ဒီလုပ်ငန်းစဉ်မှာဆိုရင် ခွဲစိတ်ဆရာဝန်က အမျိုးသမီးတွေရဲ့ သားဥပြွန်ကို ချည်နှောင်ပစ်မှာ ဖြစ်မှာ ဖြစ်ပါတယ်။ သားဥပြွန်တွေဟာ သားဥ အစေ့အိမ်ကနေ သားအိမ်ဆီသို့ ဥ သယ်ဆောင်ပေးတဲ့ ပြွန်တွေဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ ဒီနည်းလမ်းကို tubal ligation လို့ခေါ်လေ့ရှိကြပါတယ်။ ဒီနည်းလမ်းကလည်း ယောက်ျားလေးတွေ သားကြောဖြတ်ခြင်းလို ကိုယ်ဝန်ရခြင်းကို ကာကွယ်နိုင်ပြီး စိတ်ချရတယ်ဆိုပေမဲ့ သွေးထွက်ခြင်း၊ ကူးစက်ရောဂါ ကူးစက်ခြင်း၊ တခြားအင်္ဂါတွေကို ထိခိုက်နိုင်ခြင်း၊ မေ့ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ခြင်း၊ သားအိမ်ပြင်ပ ကိုယ်ဝန်လွယ်ရခြင်း စတဲ့ အန္တရာယ်တွေ ဖြစ်နိုင်ခြေ တော့ရှိပါတယ်။
တစ်ဖက်ကပြန်ကြည့်ရင်လည်း လေ့လာချက် အသစ်တွေအရ သားဥပြွန်တွေကို ဖယ်ထုတ်လိုက်ခြင်းဟာ သားဥအိတ်ကင်ဆာကို ဖြစ်နိုင်ချေနည်းတယ်လို့ ဆိုထားပါတယ်။ tubal ligation ကို ဆေးရုံမှာပဲ ဖြစ်ဖြစ် ဆေးခန်းမှာပဲ ဖြစ်ဖြစ် ခွဲစိတ်မယ်ဆိုရင် နာရီဝက် ခန့်အထိ ကြာနိုင်ပြီး ထိုနေ့မှာပဲ အိမ်ပြန်အနားယူနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီး တစ်ချို့ကတော့ ဒီခွဲစိတ်မှုကို C-section (Cesarean section) လို့ခေါ်တဲ့ ဗိုက်ခွဲမွေးအပြီးမှာ တစ်ခါတည်း ပြုလုပ်လေ့ရှိတတ်ကြပါတယ်။
ဒီနည်းလမ်းကို လုပ်မယ်ဆိုရင် ဖြစ်တတ်တာလေးတွေ
ပထမဆုံး ဆရာဝန်က ခွဲစိတ်မှု မပြုလုပ်ခင် မေ့ဆေးပေးမှာ ဖြစ်ပြီး သင့်ရဲ့ ဗိုက်သားအောက်ဘက်နားမှာ ခွဲစိတ်ရာ ၂ ခု ခန့် ပြုလုပ်ကာ မီးသီးသေးနဲ့ ကင်မရာကို ဗိုက်ထဲ ထည့်မှာ ဖြစ်ပါတယ်။ ထိုနောက် သားဥပြွန်ကို ကိရိယာ သေးများနဲ့ ဆွဲယူမှာ ဖြစ်ပြီး သားဥပြွန်ကို ဖြတ်တောက်ခြင်း၊ ချည်နှောင်ခြင်း၊ ညှပ်ခြင်း နဲ့ ပိတ်ဆို့ခြင်း စတဲ့နည်းလမ်း တစ်ခုခုကို အသုံးပြုမှာ ဖြစ်ပါတယ်။ ပြီးရင် သားဥပြွန်တွေကို ချုပ်ရိုးနဲ့ သီမှာ ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုပြုလုပ်အပြီးမှာ မအီမသာဖြစ်တာမျိုးရှိတတ်ပြီး အကိုက်အခဲပျောက်ဆေးများကို မှီဝဲနိုင်ပါတယ်။ တခြား သန္ဓေတားနည်းတွေလိုပဲ ဒီခွဲစိတ်မှုကြောင့်လည်း လိင်ဆက်ဆံမှုကို ပြောင်းလဲစေမှာ မဟုတ်ပါဘူး။ ဒီခွဲစိတ်မှု အပြီးမှာ ဓမ္မတာကတော့ ပုံမှန်လာနေမှာ ဖြစ်ပါတယ်။
မိန်းကလေးတွေ အတွက် ရွေးချယ်စရာ (သားအိမ်ပြွန်ကို မြုံအောင်လုပ်ခြင်း)
Hysteroscopic sterilization ဆိုတာဟာ သားဥပြွန်ထဲ ပစ္စည်း အသေးလေးထည့်ကာ ဒီပစ္စည်းက တစ်ရှုးတွေကို ကြီးထွားလာစေပြီး ပြွန်များကို ပိတ်ဆို့အောင်လုပ်ရတဲ့ နည်းပညာဖြစ်ပါတယ်။ ဘာခွဲစိတ်စရာမှ မလိုအပ်ပါဘူး။ ဒီမြုံအောင်လုပ်တဲ့နေရာမှာ Essure လို့ခေါ်တဲ့ ပစ္စည်းလေးကို ထည့်သွင်းကာ အသုံးပြုရပြီး ဆရာဝန်က သေးငယ်ပြီး စပရင်ကဲ့သို့ ပစ္စည်းလေးကို သင့်ရဲ့သားဥပြွန်ထဲ ထည့်ကာ ဒီပစ္စည်းက ပြွန်ထဲမှာ အမာရွတ်တစ်ရှုးတွေ ဖြစ်ပေါ်စေပြီး ပြွန်ကို အမြဲတမ်းပိတ်ဆို့နေစေမှာ ဖြစ်ပါတယ်။ ဒီကုသမှုကလည်း ၁၅ မိနစ်ခန့်သာကြာမှာဖြစ်ပြီး ဆရာဝန်က မွေးလမ်းကြောင်းထဲမှ Essure ကို ထည့်ပေးမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာဆိုရင် ဓမ္မတာလာတဲ့အခါ နာကျင်ခြင်း၊ ကြွက်သားအောင့်ခြင်း၊ သွေးထွက်ခြင်းများ ကို ခံစားရနိုင်ပါတယ်။ တစ်ချို့အမျိုးသမီးတွေကတော့ ဒီပစ္စည်းနဲ့ ဓတ်မတည့်တဲ့အတွက် ဒီပစ္စည်းကို ပြန်လည်ခွဲထုတ်ရတဲ့ အခါမျိုးတွေလည်းရှိတတ်ပါတယ်။ ဒီလို အဖြစ်မျိုးကို စိုးရိမ်တယ်ဆိုရင်တော့ မိမိရဲ့ ဆရာဝန်နဲ့ ဒီကုသမှုကို မခံယူခင် သေချာဆွေးနွေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာလည်း ၉၉ % ခန့် အကျိုးသက်ရောက်မှုရှိပေမဲ့ အမာရွတ်ဖြစ်ပေါ်ဖို့အတွက် အချိန်တစ်ခုလိုအပ်တဲ့အတွက် အရန်သန္ဓေတားနည်းတစ်မျိုးကို ၃ လလောက်အထိ မှီဝဲသင့်ပါတယ်။
ဆုံးဖြတ်ချက်ချရန်
ဘယ်လို သန္ဓေတားနည်းမျိုးက မိမိနဲ့ အသင့်တော်ဆုံးလဲဆိုတာ ကိုယ့်ဘာသာရွေးချယ်ဆုံး ဖြတ်ဖို့လိုပါတယ်။ အထက်မှာ ပြောခဲ့တဲ့ ဇနီးမောင်နှံကတော့ vasectomy လို့ခေါ်တဲ့ ယောက်ျားသားကြောဖြတ်ခြင်းဟာ အမြန်ဆုံးပြုလုပ်နိုင်ပြီး အန္တရာယ်နည်းပါးတဲ့အတွက် သူတို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို အမြဲတမ်း သန္ဓေတားနည်းတွေ ပြုလုပ်မယ်ဆိုရင် မိမိတို့ ဇနီးမောင်နှံ ၂ ဦးဟာ အနာဂတ်မှာလည်း ကလေးမလိုချင်ကြောင်း ၁၀၀ % သေချာမှ ဆုံးဖြတ်သင့်ကြောင်း အသိပေးရင်း ဒီဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါတယ် ခင်ဗျာ။
Hello Health Group သည်ဆေးပညာအကြုံပြုချက်များ၊ရောဂါရှာဖွေမှုများနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။