သင်အနေနဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိခဲ့မယ်ဆိုရင် အထိရောက်ဆုံး အရေးပေါ်သန္ဓေတားနည်းတွေ သုံးတာ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ အရေးပေါ် သန္ဓေတားနည်းတွေထဲမှာ အထိရောက်ဆုံးဖြစ်တဲ့ IUD နဲ့ Ella တို့က အလွယ်တကူရဖို့ မလွယ်ကူပါဘူး။ IUD ဆိုရင်လည်း သူနာပြုဆရာမ တစ်ယောက် ဒါမှမဟုတ် ဆရာဝန်တစ်ယောက် ထည့်သွင်းပေးမှရတာပါ။ Ella ဆိုရင်လည်း ဝယ်ဖို့အတွက် ဆရာဝန်ရဲ့ ဆေးစာလိုအပ်ပါတယ်။ ဒီတော့ ဒီ ၂ ခုကိုသုံးဖို့ဆိုရင်ကိုယ်က ဘယ်လောက် အချိန်က အကာအကွယ်မပါဘဲ လိင်ဆက်ဆံထားလဲဆိုတဲ့အချိန်ကို ကြည့်ပြီး အချိန်မှီသောက်သုံးရမှာ ဖြစ်ပါတယ်။
levonorgestrel ဟော်မုန်းဆေးတွေဖြစ်တဲ့ Plan B တို့လို ဆေးတွေဟာ သင်အကာအကွယ်မပါဘဲ လိင်ဆက်ဆံခဲ့ပြီးနောက် ၃ ရက်ကျော်သွားမယ်ဆိုရင်၊ သောက်သုံးမယ့်သူက BMI တန်ဖိုးမြင့်နေတယ်ဆိုရင် IUD နဲ့ Ella တို့လောက်ကို မထိရောက်တော့ပါဘူး။ ဒါပေမဲ့ Plan B နဲ့ တစ်ခြား levonorgestrel ဟော်မုန်းဆေးတွေက ဝယ်ရအလွယ်ဆုံးပါပဲ။ ဒါတွေဝယ်ဖို့အတွက် သင့်အနေနဲ့ ဆရာဝန်ဆေးစာ မလိုအပ်ပဲ နိုင်ငံအနှံ့ ကဆေးဆိုင်တွေမှာ အသက်အရွယ်မရွေး၊ ကျားမ မရွေး ဝယ်ယူနိုင်ပါတယ်။
ပဋိသန္ဓေတားဆေး တွေသောက်ဖို့မေ့တာပဲ ဖြစ်ဖြစ်၊ သန္ဓေတား Patch တွေ၊ Ring တွေသုံးထားပြီး ရက်ကျော်သွားတာပဲဖြစ်ဖြစ် သန္ဓေတားဆေးသောက်မယ်ဆိုရင် Ella က Plan B တွေလောက်မထိရောက်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရင်သုံးထားတဲ့ သန္ဓေတားနည်းလမ်းတွေမှ ဟော်မုန်းအကျန်တွေက Ella ရဲ့ အလုပ်လုပ်တဲ့ပုံစံကိုသွားနှောင့်ယှက်လို့ပါ။ တကယ်လို့ သင်လည်း ဘယ်လို EC အရေးပေါ်သန္ဓေတားနည်း တွေသုံးရမလဲဆိုတာ ဝေခွဲမရဖြစ်နေတယ်ဆိုရင် ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သတိထားဖို့တစ်ခုကတော့ Ella တို့ Plan B တို့လိုမတူတဲ့ morning-after pills နှစ်မျိုးကို ၅ ရက်လောက်မခြားဘဲ သွားမသုံးမိပါစေနဲ့။ ဘာကြောင့်လဲ ဆိုတော့ ဒီဆေးနှစ်မျိုးက အချင်ချင်း တုံ့ပြန်ပြီး သန္ဓေတားပေးနိုင်တော့မှာ မဟုတ်ပါဘူး။
ဒါ့အပြင် ကိုယ်ဝန်မရနိုင်အောင်ဆိုပြီး morning-after pill ကို ပိုသောက်တာမျိုးလည်း မလုပ်ပါနဲ့။ ဒါဟာ သင့်ကို ပိုပြီး သန္ဓေတားပေးနိုင်မှာ မဟုတ်တဲ့အပြင် သင့်ကို ပိုပြီး နေထိုင်မကောင်းသာ ဖြစ်စေမှာပါ။ ဒါပေမဲ့ သင့်အနေနဲ့ ဘယ်လို အရေးပေါ် သန္ဓေတားနည်းက အကောင်းဆုံးလဲဆိုတာ စဉ်းစားလို့မရဘူးဆိုရင်လည်း ဘာသန္ဓေတားဆေးမှ မသောက်ထားတာထက် အရေးပေါ် သန္ဓေတားနည်းတစ်ခုခု သုံးလိုက်တာက ပိုကောင်းပါတယ်။ ဒါ့အပြင် အရေးပေါ် သန္ဓေတားဆေးတွေမှာ အချိန်မီဖြစ်ဖို့က အရမ်းအရေးကြီးပါတယ်။ ဒါ့ကြောင့် အရေးပေါ် သန္ဓေတားဆေးတွေ အသုံးပြုမယ်ဆိုရင် နာရီပေါင်း ၁၂၀ (၅ ရက်) အတွင်းသောက်သုံးသင့်ပါတယ်။
အရေးပေါ် သန္ဓေတားနည်းတွေကို ဘယ်လောက် အချိန်အတွင်း သောက်သုံးသင့်လဲ။
အကာအကွယ်မပါဘဲ လိင်ဆက်ဆံအပြီး နာရီပေါင်း ၁၂၀ ( ၅ ရက် ) အတွင်းမှာ ParaGard IUD နဲ့ Ella တို့ကို အသုံးပြုမယ်ဆိုရင် ပဋိသန္ဓေကို တားဆီးပေးနိုင်ပါတယ်။ ဒါပေမဲ့ Plan B My Way, Next Choice တို့လို တစ်ခြား levonorgestrel ဟော်မုန်းဆေးတွေကတော့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံအပြီး အမြန်ဆုံးသောက်သုံးလေ အထိရောက်ဆုံး ဖြစ်လေဖြစ်ပြီး အချိန်အားဖြင့်တော့ ၇၂ နာရီ (၃ ရက်) အတွင်း သောက်သုံးတာ အကောင်းဆုံး ဖြစ်ပါတယ်။ ၅ ရက်လောက်အထိ သောက်သုံးနိုင်တယ်ဆိုပေမဲ့ စောစောသောက်သုံးထားတာ လောက်ထိတော့ ထိရောက်မှာ မဟုတ်ပါဘူး။
morning-after pill သန္ဓေတားဆေးတွေက စိတ်ချရရဲ့လား။
အရေးပေါ် သန္ဓေတားနည်း (EC) တို့က စိတ်ချရပါတယ်။ လူသန်းပေါင်းများစွာက အရေးပေါ် သန္ဓေတားနည်း (EC) အမျိုးမျိုးကို နှစ်ပေါင်း ၃၀ လောက်အထိ အသုံးပြုခဲ့ကြပြီးပါပြီ။ အခုချိန်အထိ အရေးပေါ် သန္ဓေတားနည်းသုံးလို့ ရောဂါသစ်ထပ်တိုးတယ်ဆိုတာမျိုးတော့ မရှိပါဘူး။
morning-after pill ဆေးတွေကို ဘယ်နှစ်ကြိမ်လောက်အထိ သုံးစွဲနိုင်လဲ။
morning-after pill တွေကို ဘယ်အချိန်အထိပဲ ဖြစ်ဖြစ် အသုံးပြုတာက သင့်ကျန်းမာရေးကို မထိခိုက်နိုင်ပါဘူး။ ဒါပေမဲ့ morning-after pill ဆေးတွေကို ပုံမှန် သန္ဓေတားနည်းအဖြစ် တော့ တစ်ချို့အကြောင်းတွေကြောင့် မမှီဝဲသင့်ပါဘူး။ အောက်မှာတော့ ဒီအချက်တွေကို ဖော်ပြထားပါတယ်။
- morning-after pill ဆေးတွေဟာ တခြားသန္ဓေတားနည်းတွေ ဖြစ်တဲ့ IUD, implant, pill, shot, ring တို့လောက် သန္ဓေကို ထိထိရောက်ရောက် မတားဆီးနိုင်ပါဘူး။
- morning-after pill ကိုပဲ ထပ်ခါ ထပ်ခါ သုံးစွဲနေတာမျိုးက တစ်ခြားပုံမှန် သန္ဓေတားနည်းတွေထက် ဈေးကြီးပါတယ်။
- morning-after pill ဆေးသောက်လို့ ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေက ယာယီသာ ဖြစ်ပြီး အန္တရာယ် မရှိဘူးဆိုပေမဲ့ ဓမ္မတာအတွင်း သွေးသွန်ခြင်းနဲ့ မအီမသာ ဖြစ်ခြင်းတို့ ဖြစ်နိုင်တဲ့အတွက် စိတ်ရှုပ်စရာကောင်းပါတယ်။
- morning-after pill ဆေးတွေကို ဘယ်နှစ်ကြိမ်ပဲ သုံးသည်ဖြစ်စေ စိတ်ချရပါတယ်။ ဒီနည်းက ရေရှည်သုံးလို့ကောင်းတဲ့ နည်းလမ်း မဟုတ်တာ တစ်ခုပါပဲ။ လိင်မဆက်ဆံခင်နဲ့ ဆက်ဆံစဉ်အတွင်း သုံးရတဲ့ IUD, implant, pill နဲ့ ကွန်ဒုံးတို့လိုမျိုး သန္ဓေတားနည်းတွေဟာ ပိုထိရောက်မှုရှိပြီး ဈေးသက်သာတဲ့အပြင် အလွယ်တကူလည်း ရရှိနိုင်ပါတယ်။ ParaGard IUD ကို အရေးပေါ် သန္ဓေတားနည်းအဖြစ် အသုံးပြုသင့်တဲ့အချက်က ဒီ IUD ဟာ သန္ဓေတားတဲ့ နေရာမှာ စိတ်ချရနိုင်ပြီး မထုတ်မချင်း ၁၂ နှစ်အထိ အလုပ်ကောင်းကောင်း လုပ်နိုင်ပါတယ်။
အရေးပေါ် သန္ဓေတားနည်း (EC) တွေက ဘယ်လိုအလုပ်လုပ်လဲ။
ကိုယ်ဝန်ဆိုတာ လိင်ဆက်ဆံအပြီး ချက်ခြင်းတန်းဖြစ်လာတာမဟုတ်ပါဘူး။ ဒါကြောင့် သန္ဓေတားချင်တယ်ဆိုရင် လိင်ဆက်ဆံအပြီး ရက်အနည်းငယ်အတွင်းမှာ တားဆီးသင့်တာပါ။ ဒီနေရာမှာ အချိန်က အလွန်စကားပြောပါတယ်။
သုတ်ကောင်တွေဟာ သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ အများဆုံး ၆ ရက်ခန့်အထိ နေထိုင်နိုင်ပြီး မျိုးဥကြွေမယ့် အချိန်ကို စောင့်နေကြတာပါ။ အဲ့အချိန်မှာ သင်က မျိုးဥကြွေမယ်ဆိုရင်တော့ သုတ်ကောင်တွေက မျိုးဥအိမ်ဆီသွားပြီး သန္ဓေတည်နိုင်ပါတယ်။ morning-after pill ဆေးတွေဟာ သင့်ရဲ့ မျိုးဥအိမ်ကို မျိုးဥ မကြွေစေဖို့ အတွက် ယာယီတားဆီးပေးခြင်းဖြစ်ပါတယ်။ မျက်လုံးထဲမြင်အောင်ပြောရမယ်ဆိုရင်တော့ မျိုးဥအိမ်မှ မျိုးဥမကြွေစေဖို့အတွက် အရေးပေါ် ဘရိတ် ဆွဲထားတဲ့ ပုံစံပါပဲ။ သင်က ဓမ္မတာ လာနေတဲ့အချိန် morning-after pill ဆေးကို သောက်သုံးမယ်ဆိုရင် သူတို့ရဲ့ သန္ဓေတားနိုင်စွမ်းကို ထိခိုက်စေပါတယ်။ morning-after pill တွေက မျိုးဥကြွေနှင့်ပြီးသားဆို အလုပ်မလုပ်တော့ပါဘူး။ ဒါ့ကြောင့် အချိန်ကိုက်ဖြစ်ဖို့ အရေးကြီးတယ်လို့ပြောတာပါ။ အမျိုးသမီး အများစုက သူတို့ ဘယ်အချိန် မျိုးဥကြွေတယ်ဆိုတာကို မသိကြပါဘူး။ ဒီလိုမျိုးဆိုရင်တော့ အရေးပေါ် သန္ဓေတားနည်း (EC) တွေကို အမြန်ဆုံး အသုံးပြုတာက အကောင်းဆုံး ဖြစ်ပါတယ်။
ParaGard IUD တွေကတော့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံအပြီး ၅ ရက် အထိ သန္ဓေတားပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သုတ်ကောင်တွေက ကြေးနီကို မကြိုက်လို့ပါ။ ParaGard IUD ထဲမှာပါဝင်တဲ့ ကြေးနီက သုတ်ကောင်တွေကို မျိုးဥအိမ်ဆီသို့ ကူးခတ်ခြင်းကို တားဆီးပေးပါတယ်။morning-after pill တွေက ကိုယ်ဝန်ဖျက်ချတဲ့ ဆေးတွေဖြစ်တဲ့ RU-486 တို့လိုမဟုတ်ပါဘူး။ morning-after pill ဆေးတွေက သန္ဓေ မပျက်ကျစေပါဘူး။ ဒါ့အပြင် ကိုယ်ဝန်ဆောင်နေပြီးသားဆိုလည်း အလုပ်မလုပ်ပါဘူး။ ကိုယ်ဝန်ဆောင်နေတဲ့ အချိန် သောက်သုံးမယ်ဆိုရင်လည်း သန္ဓေသားကို မထိခိုက်စေနိုင်ပါဘူး။ အရေးပေါ် သန္ဓေတားနည်း (EC) တွေဟာ သန္ဓေတားပေးတာဖြစ်ပါတယ်။ ပျက်ကျစေတာ မဟုတ်ပါဘူး။
morning-after pill နဲ့ copper IUD တို့က ဘယ်လောက် တန်ဖိုးရှိလဲ။
morning-after pill ဆေးတွေရဲ့ ဈေးနှုန်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် Plan B One-Step က ဒေါ်လာ ၄၀ -၅၀ လောက်အထိ ကျသင့်မှာ ဖြစ်ပြီး Next Choice One Dose, Take Action နဲ့ My Way တို့ကတော့ ဒေါ်လာ ၁၅ – ၄၅ ဒေါ်လာ လောက်အထိသာကျသင့်ပါတယ်။ မြန်မာနိုင်ငံမှာတော့ဒီလိုသန္ဓေတားဆေးတွေက မြန်မာကျပ် ၁၀၀၀ ကနေ ၃၀၀၀ အကြားသာ ကျသင့်ပါတယ်။ Ella ကတော့ ဒေါ်လာ ၅၀ ကနေ အထက် ကျသင့်ပါတယ်။ IUD ကတော့ အမြင့်ဆုံး ဒေါ်လာ ၁၀၀၀ လောက်အထိ ရှိတတ်ပြီး အမေရိကန်နိုင်ငံမှာဆိုရင်တော့ ကျန်းမာရေး အာမခံနဲ့ဆိုရင် အခမဲ့ တပ်ဆင်နိုင်ပါတယ်။
HelloHealth Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။