backup og meta

မိုးရေစိုစိုမှာ သတိထားရမယ့် အရေပြားပေါ်က ပြဿနာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 30/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိုးရေစိုစိုမှာ သတိထားရမယ့် အရေပြားပေါ်က ပြဿနာများ

    မိုးလေး တစ်ပြိုက်နှစ်ပြိုက်ကျရာကနေ ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ မုန်တိုင်းဆင်တဲ့ကာလကို ရောက်လာခဲ့ပါပြီ။ မိုးတွင်း စစ်စစ်ကြီးကို ရောက်လာပြီပေါ့။ မိုးရာသီဟာ ပတ်ဝန်းကျင်တစ်ခွင် စိမ်းစိမ်းစိုစို ရှူမျှော်ခင်းသာသာနဲ့ လှပတဲ့ ရာသီတစ်ခုဖြစ်ပါတယ်။ မိုးရာသီကို ရောက်လာပြီဆိုရင် သူ့ရဲ့ အလှတရားတွေအပြင် ကျန်းမာရေးပြဿနာတွေအကြောင်း လူတွေရဲ့ ခေါင်းထဲကို အတွေးတွေဝင်လာတတ်ကြပါတယ်။ အရေပြားပေါ်က ပြဿနာများ က တော့ ထိပ်ဆုံးပေါ့။

    မိုးရာသီကို ရောက်ပြီဆိုရင်

    မိုးရာသီဟာ တခြားရာသီဥတုတွေထက် ကျန်းမာရေးပြဿနာပိုများတတ်တာကြောင့်ပါ။ ရာသီအကူးအပြောင်းမှာဖြစ်တတ်တဲ့ ရာသီတုပ်ကွေးကနေစလို့ ကူးစက်ရောဂါတွေ၊ ဝမ်းပျက်ဝမ်းလျှောလိုဝေဒနာမျိုးတွေက မိုးရာသီမှာ အဖြစ်များကြလေ့ရှိပါတယ်။

    လေထုစိုထိုင်းစမြင့်တာ၊ မိုးအဆက်မပြတ်ရွာတာနဲ့ ရေကြီးရေလျှံတာတွေကြောင့် တခြားကျန်းမာရေးပြဿနာကြီးတစ်ခုကိုလည်း ရင်ဆိုင်ရတတ်ပါတယ်။ ဒါကတော့ အရေပြားကျန်းမာရေးပြဿနာပါပဲ။

    ယားယံတာတွေ၊ နေမထိထိုင်မသာဖြစ်တာတွေ၊ မှိုလို ဘက်တီးရီးယားလို ပိုးမွှား ကူးစက်ခံရတာတွေ လှိုင်လှိုင်ဖြစ်တတ်တဲ့ကာလလို့ ဆိုရမှာပါပဲ။

    မိုးရေစိုရွှဲနေတာ၊ စိုစိုစိစိဖြစ်တာ၊ ဗွက်တွေကြား သွားလာရင်း မသန့်တဲ့ရေတွေကို ထိတွေ့ရတာနဲ့ မိုးရေနဲ့ အကြာကြီး ထိတွေ့ရတာကြောင့် ဒီကာလတွေမှာ အရေပြားပြဿနာတွေ ဖြစ်ပေါ်တာပါ။

    မိုးရာသီ စိုစိုစွတ်စွတ်ဆိုတာက ဘက်တီးရီးယားတွေ၊ ပိုးမွှားတွေကို ပိုမိုပေါက်ဖွားလွယ်စေတယ်လေ။ ဒီဘက်တီးရီးယားတွေကြောင့် မှိုစွဲတာ၊ ဓာတ်မတည့်တာတွေ ဖြစ်စေနိုင်ပါတယ်။

    မိုးရာသီမှာဖြစ်တတ်တဲ့ အရေပြားပေါ်က ပြဿနာများ

    မိုးရာသီမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေ အများအပြားရှိပါတယ်။ ဒီရောဂါတွေအားလုံးဟာ ကြိုတင်ကာကွယ်တာတွေ၊ ကုသတာတွေ ပြုလုပ်လို့ရနိုင်တဲ့ ဝေဒနာတွေဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ ဝေဒနာတွေဟာ မိုးရာသီမှာ အဖြစ်အများဆုံး အရေပြားဆိုင်ရာ ဝေဒနာတွေဖြစ်ပါတယ်။

    အရေပြားကို ပိုးမွှားကူးစက်ခြင်း

    အဖြစ်အများဆုံးပြဿနာဖြစ်ပါတယ်။ များသောအားဖြင့် မျက်နှာ နီမြန်းတာ၊ ယားယံတာနဲ့ ဝက်ခြံထွက်တာတွေ ဖြစ်တတ်ပါတယ်။ မှိုနဲ့ ဘက်တီးရီးယားတွေ ကူးစက်ခံရတာကြောင့် ဖြစ်ပေါ်လေ့ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အရေပြားကို ပိုးမွှားကူးစက်နိုင်ပြီး ချွေးအဆက်မပြတ်ထွက်တာ၊ ရေဓာတ်ချို့တဲ့တာ၊ နေလောင်တာ၊ စိုထိုင်းစများတာနဲ့ ရာသီဥတုကူးပြောင်းမှုရဲ့ သက်ရောက်မှုတွေကြောင့်ဖြစ်တတ်ပါတယ်။

    ဒီလို ပိုးမွှားကူးစက်မှုမခံရဖို့ဆိုရင် ခန္ဓာကိုယ်ကို ခြောက်သွေ့အောင်ထားဖို့နဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့ အထူးလိုအပ်သလို ပုံမှန်ရေချိုးပေးဖို့လည်း လိုမှာဖြစ်ပါတယ်။ နောက်ပြီး ရေများများ သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

    ချွေး အလွန်အကျွံထွက်ခြင်း

    ပုံမှန်မဟုတ်တဲ့ ချွေးအလွန်အကျွံထွက်တတ်တဲ့သူတွေက မိုးရာသီကာလမှာ အထူးဂရုစိုက်ဖို့ လိုပါတယ်။ ရင်ဘတ်၊ ချိုင်းကြား၊ လက်ဖဝါး၊ ခြေဖဝါး၊ မျက်နှာနဲ့ ဦးရေပြားတို့မှာ ချွေးတွေ အလွန်အကျွံထွက်တာကြောင့် ရေဓာတ်ဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်သလို ရောဂါပိုးတွေ ပိုမိုကူးစက်လာစေနိုင်ပါတယ်။

    ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် ချွေးထွက်တဲ့နေရာကို မကြာခဏ သန့်စင်ပါ။ ဒါမှမဟုတ်လည်း ရေဓာတ်လုံလုံလောက်လောက် ပြန်လည်ဖြည့်တင်းတာမျိုးကိုလည်း ပြုလုပ်နိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းဖို့ကတော့ အရေးအကြီးဆုံးပါပဲ။ ဘယ်လိုမှ မသက်သာဘူးဆိုရင်တော့ Botox ထိုးသွင်းတဲ့နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

    အရေပြားအရောင်ပြောင်းခြင်း

    Pigmentation ဒါမှမဟုတ် Hyperpigmentation ပြဿနာဟာ မိုးရာသီမှာ အဖြစ်များလေ့ရှိပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အချက် ၂ ချက်ကတော့ ခန္ဓာကိုယ်က ပုံမှန်မဟုတ်တဲ့ ပမာဏမျိုးနဲ့ Melanin ထုတ်လုပ်တာကြောင့် ဒါမှဟုတ် နေရောင်ခြည်ကြောင့် Melanocytes တွေ အလွန်အမင်း လှုပ်ရှားသက်ဝင်နေတတ်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။

    ဒီပြဿနာအတွက် အဓိက နည်းလမ်းကတော့ နေရောင်ခြည်ကို ရှောင်ရှားတာပါပဲ။ နေပူထဲသွားရင် နေရောင်ပြင်းပြင်းမထိအောင် ရှောင်ရှားသွားလာတာ၊  နေလောင်ကာခရင်မ်လိမ်းတာ အကောင်းဆုံးပါ။

    ဝက်ခြံ

    ဝက်ခြံကလည်း မိုးရာသီမှာ ပိုပြီးအဖြစ်လွယ်ပါတယ်။ စိုစွတ်နေတဲ့ မိုးရာသီမှာ ပတ်ဝန်းကျင် သန့်ရှင်းမှုက အရမ်းကို အရေးကြီးပါတယ်။ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကို လက်နဲ့ ထိမိပြီး မျက်နှာကို ကိုင်တွယ်မိတဲ့အခါမှာ ဝက်ခြံတွေ အရမ်းကိုဖြစ်လွယ်ပါတယ်။

    မျက်နှာအသားအရေဟာလည်း မိုးရာသီမှာခြောက်သွေ့နေမှာ မဟုတ်တာကြောင့် ဘက်တီးရီးယားတွေပျော်ပျော်ကြီးနေရာယူနေမှာပါ။ ဒါကြောင့် မျက်နှာကို သန့်ရှင်းအောင် ထားတာက ဝက်ခြံထွက်ခြင်းကို သက်သာစေနိုင်ပါ။

    ဦးရေပြား ယားယံခြင်း

    မိုးရေမကြာခဏ စိုနေပြီဆိုရင် ဦးရေပြားယားယံတာနဲ့ ဗောက်ထတာတွေက နောက်ဆက်တွဲ ပြဿနာတွေဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဆံပင်တွေမှာ လှိုင်းအတွန့်တွေပေါ်လာတာပါ။ ဒါကတော့ လေထဲမှာ အစိုဓာတ်တွေ ပိုလျှံနေခြင်းကြောင့်ဖြစ်တာပါ။

    ဒီလိုမျိုး မိုးရာသီမှာ ဦးရေပြား ယားယံခြင်းကို ကာကွယ်ဖို့ဆိုရင်တော့ ပန်းသီးရှာလကာရည်ကို ရေလေးနဲ့ရောကာ ဦးရေပြားမှာ လိမ်းပါ။ ကိုယ်နဲ့ ကိုက်ညီတဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်ပြီး ခေါင်းလျှော်ပါ။

    ခြေသည်းမှိုစွဲခြင်း

    ခြေသည်းနဲ့ခြေထောက်မှာ မှိုစွဲတဲ့အခါမှာ သဲဝဲစားတာ၊ ဝဲပေါက်တာ၊ ခြေသည်းကြား သဲတွေဝင်ပြီး ခြေစွယ်ငုတ်တာတွေ ဖြစ်နိုင်ပါတယ်။ ခြေထောက်မှာ အနာဖြစ်နိုင်တဲ့အပြင် ပြည်တည်တာလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါဟာ မိုးရေထဲမှာလျှောက်သွားတာကြောင့် ဘက်တီးရီးယားတွေ ကပ်ညှိလာပြီးဖြစ်တာပါ။

    ဒါတွေကို ကြိုတင်ကာကွယ်ဖို့အတွက်ဆိုရင်တော့ မိုးရေနဲ့ ထိပြီးတိုင်း ခြေထောက်ကို ပြောင်စင်အောင် ဆေးကြောရပါမယ်။ ခြေသည်းကြားလေးတွေကိုလည်း ဂရုတစိုက်ဆေးကြောရပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 30/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement