HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။
HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ
အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။
HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ ဓာတ်ခွဲခန်းမှာ HIVပိုး အများကြီးကို သူရှင်နိုင်လောက်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပြီး သိမ်းဆည်းထားပါတယ်။
ဒါပေမဲ့ သူတို့ရှိတဲ့ အရည်တွေ (ဥပမာ သွေး၊ သုက်ရည်) စတာတွေ ခြောက်သွားတဲ့အခါ ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်က 90-99%လောက်ထိ မရှိတော့တာကို တွေ့ရပါတယ်။ ဆိုလိုတာက သူတို့တွေ အပြင်မှာ အကြာကြီး မရှင်နိုင်ကြပါဘူး။
ဒါက ဓာတ်ခွဲခန်းထဲမှာ ပိုးတွေ အများကြီးကို မွေးပြီး သူတို့ရှင်နိုင်လောက်တဲ့ ပတ်ဝန်းကျင်မှာ စမ်းတာပါ။ တကယ့်လက်တွေ့ဘဝမှာဆိုရင် အပူချိန်နဲ့ လေသလပ်တာနဲ့ ပိုးကောင်ရေ နည်းတာနဲ့တင် ကူးတဲ့ဆီကို ရောက်လိုက်မှာ မဟုတ်ပါဘူး။
ဒီလို အခြေအနေတွေဆိုရင်တော့ ခန္ဓာကိုယ်ပြင်ပမှာ နည်းနည်းကြာကြာ ရှင်နိုင်ပါတယ်
ပုံမှန်ဆိုရင်တော့ HIVပိုးက အပြင်ရောက်တာနဲ့ မိနစ်ပိုင်းအတွင်းမှာ သေသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ပြင်ပက ပတ်ဝန်းကျင်အခြေအနေတွေ၊ UV လှိုင်းတွေ၊ အပူချိန်တွေကြောင့် သူတို့ရဲ့ အခွံက ပျက်စီးပြီး မရှင်နိုင်လို့ပါ။
ဒါပေမဲ့ ဒီလိုအခြေအနေတွေဆိုရင်တော့ အချိန်နည်းနည်း ပိုကြာကြာရှင်နိုင်ပါတယ်။
အေးစက်နေတဲ့ အပူချိန်ဆိုရင်တော့ HIVပိုးက နည်းနည်းပိုကြာကြာ ရှင်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပူချိန်ကျတဲ့အခါ သူ့အခွံက မပျက်စီးလို့ပါတဲ့။
pH 7မှာနေနိုင်တယ်လို့ ပြောတာပါ။ ဒီထက် နည်းရင် များရင်တော့ မနေနိုင်ပါ။
ဒါနဲ့ ပြောင်းပြန် ဒီအခြေအနေတွေဆိုရင်တော့ မရှင်နိုင်ပါ။
UVလှိုင်းက ဗိုင်းရပ်စ်ရဲ့ အပေါ်ခွံကို ဖျက်ဆီးနိုင်ပါတယ်။ ပိုးက ရှင်တယ်ဆိုရင်တော့ အခွံမရှိတဲ့အတွက် ဆဲလ်တွေကို ကပ်လို့ မရပါဘူး။ တစ်နည်းအားဖြင့် ခန္ဓာကိုယ်ထဲ ဝင်ပြီး ပွားလို့မရပါဘူး။
HIVပိုးက အခန်းအပူချိန် ခြောက်သွေ့နေတဲ့ သွေးမှာ ၆ရက်လောက် ရှင်နိုင်ပါတယ်။ ဒါပေမဲ့ ပိုးကောင်ရေကတော့ အင်မတန်နည်းပါတယ်။ အကောင်ပဲရှိပြီး သူများကို ကူးရလောက်အောင် အသက်မရှင်နိုင်ပါဘူး။
ဒါကြောင့် ပြင်ပပစ္စည်းတွေကနေ HIVပိုးကူးဖို့က မဖြစ်နိုင်သလောက်ပါပဲ။ အပေါ်မှာ ပြောခဲ့တဲ့ အခြေအနေတွေနဲ့ ရှားရှားပါးပါး ကြုံခဲ့တယ်ဆိုရင်တောင် ကူးနိုင်ခြေက မရှိသလောက်ကို နည်းပါတယ်။
ဒါဆို အပ်တွေ၊ တက်တူးထိုးရာကနေ ကူးတယ်ဆိုတာ
ဆေးထိုးအပ်တွေ မျှဝေသုံးစွဲရာကနေ၊ ဆေးရုံဆေးခန်းမှာ ရောဂါပိုးရှိသူရဲ့ အပ်ကို စူးရာကနေ ကူးနိုင်ခြေ ရှိသလားဆိုတော့ ရှိပါတယ်။ ဒါတွေက အပ်ခေါင်းထဲမှာ သွေးပေနေတဲ့အတွက် အခု တစ်ယောက်သုံးပြီး နောက်တစ်ယောက်ကို ချက်ချင်းမျှလိုက်တဲ့အခါ ကိုယ်ထဲတန်းရောက်သွားတာပါ။
မတော်တဆအပ်စူးတာကတော့ တခြားနည်းတွေထက်စာရင် ကူးနိုင်ခြေ နည်းတယ်ဆိုပေမယ့် ကူးတတ်ပါတယ်။ ဒါကြောင့် အခြေအနေပေါ် မူတည်ပြီး Post exposure prophylaxisကို သောက်ရတာ ဖြစ်ပါတယ်။
တက်တူးကလည်း အလားတူပါပဲ။ အခုတစ်ယောက်ထိုး နောက်တစ်ယောက်ကို ချက်ချင်းဆက်ထိုးမယ်ဆိုရင် ကူးသွားနိုင်ပါတယ်။ US CDCကတော့ သူတို့ဆီမှာ ဒီနည်းနဲ့ ကူးတာက မရှိသလောက် နည်းတယ်လို့ ပြောပေမယ့် မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ သတိထားရပါမယ်။
ကံကောင်းတာက တော်တော်များများမှာ HIVနဲ့ ပတ်သက်ပြီး ဗဟုသုတရှိကြတာကြောင့် ဒီမှာလည်း သေချာပိုးသတ်ပြီးထိုးတဲ့နေရာတွေ ရှိနေပါပြီ။ တက်တူးထိုးရာကနေ ကူးတာတွေကလည်း သိသိသာသာနည်းလာပါပြီ။
ခြုံပြောရရင် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ မနေနိုင်တာကြောင့် ပြင်ပအရာဝတ္ထုတွေကနေ ကူးနိုင်ခြေက မရှိသလောက် နည်းပါတယ်။ ဒါပေမဲ့ ကိုယ့်မှာ HIVအကူးခံရမလားဆိုပြီး စိုးရိမ်စိတ်တွေ ရှိမယ်ဆိုရင် နီးစပ်ရာဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
[embed-health-tool-ovulation]