backup og meta

ဟော်မုန်းပါတဲ့ သန္ဓေတားသောက်ဆေးများ အကြောင်း သိကောင်းစရာ

ဟော်မုန်းပါတဲ့ သန္ဓေတားသောက်ဆေးများ အကြောင်း သိကောင်းစရာ

ဟော်မုန်းပါတဲ့ သန္ဓေတားသောက်ဆေးများ အကြောင်း သိကောင်းစရာ  ……. သန္ဓေတားဖို့အတွက် အမျိုးသားတွေ အတွက်ရော၊ အမျိုးသမီးတွေ အတွက်ရော နည်းလမ်း အများအပြားရှိပါတယ်။ အဲ့ဒီထဲက တစ်ခုကတော့ ဟော်မုန်းဆိုင်ရာ သန္ဓေတားနည်း တစ်ခုဖြစ်တဲ့ ဆေးတောင့်တွေ ဖြစ်ပါတယ်။ ဒီ သန္ဓေတားဆေးတွေကိုတော့ သောက်သုံးရတာ ဖြစ်ပြီး မှန်မှန်ကန်ကန် အသုံးပြုမယ်ဆိုရင်တော့ ၉၉.၉ ရာခိုင်နှုန်း အထိ ထိရောက်မှု ရှိပါတယ်။

ဒါပေမဲ့ ဒီ သန္ဓေတားဆေးတွေ ဟာ လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကို မကာကွယ်နိုင်ပါဘူး။ ဒါ့ကြောင့် လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD) တွေကို ကာကွယ်လိုတယ်ဆိုရင်တော့ အမျိုးသားသုံး ကွန်ဒုံးတွေကို အသုံးပြုသင့်ပါတယ်။

ဟော်မုန်းပါတဲ့ သန္ဓေတားသောက်ဆေးများ အကြောင်း သိကောင်းစရာ

ဟော်မုန်းပါတဲ့ သန္ဓေတားသောက်ဆေးများ အကြောင်း နည်းနည်းလောက် လေ့လာလိုက်ရအောင်နော်။

ဟော်မုန်း သန္ဓေတားဆေးတွေ ဘယ်လို အလုပ်လုပ်သလဲ။

မျိုးဥအိမ်မှ ကြွေလာတဲ့ မျိုးဥတစ်လုံးဟာ အမျိုးသားရဲ့ သုက်ကောင်နဲ့ တွေ့ပြီး သန္ဓေအောင်တယ်ဆိုရင် ကိုယ်ဝန်ရတယ်လို့ ခေါ်ပါတယ်။ ဒီလို သန္ဓေအောင်သွားတဲ့ ဥဟာ အမျိုးသမီး သားအိမ်ထဲမှာ တွယ်ကပ်နေပြီး သားအိမ်ထဲမှာ သန္ဓေသားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အာဟာရဓာတ်ကို ရယူပါတယ်။ အမျိုးသမီး ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေက မျိုးဥအိမ်မှ မျိုးဥကြွေကျခြင်းကို ထိန်းချုပ်နိုင်ပြီး ခန္ဓာကိုယ်က သန္ဓေအောင်မျိုးဥလက်ခံခြင်းကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။

ဟော်မုန်းဆိုင်ရာ သန္ဓေတားနည်းတွေ ဖြစ်တဲ့ သန္ဓေတားဆေးတောင့်၊ ကပ်ခွာနဲ့ မွေးလမ်းကြောင်းဆိုင်ရာ ကွင်းတို့မှာ လူလုပ် အီစရိုဂျင်နဲ့ ပရိုဂျက်စတင် ဟော်မုန်း အနည်းငယ်စီပါဝင်ကြပါတယ်။ ဒီဟော်မုန်းတွေက ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်ဟော်မုန်းတွေကို တားဆီးခြင်းဖြင့် သန္ဓေကို တားကြတာ ဖြစ်ပါတယ်။ သန္ဓေကို တားတယ်ဆိုတာ အကြောင်းရင်းများစွာ စုပြီး တားရတာ ဖြစ်ပါတယ်။

ဟော်မုန်းဆိုင်ရာ သန္ဓေတားဆေးတွေက မျိုးဥအိမ်မှ မျိုးဥကြွေကျခြင်းကို တားဆီးပြီး သားအိမ်ခေါင်းဆိုင်ရာ အကျိအချွဲတွေကို သုက်ကောင်ဖြတ်ကူးဖို့ ခက်ခဲစေပါတယ်။ ဒါ့အပြင် သားအိမ်အတွင်းက ဘေးအနားသားတွေကို ပြောင်းလဲလိုက်ခြင်းဖြင့် သန္ဓေအောင်ဥ တွယ်ကပ်လို့ မရအောင် ပြုလုပ်ပြီးလည်း သန္ဓေတားကြလေ့ရှိပါတယ်။

ဟော်မုန်းဆိုင်ရာ သန္ဓေတားဆေးတွေထဲမှာတော့ ဓမ္မတာ စက်ဝိုင်းကို ပိုကြာစေတဲ့ သန္ဓေတားဆေးတွေလည်းရှိပါတယ်။ သူက သာမန်သန္ဓေတားဆေးကတ်တွေလိုပါပဲ။ သာမန်တားဆေးတွေက ၂၁ရက်သောက်ပြီး ကျန်တဲ့ ၇ရက်အတွင်းမှာ ရာသီလာတာပါ။ တစ်လတစ်ခါ လာတာပေါ့။ သူကတော့ ၁၂ပတ်တိတိ ဟော်မုန်းပါတဲ့ ဆေးတွေကို သောက်ပြီး ကျန်တဲ့ ၁ပတ်မှာ အာနိသင်မပါတဲ့ ဆေးကို သောက်ရပါတယ်။ အဲ့တစ်ပတ်အတွင်းမှာ ရာသီလာပါတယ်။ အဲ့ဒီတော့ ၁လ ၁ခါ လာမယ့်အစား ၃လတစ်ခါပြ လာတော့တာပေါ့။

ရာသီလာတာကြောင့်  ကရိကထများပြီး စိတ်ရှုပ်ရလို့ ခဏခဏ မလာချင်တဲ့ အမျိုးသမီးတွေ၊ ရာသီသွေးဆင်းများလို့ သွေးအားနည်းတတ်တဲ့ အမျိုးသမီးတွေ၊ ရာသီလာချိန် နာကျင်ကိုက်ခဲတတ်တဲ့ အမျိုးသမီးတွေက ဒီနည်းလမ်းကို သုံးလေ့ရှိပါတယ်။

Mini ဆေးတောင့်တွေ ဆိုတာ ဘာလဲ။

Mini ဆေးတောင့်တွေမှာ ပရိုဂျက်စတင် ဟော်မုန်းတစ်မျိုးတည်းသာပါဝင်ပြီး နို့ချိုတိုက်ကျွေးနေတဲ့ အမျိုးသမီးတွေ၊ ပျို့အန်တတ်တဲ့ အမျိုးသမီးတွေနဲ့ အီစရိုဂျင်နဲ့ ဓာတ်မတည့်တဲ့ အမျိုးသမီးတွေ အများစု သောက်သုံးကြပါတယ်။

  • Mini ဆေးတောင့်တွေ ဘယ်လိုအလုပ်လုပ်သလဲ။

Mini ဆေးတောင့်တွေဟာ သုက်ကောင်တွေ မျိုးဥဆီသို့ မရောက်အောင် သားအိမ်ခေါင်း အနားသားတွေကို ထူထဲလာစေခြင်းဖြင့် သန္ဓေတားပေးတာ ဖြစ်ပါတယ်။ ဒီဆေးထဲမှာ ပါဝင်တဲ့ ဟော်မုန်းဟာ သားအိမ်တွင်းရှိ အနားသားတွေကို မျိုးဥအိမ် မတွယ်ကပ်စေနိုင်စေရန် ပြောင်းလဲပေးနိုင်ပါတယ်။ ဒီဆေးတောင့်တွေက နေ့စဉ်သောက်သုံးရတဲ့ ဆေးတွေ ဖြစ်ပါတယ်။

  • Mini ဆေးတောင့်တွေက ဘယ်လောက်ထိရောက်မှုရှိလဲ။

Mini ဆေးတောင့်တွေကို မှန်မှန်ကန်ကန်နဲ့ ပုံမှန်သောက်သုံးပေးမယ်ဆိုရင်တော့ ဒီဆေးတွေဟာ ၉၅ ရာခိုင်နှုန်း အထိ သန္ဓေတားပေးနိုင်ပါတယ်။ ဒီနှုန်းဟာ သာမန် သန္ဓေတားဆေးတွေထက်တော့ ထိရောက်မှုနည်းပါသေးတယ်။

သန္ဓေတားဆေးတွေက ဘယ်လိုပုံစံမျိုးလဲ။

သာမန်သန္ဓေတားဆေးတောင့်တွေမှာ ဆေး ၂၁ လုံး (သို့) ၂၈ လုံး တိတိ ပါဝင်ပါတယ်။ ၂၁ ရက်သောက်ဆေးတွေမှာတော့ အာနိသင်အပြည့် ဆေး ၂၁ လုံးတိတိပါဝင်ပြီး ၂၈ ရက်သောက်ဆေးတွေမှာတော့ အာနိသင်အပြည့် ဆေး ၂၁ လုံးနဲ့ အာနိသင်မပါတဲ့ ဆေး ၇ လုံးပါဝင်ပါတယ်။ ဒီလို အာနိသင်မပါတဲ့ ဆေးတွေက ၂၈ ရက်ပြည့်တိုင်း ဆေးကဒ် အသစ်သောက်သုံးဖို့ မမေ့စေရန်အတွက် ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ၁၂ပတ်ဆက်တိုက်သောက်ရတဲ့ ဆေးတွေမှာတော့ အာနိသင်ပါတဲ့ ဆေးတောင့် ၈၄ တောင့် ပါဝင်ပြီး အာနိသင်မပါတဲ့ ဆေး ၇ တောင့် တိတိပါဝင်ပါတယ်။

ဘယ်အချိန် သန္ဓေတားဆေးတွေကို သောက်သုံးရမလဲ။

ဘယ်အချိန်မှာပဲဖြစ်ဖြစ် သောက်လို့ရပါတယ်။ မသောက်ခင်မှာ ကိုယ်ဝန်မရှိဖို့တော့လိုပါတယ်။ ကိုယ့်ကိုယ်ကို သံသယရှိတယ်ဆိုရင် ဆီးစစ်ကြည့်ပါ။

ရာသီစလာတဲ့ရက်ကနေ ၅ရက်အတွင်း သောက်မယ်ဆိုရင် တန်းပြီး အတူနေလို့ ရပါတယ်။ တကယ်လို့ တခြားရက်တွေမှာ သောက်မယ်ဆိုရင်  အာနိသင်ရဖို့ ရက်စောင့်ရပါတယ်။ ပေါင်းစပ်သန္ဓေတားဆေးဆိုရင် ၇ရက်စောင့်ရပြီး ပရိုဂျက်စတုန်းတစ်မျိုးတည်း ပါတဲ့ဆေးဆို ၂ရက်စောင့်ရပါတယ်။ ဒါကြောင့် ဒီရက်တွေမှာ နေမယ်ဆိုရင် အာနိသင်မရသေးတာကြောင့် ကွန်ဒုံးသုံးဖို့ လိုပါတယ်။

ဆေးသောက်တဲ့ အခါမှာ ကိုယ်သောက်နေကျ အချိန်မှာပဲ ပုံမှန်သောက်သုံးတာက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးသောက်မယ့် အချိန်ကိုတော့ မနက်စာမစားခင်ပဲ ဖြစ်ဖြစ်၊ အိပ်ရာမဝင်ခင်ပဲ ဖြစ်ဖြစ် သောက်သုံးတာက ပိုပြီး မှတ်မိလွယ်စေပါလိမ့်မယ်။

ဘယ်အချိန်မှာ သန္ဓေတားဆေးကတ်ကို နောက်ထပ် စသောက်ရမလဲ။

ဆေးကတ်တွေကို ဆက်တိုက်သောက်ရမှာပါ။ ၂၈လုံးပြည့်တာနဲ့ နောက်ထပ်ကတ်အသစ်ကို ဆက်သောက်ရမှာ ဖြစ်ပါတယ်။ ၂၈လုံးသောက်ပြီးချိန်မှာ ရာသီပြီးသွားတာဖြစ်ဖြစ်၊ ဆက်လာနေတာဖြစ်ဖြစ် နောက်ထပ်ကတ်အသစ်ကို သောက်ရမှာပါ။ ရာသီလာလာ မလာလာ ဆေးကတ်သောက်တာကို မရပ်လိုက်ရပါဘူး။ ဆက်တိုက်သောက်နေရမှာ ဖြစ်ပါတယ်။

သန္ဓေတားဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိလား။

သန္ဓေတားဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုး အများစုကတော့ မပြင်းထန်ကြပါဘူး။

အတွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ပျို့အန်ခြင်း။
  • ကိုယ်အလေးချိန် တက်ခြင်း။
  • ရင်သားများတင်းပြီး နာကျင်ခြင်း။
  • ဓမ္မတာကြားကာလအတွင်း သွေးအနည်းငယ်ဆင်းခြင်း။
  • ဓမ္မတာ လာချိန် သွေးဆင်းမှု နည်းခြင်း။
  • စိတ်ပိုင်းဆိုင်ရာ အခြေအနေပြောင်းလဲခြင်း တို့ဖြစ်ပါတယ်။

ACHES လို့ အတိုကောက်ခေါ်လို့ရတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ သိပ်အတွေ့မများပေမဲ့ ပိုပြီး ပြင်းထန်ပါတယ်။ သင်အနေနဲ့ ဒီလိုဝေဒနာတွေကို ခံစားနေရမယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရောဂါ လက္ခဏာတွေက ပြင်းထန်တဲ့ ရောဂါတွေဖြစ်တဲ့ အသည်းရောဂါ၊ သည်းခြေအိတ်ရောဂါ၊ လေဖြတ်ခြင်း၊ သွေးခဲခြင်း၊ သွေးဖိအားများခြင်းနဲ့ နှလုံးရောဂါ ဖြစ်နေကြောင်းကို ပြသတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ACHES လို့ အတိုကောက်ခေါ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့-

  • ဝမ်းဗိုက်ပိုင်း နာကျင်ခြင်း (Abdominal pain)၊
  • ရင်ဘတ်ပိုင်း နာကျင်ခြင်း (Chest pain)၊
  • ခေါင်းအပြင်းအထန် ကိုက်ခြင်း (Headaches)၊
  • မျက်လုံးမှုန်လာခြင်း (Eye problems)၊
  • ခြေထောက်နဲ့ ပေါင်များ ရောင်ပြီး ကိုက်ခဲလာခြင်း (Swelling or aching in the legs and thighs)၊

ဒီလိုလက္ခဏာတွေ ခံစားရရင်တော့ ဆရာဝန်နဲ့ ပြန်ပြဖို့ လိုပါတယ်။

ဘယ်အမျိုးသမီးမဆို သန္ဓေတားဆေးသောက်နိုင်လား။

အမျိုးသမီးအများစုအနေနဲ့ သန္ဓေတားဆေးတွေကို ဘေးကင်းစွာ အသုံးပြုလို့ရပါတယ်။ သို့ပေမဲ့ အသက် ၃၅ နှစ်အရွယ် ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေကတော့ မသောက်သုံးသင့်ပါဘူး။ အထူးသဖြင့် ဆေးလိပ်ကို အချိန်ကြာကြာနဲ့ များများသောက်တတ်တဲ့ အမျိုးသမီးဖြစ်နေရင်ပါ။ သင့်မှာ အောက်မှာဖော်ပြထားတဲ့ ဝေဒနာ ရှိနေမယ်ဆိုရင် ဟော်မုန်းဆိုင်ရာ သန္ဓေတားဆေးတွေ မသောက်သုံးသင့်ပါဘူး။

  • လက်မောင်း၊ ခြေထောက်၊ အဆုတ် တို့တွင်သွေးခဲခြင်း။
  • နှလုံး (သို့) အသည်း ရောဂါ များဖြစ်ပွားခြင်း။
  • ရင်သား၊ သားအိမ်ကင်ဆာ များဖြစ်ပွားခြင်း။
  • သွေးဖိအားမြင့်တတ်ခြင်း။
  • ခေါင်းတစ်ခြမ်းကိုက် ပြဿနာရှိခြင်း

သန္ဓေတားဆေးသောက်တဲ့ အတွက် ခံစားရနိုင်တဲ့ တခြား အန္တရာယ်တွေလည်း ရှိပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဒီလို ဝေဒနာတွေကို ခံစားနေရမယ်၊ သင့်ရဲ့ မိဘ၊ မွေးချင်းနဲ့ ကလေးတို့ကလည်း သွေးခဲခြင်း ဝေဒနာကို ခံစားနေရမယ်ဆိုရင် သန္ဓေတားဆေး သောက်သုံးသင့်လားဆိုတာ ဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပါတယ်။

သန္ဓေတားဆေးသောက်ရင်း တခြား ဆေးဝါးတွေသောက်သုံးလို့ရလား။

ပဋိဇီဝဆေးဝါးတွေနဲ့ အတက်ကျဆေးဝါးတွေက သန္ဓေတားဆေးတွေရဲ့ ထိရောက်မှုကို လျှော့ကျနိုင်ပါတယ်။ သင့်အနေနဲ့ သန္ဓေတားဆေးတွေအပြင် တခြားသော ဆေးဝါးတွေသောက်သုံးနေတယ်ဆိုရင်လည်း ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

သန္ဓေတားဆေးတွေသောက်သုံးရင် မှတ်ထားရမယ့် အချက်များ။

တခြားသော သန္ဓေတားနည်းတွေဖြစ်တဲ့ အရေးပေါ်တားဆေးနဲ့ ကွန်ဒုံးတွေကို ဆေးသောက်ဖို့ မေ့သွားရင် အလွယ်တကူ အသုံးပြုဖို့ ဆောင်ထားပါ။ ဒါ့ပြင်

  • သင်က မကြာခဏ ခရီးသွားတတ်သူဆိုရင် သင့်ရဲ့ သန္ဓေတားဆေးကဒ်တွေကို အမြဲတမ်းသယ်သွားပါ။
  • သန္ဓေတားဆေးကို သောက်မယ်ဆိုရင် နေ့တိုင်း တူညီတဲ့ အချိန်မှာပဲ ပုံမှန်သောက်သုံးပေးပါ။
  • ဆေးကုန်ခါနီးပြီဆိုရင် နောက်ထပ်ဆေးကဒ်တွေကို အဆင်သင့်ဝယ်ထားပါ။
  • သန္ဓေတားဆေးတွေက ဆေးဝါးတွေပဲ ဖြစ်တာကြောင့် သင်တခြား ဝေဒနာ ခံစားနေရလို့ ဆရာဝန်ထံသွားရောက်ပြသတဲ့အခါ ဒီဆေးတွေ သောက်သုံးနေကြောင်း ပြောပြဖို့ လိုပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/sex/birth-control/birth-control-pills#1

https://www.plannedparenthood.org/learn/birth-control/birth-control-pill/how-do-i-use-the-birth-control-pill

https://www.plannedparenthood.org/learn/birth-control/spermicide

https://www.webmd.com/migraines-headaches/what-is-a-migraine-with-aura#1

ယခုပုံစံ

05/09/2023

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သန္ဓေအောင်စေနိုင်တဲ့ လိင်ဆက်ဆံပုံ အနေအထားများ

အမျိုးသားတို့ရဲ့ ဖေဖေဖြစ်ဖို့ အခွင့်အရေး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 05/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement