AIDS ဆိုတာ ခုခံအားကျဆင်းမှုကူးစက်ရောဂါရဲ့ အတိုကောက် စာလုံးဖြစ်ပါတယ်။ ဒီရောဂါကူးစက်ခံရပြီဆိုရင် ခန္ဓါကိုယ်က ဝင်လာသမျှရောဂါပိုးတွေကို ခုခံနိုင်စွမ်းမရှိတော့တာဖြစ်ပါတယ်။ AIDS ဟာ HIV ဗိုင်းရပ်စ်ကူးစက်ရပြီးနောက်ဆုံးအဆင့် ဖြစ်ပါတယ်။ HIV/AIDS ကို အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းနဲ့ ဆေးထိုးအပ်မျှဝေသုံးစွဲမှုတို့ကတဆင့် အများဆုံး ကူးစက်ပါတယ်။
တကယ်တော့ HIV ဟာ ပျံ့နှံ့လွယ်တဲ့ရောဂါပိုး မဟုတ်ပါဘူး။ ဒီဗိုင်းရပ်စ်ဟာ သွေး၊သုက်ရည်၊ ကနဦး သုက်ရည်၊စအိုမှအရည်၊မိန်းမကိုယ်အရည်နဲ့မိခင်နို့ တို့လို ခန္ဓါကိုယ်ကထွက်ရှိတဲ့အရည်တွေမှာ ပါဝင်နေနိုင်တာ ဖြစ်ပါတယ်။ အဲဒီအရည်တွေက အရေပြားပေါက်ပြဲအနာတစ်ခုခုကို တိုက်ရိုက်ထိတွေ့ မှသာ ဒါမှမဟုတ် သွေးကြောထဲကို ထိုးသွင်းခံရမှသာ ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။
အများအားဖြင့်တော့ HIV ပိုးရှိသူတစ်ဦးနဲ့ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံသူတွေမှာ HIV ကူးစက်ခံရတတ်ပါတယ်။ စအိုမှလိင်ဆက်ဆံခြင်းနဲ့ လိင်အင်္ဂါမှလိင်ဆက်ဆံခြင်းတို့ ဟာ အန္တရာယ်အများဆုံးလိင်မှုရေးရာလှုပ်ရှားဆက်ဆံမှု တွေလို့ယူဆရပါတယ်။ HIV ပိုးရှိသူနဲ့အတူ ဆေးထိုးအပ်ကိုမျှဝေသုံးစွဲခြင်း၊ ရေအတူဆေးကြောခြင်း၊ နဲ့ မူးယစ်ဆေးထိုးသွင်းရာမှာသုံးတဲ့ပစ္စည်းများအတူသုံး ခြင်းတို့ကနေလည်း HIV ကူးစက်ရရှိနိုင်ပါတယ်။ HIV ပိုးက ပတ်ဝန်းကျင်အနေအထားကိုမူတည်ပြီး ဆေးထိုးအပ်ထဲမှာ ၄၂ ရက်အထိ အသက်ရှင်နေနိုင်ပါ တယ်။
မိခင်မှာ HIV ရှိနေရင် မွေးဖွားလာချိန်မှာ မွေးကင်းစကလေးတွေကို ကူးစက်နိုင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူဆေးဝန်ထမ်းတွေဟာလည်း HIV ပိုးကပ်ပါလာတဲ့ ချွန်ထက်တဲ့အရာဝတ္ထု (ဥပမာ-ဆေးထိုးအပ်) တွေကြောင့် ထိရှရာက ကူးစက်နိုင်တဲ့အန္တရာယ်ရှိပါတယ်။
HIV ကို ပါးစပ်မှလိင်ဆက်ဆံခြင်း၊ အနမ်းကြမ်းခြင်း၊ သွေးသွင်းခြင်း ၊ ကိုယ်အင်္ဂါအစားထိုးကုသမှု ဒါမှမဟုတ် HIV လူနာတစ်ဦး စားပြီးသားအစားအစာကို စားမိခြင်းတို့ကတဆင့် ကူးစက်ပြန့်ပွားတဲ့ ရှားရှားပါးပါးကိစ္စမျိုးလည်း ရှိပါသည်။ HIV ရှိသူရဲ့ အကိုက်ခံရခြင်း ဒါမှမဟုတ် သူ့အနာ ကိုယ့်အနာချင်း ထိတွေ့မိခြင်းတို့ကနေလည်း ကူးစက်ခံရနိုင်ပါတယ်။
HIV ပိုးက (လက်ခံသူ) လူ့ခန္ဓါကိုယ်ပြင်ပမှာ ကြာကြာအသက်မရှင်နိုင်၊ မပွားများနိုင်တာကြောင့် ၎င်းကို လေ၊ရေ၊ ခြင်၊ အင်းဆက်တွေကနေ ကူးစက်ရရှိနိုင်မှာမဟုတ်သလို လက်ဆွဲနှုတ်ဆက်ခြင်း၊ ပါးပြင်ကိုနမ်းခြင်း၊ ခွက်တစ်ခွက်တည်းအတူသောက်ခြင်း တို့ိလို နိစ္စဒူဝထိတွေ့မှုမျိုးတွေကြောင့် မကူးစက်နိုင် ပါဘူး။ ရောဂါပိုးနှိမ်နင်းရေးကုသမှုခံယူထားတဲ့ HIV လူနာတွေဟာကိုယ့်အိမ်ထောင်ဘက်(လိင်ဆက်ဆံဖော်) ကို အတိုင်းအတာတစ်ခုအထိ ရောဂါကူးစက်နိုင်ခြေ ပိုနည်းပါတယ်။HIV နဲ့ AIDS တို့ဟာ အခေါ်အဝေါ်ချင်းရောထွေးနိုင်ပေ မယ့် အခြေအနေချင်းမတူကြပါဘူး။ HIV ရှိနေတာနဲ့ပဲ
AIDS ရှိတယ်လို့မဆိုလိုနိုင်ပါဘူး။ ခန္ဓါကိုယ်မှာ HIV ပိုး ကူးစက်ရရှိတဲ့အခါ ခန္ဓါကိုယ်က ခုခံနိုင်စွမ်းမရှိတော့တဲ့ အထိ နှစ်ပေါင်းများစွာကြာအောင် ၎င်းဗိုင်းရပ်စ်က ကိုယ်ခံအားစနစ်ကို တိတ်တဆိတ်တိုက်ခိုက်နေတတ် တာဖြစ်ပါတယ်။ ခန္ဓါကိုယ်က နောက်ဆုံးအဆင့်အထိ ရောဂါဆက်တိုးလာတဲ့အခါ AIDS ဖြစ်လာပါတယ်။ ကံကောင်းတာတစ်ခုကတော့ ဆေးပညာတိုးတက်မှုတွေ ရဲ့ကျေးဇူးကြောင့် HIV လူနာတွေဟာ AIDS အဆင့် အထိရောက်မှာမဟုတ်တော့ပါဘူး။ သင့်တော်တဲ့ဆေးဝါး ကုသမှုနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေအားကိုးနဲ့ HIV အဆင့်မှာပဲ ရောဂါပိုးကိုနှိမ်နင်းနိုင်ပြီး ရောဂါပိုးတိုက် ထုတ်နိုင်အောင် ခန္ဓါကိုယ်ကို ခုခံအားဆက်လက် မြှင့်တင်နိုင်ပါတယ်။ HIV/AIDS ဖြစ်ရင် သေရတော့မယ် ဆိုတာမျိုး မဟုတ်တော့ပါဘူး။ HIV ဗိုင်းရပ်စ်ရှိသူတွေလည်း ဘဝမှာ သက်တမ်းစေ့ အသက်ရှင်နေနိုင်ပါသေးတယ်။
Translated by Yun Sandi
[embed-health-tool-ovulation]