အရေးပေါ်သန္ဓေတားနည်းနဲ့ပတ်သက်ပြီး သိထားသင့်သည့်အချက်များ ရှိနေပါတယ်။ ဗဟုသုတအနေနဲ့ သိရှိနိုင်အောင် လေ့လာလိုက်ပါ။
အရေးပေါ်သန္ဓေတားနည်းနဲ့ပတ်သက်ပြီး သိထားသင့်သည့်အချက်များ
အရေးပေါ်သန္ဓေတားနည်းနဲ့ပတ်သက်ပြီး သိထားသင့်သည့်အချက်များ ကတော့
အရေးပေါ်သန္ဓေတားနည်းဆိုတာဘာလဲ
အရေးပေါ်သန္ဓေတားနည်းဆိုတာ လိင်ဆက်ဆံပြီးနောက် ကိုယ်ဝန်ရမသွားစေဖို့ အသုံးပြုနိုင်တဲ့ သားဆက်ခြားနည်းလမ်းတွေဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကို ၅ ရက်အတွင်းအသုံးပြုလို့ရတယ်လို့ အကြံပြုထားပေမယ့် လိင်ဆက်ဆံပြီးမြန်မြန်အသုံးပြုနိုင်လေ ထိရောက်လေဖြစ်ပါတယ်။
ဘယ်သူတွေအသုံးပြုနိုင်သလဲ၊ ဘယ်လိုအခြေအနေမျိုးမှာသုံးကြသလဲ
ပျမ်းမျှအားဖြင့် အသက် ၁၅ နှစ်အရွယ်ကနေ ၄၄ နှစ်အတွင်းအမျိုးသမီးတွေ ကိုယ်ဝန်မရအောင်တားလိုတဲ့အခါ သုံးကြပါတယ်။ အရေးပေါ်သားဆက်ခြားနည်းကိုအသုံးပြုဖို့ အသက်ကန့်သတ်ချက်မရှိပါဘူး။ အရေးပေါ်သန္ဓေတားနည်းတွေကို လိင်ဆက်ဆံပြီးနောက် အခြေအနေအမျိုးမျိုးမှာ အသုံးပြုကြပါတယ် –
- သန္ဓေတားဆေးမသုံးထားခြင်း၊
- လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်း၊
- ပုံမှန်သားဆက်ခြားနည်းလမ်းတွေမှာ အမှားအယွင်း သို့မဟုတ် ချွတ်ယွင်းမှုရှိတဲ့အခါမျိုး၊
- ကွန်ဒုံးပေါက်ပြဲခြင်း၊ ချော်ထွက်ခြင်း၊အသုံးပြုပုံမမှန်ကန်ခြင်း၊
- သန္ဓေတားသောက်ဆေးတွေကို သောက်သုံးဖို့ ၃ ရက်နဲ့အထက် ရက်ကျော်ခြင်း၊
- သားအိမ်ဝအဖုံး(diaphragm )သို့မဟုတ် သားအိမ်ဝအပိတ် (cervical cap) အနေအထားမမှန်ခြင်း၊ ပျက်စီးခြင်း၊ပေါက်ပြဲခြင်း၊ ထွက်ကျခြင်း(expulsion)
- ရက်တွက် သန္ဓေတားနည်းမှာ ရက်အတွက်မှားခြင်း၊
- သားအိမ်တွင်းထည့်ပစ္စည်း (IUD)သို့မဟုတ် အရေပြားအောက် ထည့်သွင်းရတဲ့သန္ဓေတားပစ္စည်း ကိုထုတ်လိုက်ပြီးတဲ့အချိန်တွေမှာ အရေးပေါ်သန္ဓေတားနည်းတွေကိုသုံးကြပါတယ်။
အရေးပေါ်သန္ဓေတားနည်းတွေက အကာအကွယ်မဲ့လိင်ဆက်ဆံပြီးနောက် သို့မဟုတ် လက်ရှိအသုံးပြုနေတဲ့ သန္ဓေတားနည်းက မအောင်မြင်ခဲ့ရင် (ဥပမာ- ကွန်ဒုံးပေါက်ပြဲတာ သို့မဟုတ်ဆေးသောက်ဖု့ိမေ့သွားတာ)တွေမှာ ကိုယ်ဝန်မရအောင် ကာကွယ်တားဆီးပေးနိုင်ပါတယ်။ နည်းလမ်းနှစ်မျိုးရှိပါတယ် –
- အရေးပေါ်သန္စေတားသောက်ဆေးများ
- IUD ( သားအိမ်တွင်းထည့်ပစ္စည်း သို့မဟုတ်coil)
အရေးပေါ်သန္ဓေတားဆေး
နိုင်ငံအများစုမှာ Plan B One-Step၊ 72-Hours ၊ G- Pill၊ Norlevo ၊ Pill 72၊ စတဲ့ဆေးဝါးတွေကို အသုံးများကြပေမယ့် ဒီမှာတော့ Ecee 2 ကိုအသုံးများကြပါတယ်။
Ecee 2 ဆိုတာဘာလဲ
Ecee 2 ဆိုတာ အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်း ကိုယ်ဝန်မရအောင်ကာကွယ်ပေးနိုင်ပါတယ်။Levonorgestrel ပါဝင်တဲ့ Ecee 2 ဟာ မျိုးဥကိုမကြွေအောင် တားဆီးပေးတာဖြစ်ပါတယ်။Levonorgestrel အရေးပေါ်တားဆေးကို သားဆက်ခြားနည်းအဖြစ် ပုံမှန်စွဲသောက်ဖို့ စီမံထားတာမဟုတ်ပါဘူး။ သားဆက်ခြားနည်း ပုံစံအမျိုးမျိုးကို သိနိုင်ဖို့ ဆရာဝန်နဲ့ပြသဆွေးနွေးပါ။
Levonorgestrelဆေးကို အကာအကွယ်မဲ့လိင်ဆက်ဆံပြီးနောက် စောနိုင်သမျှအစောဆုံး(၇၂ နာရီထက်ပိုမကြာဘဲ) ပထမအကြိမ်သောက်သုံးရမှာဖြစ်ပါတယ်။ ဒုတိယအကြိမ်ကိုတော့ ပထမတစ်လုံးသောက်ပြီး ၁၂ နာရီအကြာမှာ ထပ်သောက်ရပါမယ်။ ဒီဆေးတွေရဲ့ ထိရောက်မှုအာနိသင်ကဆေးသောက်တဲ့အချိန်အပိုင်းအခြားပေါ် လုံးဝမူတည်နေပါတယ်။
အရေးပေါ်သန္ဓေတားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကဘာတွေရှိလဲ
အရေးပေါ်သန္ဓေတားဆေးတွေသောက်သုံးခြင်းကပြင်းထန်တဲ့ သို့မဟုတ်ရေရှည် ကျန်းမာရေးပြဿနာတွေဖြစ်လာတာ မတွေ့ရဖူးပါဘူး။ ဒါပေမယ့်လည်း တခါတရံတော့ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါတယ်။ အဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးတွေကတော့ –
- ဗိုက်အောင့်ခြင်း
- ခေါင်းကိုက်ခြင်း
- ပုံမှန်မဟုတ်ဘဲ ရာသီသွေးဆင်းခြင်း(အနည်းငယ် သို့မဟုတ် များများ)
- နေမကောင်းဖြစ်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
ဖြစ်ခဲတဲ့ ဘေးထွက်ဆိုးကျိုးတချို့ကတော့ –
- ရင်သားတွေတင်းပြီးနာလာခြင်း
- ခေါင်းမူးခြင်း
- ပျို့အန်ခြင်း(ဆေးသောက်ပြီး ၂ နာရီ၊ ၃ နာရီအတွင်း ပျို့အန်လာပါက ဆရာဝန်ပြပါ)
အရေးပေါ်သန္ဓေတားဆေးတွေသောက်ပြီးနောက်ဖြစ်လာတဲ့လက္ခဏာတွေကို စိုးရိမ်လာတယ်ဆိုရင်ဆေးခန်း သို့မဟုတ်ဆေးပညာဝန်ထမ်းတစ်ယောက်ယောက်ကိုဆက်သွယ် အကြံဉာဏ်တောင်းပါ။အောက်ပါအချက်တွေဖြစ်လာရင် ဆရာဝန်ပြသင့်ပါတယ် –
- ကိုယ်ဝန်ရှိလာပြီလို့ထင်နေရင်
- ရာသီလာဖို့နောက်ကျနေတာ ၇ ရက်ကျော်လာရင်
- ရာသီသွေးက ပုံမှန်လာနေကျထက် ပိုနည်းလာ၊ ရက်ပိုတိုလာရင်
- ဝမ်းဗိုက်အောက်ပိုင်းက ရုတ်တရက် သို့မဟုတ် ပုံမှန်မဟုတ်ဘဲ နာကျင်လာ၊အောင့်လာရင်။
တခြားဆေးဝါးတွေနဲ့ရောမိရင်
အရေးပေါ်သန္ဓေတားဆေးတွေက တခြားဆေးဝါးတွေနဲ့ ဓါတ်ပြုတုံ့ပြန်မှုရှိလာနိုင်ပါတယ်။
- St John’s Wortဆေးဖက်ဝင်ဆေးများ
- ဝက်ရူးပြန်ရောဂါကုသဆေးတချို့
- အိတ်ခ်ျအိုင်ဗီ ကုသဆေးတချို့
- တီဘီဆေးတချို့
- အိုမီပရာဇော(omeprazole ) လို အစာအိမ်ဆေးတချို့ တို့နဲ့ရောမသောက်သင့်ပါဘူး။ဆေးအာနိသင်လျော့ပါလိမ့်မယ်။
သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း (IUD)
IUD ရဲ့လုပ်ဆောင်ချက်
သားအိမ်တွင်းထည့်သွင်းရတဲ့ သန္ဓေတားပစ္စည်း (IUD) ဟာ ပလတ်စတစ် ၊ကော့ပါးတို့နဲ့ပြုလုပ်ထားတဲ့ T ပုံစံ သန္ဓေတားပစ္စည်းငယ် တစ်ခုပါ။ ဒီပစ္စည်းကို ကျန်းမာရေးကျွမ်းကျင်ပညာရှင်ကနေ သားအိမ်ထဲထည့်ပေးရတာဖြစ်ပါတယ်။ ဒီနည်းက သားအိမ်မှာ မျိုးဥမတည်နိုင်အောင် သို့မဟုတ် မျိုးမအောင်နိုင်ဖို့ တားဆီးပေးပါတယ်။
အကာအကွယ်မဲ့လိင်ဆက်ဆံမှုရှိခဲ့တယ်ဆိုရင် ကိုယ်ဝန်မရစေဖို့ IUD ကိုနောက် ၅ ရက်လောက်အထိ သို့မဟုတ် မျိုးဥကြွေပြီး ၅ ရက်လောက်အထိ ထည့်သွင်းထားနိုင်ပါတယ်။ IUD ကို သားဆက်ခြားနည်းအဖြစ်နောက်ပိုင်းအတွက်လည်း ဆက်သုံးသွားလို့ရပါတယ်။
IUD ကိုဘယ်သူတွေသုံးလို့ရသလဲ
အမျိုးသမီးအများစုက IUD ကိုသုံးလို့ရပါတယ်။ ကိုယ်ဝန်မဆောင်ဖူးသူတွေနဲ့ အိတ်ခ်ျအိုင်ဗီပိုးရှိသူတွေလည်း အပါအဝင်ဖြစ်ပါတယ်။ IUD က ကိုယ်နဲ့သင့်တော်ပါ့မလားဆိုတာကို ဆေးမှတ်တမ်းတွေကိုကြည့်ပြီး ဆရာဝန်က ဆုံးဖြတ်အကြံပေးပါလိမ့်မယ်။
အောက်ပါအချက်တွေရှိနေရင် IUD ကိုမသုံးသင့်ပါ –
- လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါ(STI) သို့မဟုတ် ဆီးခုံပိုးဝင်ခြင်းကို မကုသရင်
- သားအိမ် သို့မဟုတ် သားအိမ်ခေါင်းမှာ မူမမှန်မှုတွေရှိနေရင်
- ယောနိကနေ အကြောင်းရင်းမသိရဘဲသွေးဆင်းနေရင် – ဥပမာ ရာသီလာချိန်မဟုတ်တဲ့ကြားကာလ သို့မဟုတ် လိင်ဆက်ဆံပြီးချိန်သွေးဆင်းတာ
- နှလုံးရောဂါရှိသူ အမျိုးသမီးတွေဟာလည်း IUD မထည့်သွင်းမီ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
IUD ရဲ့ဘေးထွက်ဆိုးကျိုး
IUD ထည့်သွင်းခြင်းရဲ့နောက်ဆက်တွဲပြဿနာကတော့ ရှားပါတယ်။ ဒါပေမယ့် နာကျင်ကိုက်ခဲမှု၊ရောဂါပိုးဝင်ခြင်း၊ သားအိမ်ထိခိုက်မှု၊သို့မဟုတ် သားအိမ်ထဲကနေ သူ့အလိုလိုထွက်လာခြင်း တို့ပါဝင်နိုင်ပါတယ်။ IUD ကို ပုံမှန်သားဆက်ခြားနည်းအဖြစ် ဆက်သုံးနေတယ်ဆိုရင် ရာသီသွေးဆင်းချိန် ပိုကြာနိုင်၊ ပိုများနိုင်၊ နာကျင်ကိုက်ခဲမှုပိုလာနိုင်ပါတယ်။
အောက်ပါလက္ခဏာတွေဖြစ်လာရင် ဆရာဝန်ပြပါ –
- ကိုယ်ဝန်ရှိလာပြီထင်ရင်
- လိင်ဆက်ဆံမှုအတွင်း သားအိမ်တဝိုက်နာကျင်ကိုက်ခဲခြင်း
- ပုံမှန်မဟုတ်တဲ့အဖြူဆင်းခြင်း သို့မဟုတ် လိင်အင်္ဂါမှာအနာဖြစ်ခြင်း
- အကြောင်းရင်းမယ်မယ်ရရမရှိဘဲ ဖျားနေခြင်း
- လိင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါ(STDs)ကူးစက်ခံရပြီဆိုရင်
- ခေါင်းတခြမ်းကိုက်ခြင်းပြင်းထန်လာရင်
- အသားဝါလာခြင်း ဒါမှမဟုတ် မျက်ဖြူသားကဝါလာခြင်း(အသည်းပြဿနာရှိတဲ့လက္ခဏာဖြစ်နိုင်)
- လေဖြတ်ခြင်း သို့မဟုတ် နှလုံးရုတ်တရက်ခေတ္တရပ်ခြင်းဖြစ်လာရင်
- သင့်အိမ်ထောင်ဘက်က အိတ်ခ်ျအိုင်ဗီပိုးရှိလာရင်
- ယောနိကသွေးဆင်းများရင် သို့မဟုတ်သွေးဆင်းတာကြာလာရင်
အရေးပေါ်သန္ဓေတားခြင်းက လိင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါ(STDs)တွေကို မကာကွယ်နိုင်ပါဘူး။ လိင်ဆက်ဆံတဲ့အခါ သားဆက်ခြားနည်းသုံးထားတယ်ဆိုရင်တောင် STDတွေကို ကာကွယ်ဖို့ ကွန်ဒုံးသုံးတာ အကောင်းဆုံးပါပဲ။
[embed-health-tool-ovulation]