတာ ကြုံဖူးပါတယ်။ ဒါမှမဟုတ်ရင်တောင်  ‘သေချာလို့လား။ အဖြေမှားနေတာလည်း ဖြစ်နိုင်တာပဲ’ဆိုပြီးလည်း ပြောကြပါတယ်။ အဖြေလည်း မှားနိုင်တာကြောင့် သေချာအောင်  ၂ခါစစ်ပြီးမှ ပြောတာပါ။ HIVရှိတယ်လို့ လူနာကို ပြောရတာ အင်မတန်ခက်ခဲပါတယ်။ နောက်ဆုံး သူတို့လက်ခံလိုက်ပြီဆိုရင်တောင် သူတို့ပြောတတ်တာက  HIV ဘယ်လိုကူးခံရမှန်း မသိပါဘူးဆိုတာ ပါပဲ။ ဒါဖြစ်နိုင်ပါ့မလား။

HIV ဘယ်လိုကူးခံရမှန်း ဘာကြောင့်မသိတာလဲ။

ပထမတစ်ချက်ကတော့ HIVရဲ့ သဘောသဘာဝကြောင့်ပါပဲ။ HIVမှာ သူပါလို့ သေချာသိရလောက်တဲ့ လက္ခဏာတွေ မရှိပါဘူး။ ပိုးကူးခံရသူ အများစုက စစကူးပြီး ၂ပတ်က ၆ပတ်အတွင်းဆို တုပ်ကွေးလို လက္ခဏာတွေလို ၂ပတ်လောက် ခံစားရတတ်ပါတယ်။ တုပ်ကွေးလို လက္ခဏာဖြစ်တဲ့အတွက် လူတိုင်းကလည်း သူ့ကိုယ်ကို တုပ်ကွေးဖြစ်နေတယ်လို့ပဲ ထင်တာပေါ့။ HIV ကူးတယ်လို့ ထင်မှာ မဟုတ်ဘူးလေ။

အဲ့လိုတုပ်ကွေးလက္ခဏာတွေလည်း ပျောက်သွားရော နောက်ထပ် ဘာလက္ခဏာမှ မပြတော့ပါဘူး။ နှစ်ပေါင်းများစွာ ကိုယ်ထဲမှာနေ၊ ကိုယ်ခံအားကို ဖျက်ဆီးနေပြီး နောက်ဆုံး ခုခံအားတွေ တော်တော်ကြီး ကျလာမှပဲ သိလာပါတော့တယ်။

နောက်တစ်ချက်က ကူးစက်တဲ့ နည်းလမ်းကို သေချာမသိကြလို့ပါ။ HIVပိုးရှိတယ်လို့ ပြောလိုက်ရင် ကျွန်တော်က အပျော်အပါး မလိုက်စားဘူးလို့ ပြောကြတယ်။ ပတ်ဝန်းကျင်ကလည်း သူရှုပ်လို့ ဖြစ်တာနေမှာပေါ့လို့ တွေးကြတယ်။

တကယ်က HIVက လိင်ဆက်ဆံတာကြောင့်ပဲ ကူးနိုင်တာမှ မဟုတ်တာ။ တခြားနည်းတွေနဲ့လည်း ကူးနိုင်ပါတယ်။ သွေးကနေ၊ ဆေးထိုးအပ်တွေကနေ၊ ခန္ဓာကိုယ်က ထွက်တဲ့အရည်ကနေစသဖြင့် ကူးနိုင်တာတွေ ရှိပါတယ်။

ကိုယ်က လိင်အပျော်အပါးမလိုက်စားလို့ HIVမရှိလောက်ဘူးလို့ ယူဆပြီး ပေါ့ပေါ့တန်တန် နေမိတာကြောင့် ကူးလို့ ကူးမှန်း မသိလိုက်တာကြောင့်ပါ။

 မသိလိုက်ဘဲ HIV ကူးသွားနိုင်တဲ့ နည်းလမ်းများ

လိင်အပျော်အပါး လိုက်စားတာအပြင် ကိုယ်မသိလိုက်ဘဲ ကူးသွားနိုင်တဲ့ နည်းလမ်းတွေ၊ ကူးဖို့ ခဲယဉ်းပေမယ့် ကိုယ်နဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ကူးသွားတာတွေလည်း ရှိပါတယ်။ ဒါတွေကတော့

  • ဆေးထိုးအပ်တွေ မျှဝေတာ

ကိုယ်က မူးယစ်ဆေး မသုံးဘူးဆိုရင်တောင် အရပ်ထဲမှာ လုပ်လေ့ရှိတဲ့ အပ်တစ်ချောင်းထဲနဲ့ နားဖောက်တာ၊ နောက်ကာလသားတွေ အချင်းချင်းလုပ်ပေးတတ်တဲ့ လိင်အင်္ဂါထဲ ဆီလီကွန်ထိုးတာ၊ ဂေါ်လီထည့်တာလိုမျိုးပေါ့။ ဒါတွေကနေ အခန့်မသင့်ရင် ကူးလာတတ်ပါတယ်။

  • ထိခိုက်ရှနာ

ဆေးရုံတွေမှာဆိုရင် လူနာကို ထိုးထားတဲ့ ဆေးထိုးအပ်က ကိုယ့်ကို စူးမိတာ၊ လူနာမှာ သုံးတဲ့ဓားက ကိုယ့်ကို ရှမိတာမျိုးပါ။ အပြင်မှာလည်း ဒီလိုဖြစ်နိုင်ပါတယ်။ ဥပမာ ရောဂါပိုးရှိတဲ့သူတစ်ယောက်ယောက် သုံးထားတဲ့ မုတ်ဆိတ်ရိတ်ဓားကို ကိုယ်က သုံးမိတယ်၊ သူကလည်း ရှထားတယ်ဆိုရင် ကူးနိုင်ခြေ ရှိပါတယ်။

အရင်ကဆိုရင် ဘုန်းကြီးကျောင်းတွေမှာ ဘာမှလည်း မလုပ်ပါဘဲနဲ့ HIVပိုးကူးခံရတဲ့ ကိုယ်တော်တွေ ရှိပါတယ်။ သူတို့ ဘယ်ကကူးတာလဲလို့ ရှာကြည့်တဲ့အခါ ဆံပင်ရိတ်တဲ့ သင်တုန်းဓားကနေ ကူးတာပါ။ ပိုးရှိတဲ့သူ သုံးထားတဲ့ သင်တုန်းဓားတွေ ရှပြီး တစ်ပါးကနေ တစ်ပါးကို ကူးကြတာပါ။

ဒါကြောင့် သူများနဲ့ ဒီလိုပစ္စည်းတွေ (ဥပမာ ဓား၊ မုတ်ဆိတ်ရိတ်ဓား၊ လက်သည်းညှပ်) မျှဝေသုံးမယ်ဆိုရင် အနည်းဆုံး ပိုးသတ်ပြီးမှ သုံးသင့်ပါတယ်။

  • သွေးပေတာ

ကိုယ့်အသိတစ်ယောက်ယောက်က သွေးထွက်တယ်ဆိုရင် ကိုယ်ကသွားပြီးတော့ လက်နဲ့ ထိမိတယ် ဒါမှမဟုတ် အပြင်မှာ အက်ဆီးဒင့် တစ်ခုခုနဲ့ ကြုံလို့ သူများကို ကူရာကနေ  သွေးတွေပေသွားတယ် စသဖြင့်ပေါ့။ တိုက်တိုက်ဆိုင်ဆိုင် ကိုယ့်မှာလဲ ပေါက်ပြဲဒဏ်ရာတွေ ရှိနေမယ်ဆိုရင် ကူးလာနိုင်ပါတယ်။

ဒီလိုမျိုး တခြားတစ်ယောက်နဲ့ သွေးနဲ့ ထိမိပြီဆိုရင် နီးရာဆေးရုံဆေးခန်းကိုသွား၊ အခြေအနေကို ပြောပြပြီး တိုင်ပင်သင့်ပါတယ်။ ၇၂နာရီအတွင်းမှာ PEP (ပိုးနဲ့ ထိတွေ့ပြီးနောက် သောက်ရတဲ့ HIVဆေး)ကို သေချာသောက်ရင် မကူးအောင် ကာကွယ်နိုင်မှာပါ။

  • သွေးသွင်းတာ

သွေးသွင်းတာကနေ ကူးတာက အင်မတန်ရှားပါတယ်။ ဘာကြောင့်လည်းဆိုတော့ သွေးမလှူခင်မှာ အဆင့်ဆင့် သေချာစစ်ဆေးလို့ပါ။ ဒါကြောင့် မရှိသလောက်ကို ရှားပါတယ်။ ဒါပေမယ့်လည်း ကြားထဲမှာ တစ်ခုခုလွဲချော်သွားတဲ့အခါ သွေးသွင်းရာကနေတဆင့် ကူးလာတာမျိုး ဖြစ်နိုင်ပါတယ်။

  • Sex toysတွေ မျှဝေသုံးစွဲတာ

တချို့က လိင်ဆက်ဆံရင် HIVနဲ့ တခြားကူးစက်ရောဂါတွေ ကူးမှာစိုးလို့ Sex toysတွေ သုံးကြပါတယ်။ ဒါပေမယ့် သူများနဲ့ မျှဝေသုံးစွဲတဲ့အခါ ပိုးရှိသူရဲ့ အရည်တွေက အဲ့မှာ ပေနေမယ်။ ကိုယ့်ရဲ့ လိင်အင်္ဂါမှာလည်း ပေါက်ပြဲတာတွေ ရှိမယ်ဆိုရင် ကူးသွားနိုင်ပါတယ်။ ဒါကြောင့် ဘာပစ္စည်းပဲ မျှသုံးသုံး ပိုးသတ်ပြီးမှပဲ သုံးစေချင်ပါတယ်။

  • တက်တူးနဲ့ ခန္ဓာကိုယ် အပေါက်ဖောက်တာတွေ

ခုခေတ်မှာ HIVနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ရှိလာတော့ ဒီလိုမျိုး တက်တူးထိုးရာကနေ ကူးတယ်ဆိုတာက တော်တော်ကြီးကို ရှားလာပါပြီ။ အများစုကတော့ အပ်သန့်သန့်တွေနဲ့ပဲ ထိုးကြတော့တာပါ။ ဒါပေမယ့် မသန့်တဲ့ဆိုင်ကနေ ထိုးလာရင်တော့ ရောဂါကူးနိုင်ခြေ ရှိတာပေါ့။ ဒါကြောင့် စိတ်ချရတဲ့ ဆိုင်မှာပဲ ထိုးဖို့၊ ဖောက်ဖို့ အကြံပြုလိုပါတယ်။

HIV ဘယ်လိုကူးခံရမှန်း မသိပါဘူးဆိုတာ ဖြစ်နိုင်ပါ့မလား

HIV ဘယ်လိုကူးခံရမှန်း မသိပါဘူးဆိုတာ ဖြစ်နိုင်ပါ့မလားဆိုတော့ ဖြစ်နိုင်ပါတယ်။ လိင်ဆက်ဆံတာအပြင် ခုပြောတဲ့ နည်းလမ်းတွေကနေလည်း ကူးနိုင်ပါတယ်။ ကူးနိုင်ခြေနည်းတယ်ဆိုပေမယ့် လုံးဝမကူးတာတော့ မဟုတ်ပါဘူး။ ဒီတော့ HIVပိုးရှိတဲ့သူတိုင်းကို ရှုပ်လို့ ကူးတာလို့ မမြင်ဖို့၊ ခွဲခြားပြီး မဆက်ဆံဖို့ လိုပါတယ်။
ဒါ့ပြင် ကိုယ်က ကူးခံရနိုင်တဲ့ အနေအထား တစ်ခုခုနဲ့ ကြုံတွေ့ခဲ့ပြီဆိုရင်လည်း စိတ်အေးအေးထားပြီး ဆရာဝန်နဲ့ တိုင်ပင်ပါ။ PEP ဆေးသောက်ဖို့ လို မလို ဆွေးနွေးပါလို့ အကြံပြုချင်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

HIV and AIDS https://www.nhs.uk/conditions/hiv-and-aids/#:~:text=Most%20people%20experience%20a%20short,not%20know%20they’re%20infected. Accessed date Jan 19, 2023

Body fluids that transmit HIV https://www.cdc.gov/hiv/basics/hiv-transmission/body-fluids.html Accessed date Jan 19, 2023

Ways HIV can be transmitted https://www.cdc.gov/hiv/basics/hiv-transmission/ways-people-get-hiv.html Accessed date Jan 19, 2023

HIV and AIDS basic facts https://www.unaids.org/en/frequently-asked-questions-about-hiv-and-aids#:~:text=10)%20What%20is%20the%20risk,fully%20sterilized%20after%20each%20use. Accessed date Jan 19, 2023

Ways HIV is not transmitted https://www.cdc.gov/hiv/basics/hiv-transmission/not-transmitted.html Accessed date Jan 19, 2023

ယခုပုံစံ

12/12/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

HIV/ AIDS နဲ့ ပတ်သက်လို့ လူတွေသိထားတဲ့ မဟာအလွဲတွေ

HIVပိုး ကူးစက်မှုကို လျှော့ချနိုင်ဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement