ဆောင်းအေးလာချိန် ဖြစ်ဖြစ် မိုးရာသီ အကူးအပြောင်းမှာ ဖြစ်ဖြစ် တုပ်ကွေး ဖြစ်တာက တော်တော်လေး များပါတယ်။ ဒီလို ရာသီဥတုအေးတဲ့အချိန်မှာ မိသားစုဝင်တစ်ဦးဦး တုပ်ကွေးဖြစ်ပြီဆိုရင် တစ်ဦးကနေ တစ်ဦး လျင်လျင်မြန်မြန် ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ရာသီဥတု အေးတဲ့အချိန်မှာ အအေးမိတုပ်ကွေး ဗိုင်းရပ်စ် တွေက လျင်လျင်မြန်မြန် ကူးစက်တတ်ပါတယ်။
ဒီလိုမျိုး ရောဂါကူးစက်မှုတွေကို ဖျက်ပစ်လို့ရတဲ့ နည်းလမ်းတွေ ရှိနေပါတယ်။ ဒါတွေက ဘာတွေများ ဖြစ်မလဲ။ အတူတူ ကြည့်လိုက်ရအောင်နော်။
ရောဂါပိုးတွေ ဘယ်လိုများ ကူးစက်သလဲ
တုပ်ကွေး အပါအဝင် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေက အခုလို အခြေအနေတွေနဲ့ ကူးစက်နိုင်ပါတယ်။
- ကူးစက်စေနိုင်တဲ့အရာတွေ – ရောဂါဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေ ပါ။
- ရောဂါပိုးမွှားတွေ ရှိသောနေရာ – ရောဂါပိုးတွေ ရှိနေနိုင်တဲ့ နေရာတွေကတော့ ကိုယ့်ပတ်ဝန်းကျင်ပေါ့။ ကိုယ်ထိတွေ့နေတဲ့ နေရာတွေ အားလုံးက ရောဂါပိုးတွေ ရှိတဲ့နေရာပါပဲ။
- ရောဂါပိုးတွေရဲ့ ထွက်ပေါက် – ရောဂါပိုးတွေက သူတို့ရှိရာနေရာကနေ အပြင်ကို ထွက်သွားတဲ့ လမ်းကြောင်းတွေပါ ( ပွင့်နေတဲ့ အနာတွေ၊ သေးငယ်တဲ့ အမှုန်အမွှားလေးတွေ၊ နှာချေ၊ ချောင်းဆိုးတာ နဲ့ တံထွေးစတာအပါအဝင် ခန္ဓာကိုယ်ကနေ ထွက်လာတဲ့ အရည်တွေ)
- ကူးစက်မှု နည်းလမ်း – ရောဂါပိုးတွေ ကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့ ရောဂါပိုးရှိတဲ့ နေရာတွေနဲ့ လူတွေ တိုက်ရိုက်အားဖြင့် ဖြစ်စေ၊ သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ဖြစ်စေ ထိတွေ့မိတာ၊ အစားအသောက်တွေကနေတဆင့် မျိုချမိတာ၊ ရှူသွင်းမိတာတွေပါ။
- ရောဂါပိုးတွေရဲ့ ဝင်ပေါက် – ကူးစက်နိုင်တဲ့ ရောဂါပိုးတွေက လက်ခံရာနေရာကနေ နောက်တစ်ဦးဆီကို ကူးစက်နိုင်တာပါ။ ( ပေါက်ပြဲနေတဲ့ အရေပြား၊ အသက်ရှူလမ်းကြောင်း၊ အချွဲမြှေးတွေ၊ လေပြွန်တွေကနေတဆင့် ကူးစက်နိုင်ပါတယ်။)
- ထိခိုက်လွယ်တဲ့ ကျန်းမာရေးပြဿနာ ရှိသူတွေ – လူတိုင်း ရောဂါကူးခံရနိုင်ပေမယ့် ရောဂါအခံ တစ်ခုခု ရှိတဲ့သူတွေ၊ ကိုယ်ခံအား နည်းနေတဲ့သူတွေက ပိုကူးနိုင်ပါတယ်။
ရောဂါကူးစက်မှု ကွင်းဆက်တွေကို ဘယ်လိုများ ဖြတ်ကြရမလဲ
ရောဂါကူးစက်မှု ကွင်းဆက်တွေကို ဘယ်လိုများ ဖြတ်ကြရမလဲ ဆိုတော့ ရောဂါကူးစက်စေနိုင်တဲ့ အကြောင်းအရာတွေကို ဖြတ်တောက်ပစ်တာပါပဲ။ ရောဂါပိုး ကူးစက်မှုတွေကို ဖြတ်တောက်မယ်ဆိုရင်တော့
- လက်ဆေးပါ
လက်က ရောဂါပိုးတွေ အများဆုံး ကပ်တွယ်နေနိုင်တဲ့ အရာပါ။ ဒါကြောင့် တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း အပြင်က ပြန်လာပြီးတိုင်း အစားမစားခင်နဲ့ ရေအိမ်က အဆင်းတွေမှာ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး စက္ကန့် ၂၀ ကြာ သေချာလေး ဆေးကြောပါ။ နောက်တစ်ချက် သတိထားရမှာက လက်နဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကို ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့။ လက်ကို မကြာခဏ ဆေးကြောပေးတာက တုပ်ကွေးမဖြစ်အောင် ကာကွယ်ပေးရာရောက်သလို ရောဂါပိုးတွေ ကူးဆက်မှု ကွင်းဆက်ကို ဖြတ်တောက်ရာလည်း ကျပါတယ်။
- တုပ်ကွေး ကာကွယ်ဆေး ထိုးပါ
တုပ်ကွေး ကာကွယ်ဆေးကို တစ်နှစ်တစ်ခါ ထိုးတာကလည်း ထိရောက်တဲ့ တုပ်ကွေး ကာကွယ်မှုနည်းလမ်းပါ။ ကာကွယ်ဆေးက မျိုးစိတ်မတူလို့ မကာကွယ်ပေးနိုင်ရင်တောင်မှ ရောဂါမပြင်းထန်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် တုပ်ကွေး ကွင်းဆက်ကို ဖြတ်ချင်တယ်ဆိုရင် တစ်နှစ်ကို တစ်ခေါက် ကာကွယ်ဆေး ထိုးပေးပါ။
- ပိုးသတ်ပါ
နေအိမ်ကို ပိုးသတ်သန့်စင်တာ၊ အသုံးအဆောင်တွေကို ပိုးသတ်တာက တုပ်ကွေး မကူးစက်အောင် ကာကွယ်နိုင်သလို တုပ်ကွေး ကွင်းဆက်ဖြတ်တောက်နိုင်ပါတယ်။ ဒါကြောင့် အိမ်တွင်းမှာ ဖျားနာတဲ့သူရှိမယ်။ ရုံးတွင်းမှာ ဖျားနာတဲ့သူ ရှိမယ်ဆိုရင် နေထိုင်ရာ ပတ်ဝန်းကျင်နဲ့ အသုံးအဆောင်တွေကို ပိုးသတ်ပါ။
- နှာချေချောင်းဆိုးရင် အုပ်ထားပါ
နှာချေချောင်းဆိုးတဲ့အခါ ထွက်လာတဲ့ အမှုန်တွေက ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် နှာချေချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို သေချာစွာ အုပ်ထားပါ။ ဒါမှမဟုတ်လည်း ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်ထားပါ။
- နေထိုင်မကောင်းတဲ့အခါ သီးခြားနေပါ
ဖျားနာတဲ့အခါ ကိုယ့်ဆီက အဖျားနဲ့ ရောဂါပိုးတွေ အခြားသူတွေဆီကို မကူးစက်စေဖို့အတွက် နေထိုင်မကောင်းတဲ့အခါ တစ်ဦးထဲ သီးခြားခွဲနေထိုင်ပါ။ အဖျားသက်သာမှ မိသားစုဝင်တွေနဲ့ ထိတွေ့တာမျိုး လုပ်ပေးပါ။
- ကျန်းမာရေးအသုံးအဆောင်တွေကို ပိုးသတ်ပါ
ကျန်းမာရေးစမ်းသပ်မှု ကိရိယာတွေကနေလည်း ရောဂါပိုးတွေ ကူးစက်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေး အသုံးအဆောင်တွေကနေ ရောဂါပိုး မကူးစက်စေဖို့ဆိုရင် အဖျားတိုင်းတံကစလို့ အသုံးအဆောင်တွေကို အရက်ပြန်သုံးပြီး ပိုးသတ်ပါ။
- ပိုးသတ်ဆေးတွေကို ဆေးပတ်ပြည့်အောင် သောက်ပေးပါ
ပိုးသတ်ဆေးတွေကို ဆေးညွှန်းအတိုင်း ဆေးပတ်လည်အောင် တိုက်ပေးပါ။ ဒါမှ ဆေးယဉ်ပါးတာမျိုး မဖြစ်မှာပါ။
- တုပ်ကွေးကာကွယ်မှု နည်းလမ်းတွေကို လိုက်နာပါ
တုပ်ကွေး ကွင်းဆက်ကို ဖြတ်တောက်ပစ်ဖို့ဆိုရင် တုပ်ကွေး ကာကွယ်မှု နည်းလမ်းတွေကို သေချာလေး လိုက်နာဖို့ လိုပါမယ်။ ပြည့်ပြည့်ဝဝ အနားယူတာ၊ အာဟာရ ပြည့်ဝအောင် စားတာ၊ ပိုးသတ်လက်ဆေးတာတွေကို လိုက်နာဖို့ လိုပါမယ်။ အိပ်ရေးဝအောင် အိပ်တာကလည်း တုပ်ကွေး ကာကွယ်ရာမှာ ထိရောက်တဲ့ နည်းလမ်းပါ။
ကဲ … တုပ်ကွေး ရာသီမှာ မတော်တဆ တုပ်ကွေး ကူးစက်ခဲ့ရင်တောင် ကိုယ့်ဆီကနေ မိသားစုဝင်တွေကို အဖျားမကူးစက်အောင် ဒီနည်းလမ်းလေးတွေနဲ့ ကာကွယ်လိုက်ပါ။
[embed-health-tool-bmi]