backup og meta

ကျွန်မ မနေ့က ဆေးမသောက်မိဘူး ဆရာမ


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျွန်မ မနေ့က ဆေးမသောက်မိဘူး ဆရာမ

    ‘ကျွန်မ မနေ့က ဆေးမသောက်မိဘူး ဆရာမ’ ဒါမျိုးက ခဏခဏ ကြုံရတဲ့ ပြဿနာပါ။ မနေ့ကလေ ကျွန်မ အလုပ်ရှုပ်နေလို့ ဆရာမရယ်။ အဲ့ဒါဆေးသောက်ဖို့ မေ့သွားတာ။ တော်ကြာ ကလေးရနေမှာစိုးလို့ ဆိုပြီး လာတိုင်ပင်တဲ့ အမျိုးသမီးတွေ မကြာမကြာတွေ့ရတတ်ပါတယ်။ တစ်ခါတစ်ခါ တားဆေးသောက်နေရဲ့သားနဲ့ ကလေးရသွားတယ်ဆိုတာ ဒီလိုမျိုး သောက်ဖို့ မေ့သွားတာကြောင့်လည်း ပါပါတယ်။

    သန္ဓေတားတဲ့ နည်းလမ်းတွေ အများကြီးရှိတဲ့ထဲမှာမှ ဆေးသောက်တဲ့ နည်းလမ်းက လူသုံးအများဆုံးပါပဲ။ အရပ်အခေါ်တော့ လက်ညိုးသောက်တယ် ပြောတာပေါ့။ ကျွန်မ လက်ညိုးသောက်နေတာဆိုတာ ပေါင်းစပ်သန္ဓေတားဆေး အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း နှစ်မျိုးပေါင်းထားတာကို ပြောတာပါ။

    တချို့က ၃လခံဆေး မထိုးချင်ဘူးဆရာမ။ သူကဝတယ်မလား။ ဒါမှမဟုတ် သားအိမ်ထဲတော့ အဲ့ဒီပစ္စည်းမထည့်ပါရစေနဲ့ ဆရာမရယ်။ လက်မောင်းအောက်ထဲမှာ အဲ့အချောင်း၂ချောင်း ရှိနေမှာလား ဆရာမ။ ကွန်ဒုံးကျတော့ အမျိုးသားက မသုံးလောက်ဘူး ဆရာမရဲ့။ စသဖြင့် ဆရာမပေါင်းများစွာရဲ့ အဆုံးသတ်မှာ တားဆေးသောက်တဲ့ဆီကို ရောက်သွားတော့တာပါပဲ။

    တားဆေးရွေးချယ်တဲ့ နေရာမှာ လူနာ သဘော တစ်ခုတည်း ဒါမှမဟုတ် ဆရာဝန် သဘော တစ်ခုတည်းနဲ့ ရွေးလို့မရပါဘူး။ သန္ဓေတားတဲ့ နည်းလမ်းတွေက ဘာတွေ ဘာတွေ ရှိတယ်။ ဘာသုံးချင်လဲ။ လူနာက (တကယ်တော့ လူနာတော့ မသုံးပါဘူး။ Clientလို့ ခေါ်တာပါ။ နေမကောင်းတဲ့သူမှ မဟုတ်တာပဲ။ ခုတော့ လူနာလို့ပဲ အလွယ်ပြောရအောင်ပါ။) ပြန်ဆက်ရအောင်။ လူနာက သူအဆင်ပြေတဲ့ နည်းကို ရွေးပါမယ်။ သူရွေးတဲ့နည်းလမ်းက သူ့ကျန်းမာရေးအခြေအနေနဲ့ အဆင်ပြေနိုင် မပြေနိုင် ဆရာဝန်က စစ်ဆေးပြီး ရွေးချယ်ပေးမှာပါ။ Procedure အရတော့ ဒီလိုသွားတာပါ။ အိမ်ဘေးက အမကြီး လက်ညိုးသောက်လို့ ကျွန်မလည်း လက်ညိုးလို့ ရချင်မှ ရမှာပါ။

    ဒီတစ်ခေါက်တော့ တားဆေးသောက်နေရင်း ဆေးသောက်ဖို့ မေ့သွားတဲ့အခါ ဘယ်လို လုပ်မလဲဆိုတာ ပြောပြပေးပါမယ်။ တားဆေးက တစ်နေ့ တစ်လုံး ပုံမှန်သောက်ရတယ်။ အချိန်မှန် သောက်ရတယ်ဆိုပေမယ့် တစ်ရက်တစ်လေ မေ့သွားတာမျိုး၊ ခရီးသွားနေတုန်း ဆေးကုန်သွားလို့ မသောက်လိုက်ရတာမျိုး စသဖြင့် ရှိတတ်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ။ အဓိက အမျိုးသမီးတွေ စိုးရိမ်တာက ကိုယ်ဝန်ရသွားမှာကိုပါ။ တားဆေးသောက်ဖို့ မေ့သွားလည်း  ကိုယ်ဝန်ရနိုင်ချေနည်းသွားအောင် ဘယ်လို လုပ်ကြမလဲ။

    တားဆေးသောက်ဖို့ တစ်လုံးမေ့ခဲ့ရင်

  • တစ်လုံးမေ့တယ်ဆိုတာက မနေ့က သောက်ရမှာကို ဒီနေ့မှ သတိရတာလည်း ဖြစ်နိုင်သလို မနက်သောက်ရမယ့်ဆေးကို ညမှ သတိရတာလည်း ဖြစ်နိုင်ပါတယ်။ ဆေးသောက်ဖို့ နောက်ကျသွားတာပေါ့။ နောက်ကျသွားတယ်ဆိုရင် သတိရတာနဲ့ ချက်ချင်းသောက်လိုက်ပါ။ မနေ့က မေ့ပြီး ဒီနေ့မှ သတိရတယ်ဆို သတိရရချင်း တစ်လုံးသောက်လိုက်ပါ။ (မနေ့က အစားပေါ့)။ ပြီးရင် ဒီနေ့ သောက်ရမယ့် ဆေးကို သူ့အချိန်ရောက်ရင် သောက်လိုက်ပါ။ တစ်နေ့တည်း ၂လုံးဖြစ်သွားပါမယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ သောက်လို့ရပါတယ်။
  • တစ်လုံးလောက်မေ့သွားတာက သန္ဓေတားတာကို မထိခိုက်ပါဘူး။ ဒါကြောင့် အရေးပေါ်သန္ဓေတားတဲ့ နည်းလမ်းတွေ သုံးဖို့တော့ မလိုပါဘူး။ ဒါပေမယ့် မေ့တာက ဆေးကတ်ရဲ့ ပထမတန်း ဒါမှမဟုတ် နောက်ဆုံးတန်း ဖြစ်နေမယ်၊ ရှေ့၅ရက်အတွင်းမှာလည်း အကာအကွယ်မပါဘဲ အတူနေထားမိမယ်ဆိုရင် စိတ်ချရအောင် အရေးပေါ်သန္ဓေတားဆေး သောက်နိုင်ပါတယ်။
  • နှစ်လုံးဆက်တိုက် သောက်ဖို့ မေ့သွားတယ်ဆိုရင်ရော

    • ခုနကလိုပဲ သတိရရချင်း တစ်လုံးသောက်ပါ။ ဒီနေ့အတွက်ကို သူ့အချိန်ရောက်ရင် သောက်လိုက်ပါ။ တစ်နေ့တည်း ၂လုံး ဖြစ်သွားမှာပါ။ မေ့တာက ၂လုံး၊ ဒီနေ့အတွက်က ၁လုံးဆိုပြီး တစ်ရက်တည်း ၃လုံးသောက်ဖို့ မလိုပါဘူး။ ၂လုံးဆို ရပါပြီ။ ပြီးရင် နောက်၇ရက်အတွင်း အမျိုးသားနဲ့ အတူတူ မနေတာ ဖြစ်ဖြစ်၊ နေခဲ့ရင်လည်း ကွန်ဒုံးသုံးပါ။ ၂လုံးလောက်မေ့ထားတော့ သန္ဓေတားနိုင်စွမ်းက နည်းနေပါပြီ။
    • တတိယတန်းမှာ ၂လုံးဆက်တိုက် သောက်ဖို့ မေ့ခဲ့ရင် ဒီအတန်းကို ကုန်အောင်သောက်ပါ။ ပြီးရင် ၄တန်းမြောက်ကို ဆက်မသောက်ဘဲ နောက်တစ်ကတ် အသစ်ဖောက်သောက်ပါ။ ဆိုလိုတာက လက်ရှိသောက်နေတဲ့ တတိယတန်းပြီးတာနဲ့ နောက်တစ်ကတ်ရဲ့ ပထမတန်းကို သောက်လိုက်ပါ။ ၄တန်းမြောက်ကို မသောက်ပါနဲ့။ အဲ့ဒီလမှာတော့ သွေးဆင်း (withdrawl bleeding) ချင်မှဆင်းမှာပါ။ ဘာလို့ဆို ဟော်မုန်းပါတာတွေပဲ ဆက်သောက်လိုက်လို့ပါ။ ဆေးကတ်ရဲ့ ၄တန်းမြောက်ဟာ ဟော်မုန်းမပါတဲ့ ဆေးလုံးတွေဆိုတာ သိပြီးသားလို့ ယူဆပါတယ်။
    • ဆေးကတ်အသစ် သောက်ဖို့ မလွယ်သေးဘူးဆိုရင် ဆေးစသောက်တာ ၇ရက်ကြာသည့်တိုင်အောင် အမျိုးသားနဲ့ အတူတူ မနေတာ ဖြစ်ဖြစ်၊ နေခဲ့ရင်လည်း ကွန်ဒုံးသုံးဖို့ လိုပါမယ်။
    • အပေါ်ဆုံးတန်းမှာ ၂လုံးဆက်တိုက် မေ့ခဲ့တယ်၊ ပြီးခဲ့တဲ့ ၅ရက်အတွင်းမှာလည်း အကာအကွယ်မပါဘဲ အတူနေထားမိမယ်ဆိုရင် စိတ်ချရအောင် အရေးပေါ်သန္ဓေတားဆေး သောက်ပါ။

    ဒါက ဆေးသောက်ဖို့ မေ့သွားရင် ဖြေရှင်းရမယ့် နည်းလမ်းတွေပါ။ တတ်နိုင်သလောက်တော့ ရှင်းအောင် ရေးထားပါတယ်။ နားမလည်ဘူးဆိုရင် ဆရာဝန်နဲ့ သေချာ ပြန်မေးပါ။

    ဆေးသောက်တာ မမေ့အောင်

    • ဆေးကတ်တွေကို ပိုဝယ်ထားပါ။ ဒါမှ ဆေးကုန်သွားလို့ မသောက်ရဘူးဆိုတာ မရှိမှာပါ။
    • ဆေးသောက်ချိန်ကို တိတိကျကျ သတ်မှတ်ပြီး alarmပေးထားပါ။ ဟော်မုန်းဆေးဖြစ်လို့ စော တစ်နာရီ နောက်ကျ တစ်နာရီပဲ ကောင်းပါတယ်။ ဆေးသောက်ချိန် မတိကျတာက ဆေးမေ့တာနဲ့ အတူတူပါပဲ။
    • ခရီးသွားရင် အိတ်ထဲ အပိုဆောင်သွားပါ။ ဆေးကို အတိအကျ ယူမသွားပါနဲ့။

    ဆေးသောက်တာမေ့သွားလို့ နောက်ကနေ လိုက်ပြင်ပေမယ့် တချို့သူတွေမှာ တစ်ခါတစ်လေ ကံမကောင်းစွာနဲ့ ကိုယ်ဝန်ရသွားတတ်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းတွေက ကိုယ်ဝန်ကို အပြည့်အဝကာကွယ်နိုင်တဲ့ နည်းလမ်းမဟုတ်ဘူးဆိုတာ သတိပေးလိုပါတယ်။ ဘယ်သန္ဓေတားတဲ့ နည်းလမ်းကမှ ၁၀၀ရာခိုင်နှုန်း သန္ဓေတားနိုင်စွမ်း မရှိပါဘူး။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement