brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ

အေးမြစိုစွတ်တဲ့ ဆောင်းတွင်းတို့ မိုးတွင်းတို့ဆိုတာ တုပ်ကွေးဗိုင်းရပ်စ်တွေ ရှင်သန်လွယ်တဲ့ ရာသီဥတုပါ။ ဒါကြောင့် ဒီလိုရာသီတွေဆို ကိုယ့်ပတ်ဝန်းကျင်မှာ တုပ်ကွေးဖြစ်တဲ့သူတွေကို မကြာခဏ တွေ့ရတာပါ။ ကိုယ်တိုင်လည်း တုပ်ကွေးဖြစ်ဖူးကြမယ်လို့ ယူဆပါတယ်။ တုပ်ကွေးဖြစ်ရင် လူလည်း ခံရသလို အလုပ်ပျက် ကျောင်းပျက်နဲ့ ကိုယ့်ရဲ့ အစီအစဉ်တွေ နှောင့်နှေးရတာကြောင့် တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများကို မျှဝေပေးချင်ပါတယ်။

တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ

တုပ်ကွေး ဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ

တုပ်ကွေးရဲ့ လက္ခဏာတွေကတော့ 

  • ရုတ်တရက် အဖျားကြီးတာ
  • ကိုယ်လက်ကိုက်တာ
  • နုံးတာ
  • ချောင်းဆိုးတာ
  • လည်ပင်းနာတာ
  • ခေါင်းကိုက်တာ
  • အစားအသောက်ပျက်တာ
  • ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။
  • တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ

    တုပ်ကွေးတို့ သဘာဝ တစ်ပတ်လောက်နေရင် အလိုလိုသက်သာသွားတယ်ဆိုပေမယ့် မသက်သာခင်မှာ နေလို့ထိုင်လို့ မကောင်းသလို အလုပ်ပျက်၊ ကျောင်းပျက်နဲ့ စိတ်ရှုပ်ရပါတယ်။ တုပ်ကွေးက ဗိုင်းရပ်စ်ဖြစ်တာကြောင့် ကိုယ်ခံအားနဲ့ တိုက်ထုတ်ရမှာ ဖြစ်ပြီး ကိုယ်ခံအားကောင်းဖို့ နေထိုင်စားသောက်ဖို့ လိုပါတယ်။

    ဒါကြောင့် တုပ်ကွေး ဖြစ်တဲ့ရက်တွေမှာ အောက်ပါအချက်တွေကို ဂရုစိုက်ပြီး ကိုယ်ခံအားတက်အောင် နေထိုင်ရပါမယ်။ အထူးသဖြင့်တော့ အာဟာရက အရေးကြီးပါတယ်။

    တုပ်ကွေးဖြစ်နေချိန်မှာ စားသင့်တဲ့ အစားအစာတွေကတော့

    • အရည်များများသောက်ပါ

    တုပ်ကွေးဖြစ်နေချိန်မှာ ရေဓာတ်ပြည့်ဝဖို့က အရေးကြီးပါတယ်။ အဖျားတက်တာ၊ ချွေးထွက်များတာကြောင့် ရေနဲ့ ဓာတ်ဆားဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ရေ၊ ဓာတ်ဆားအားဖြည့်အချိုရည်၊ အုန်းရည် စသဖြင့် သောက်နိုင်ပါတယ်။ တစ်ရက်ကို ၂လီတာ၊ ၂လီတာခွဲလောက် ဝင်အောင် သောက်ပေးပါ။

    အထူးသဖြင့် ဓာတ်ဆားအားဖြည့်ဖျော်ရည်တွေမှာ ရေ၊ ဂလူးကို့စ်နဲ့ ဓာတ်ဆားဓာတ်တွေ ပါဝင်နေတာကြောင့် အစားသိပ်မဝင်တဲ့ ဒီလိုအချိန်မှာ ရေဓာတ်ရော၊ အာဟာရဓာတ်ရော ပြည့်ဝဖို့ တစ်ဖက်တစ်လမ်းက ထောက်ကူပေးနိုင်ပါတယ်။ 

    • ကြက်ပေါင်း

    ပရိုတင်းကြွယ်ဝပြီး စားရလွယ်တာကြောင့် တုပ်ကွေးဖြစ်နေချိန်မှာ ကြက်ပေါင်းက သင့်တော်တဲ့ အစားအစာပါ။ ကြက်ပြုတ်ရည်အပြင် အသားကိုပါ စားမှ ပရိုတင်းဓာတ်ပါရပြီး ကိုယ်ခံအားတက်မှာ ဖြစ်ပါတယ်။

    • ဗီတာမင်စီ ကြွယ်ဝတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ

    ဗီတာမင်စီက ကိုယ်ခံအားကို တက်စေတာကြောင့် တုပ်ကွေးကနေ မြန်မြန်နာလန်ထူအောင် ကူညီပေးနိုင်ပါတယ်။ တုပ်ကွေးဖြစ်နေချိန်မှာ ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ လိမ္မော်သီး၊ ဘရိုကိုလီ၊ ငရုတ်ပွ၊ အာလူး၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး စတာတွေကို နေ့စဉ်ပါဝင်အောင် စားပေးပါ။

    • အစိမ်းရောင်အရွက်များ

    အစိမ်းရောင်အရွက်တွေမှာ ဗီတာမင်စီနဲ့ သံဓာတ်တွေ ကြွယ်ဝစွာပါဝင်လို့ ဆဲလ်ရောင်ရမ်းမှုတွေကို သက်သာစေပြီး တုပ်ကွေးကနေ မြန်မြန်သက်သာစေပါတယ်။ မုန်ညင်း၊ ကိုက်လန်၊ ဂေါ်ဖီထုပ်လိုမျိုး အရွက်ဖားဖားနဲ့ အစိမ်းရောင် ဟင်းရွက်တွေကို စားပေးလို့ ရပါတယ်။ 

    ရှောင်ရမယ့် အစားအသောက်များ

    • အရက်- ကိုယ်ခံအားကို ကျစေတာကြောင့် တုပ်ကွေးကနေ သက်သာဖို့ အချိန်ပိုကြာနိုင်ပါတယ်။
    • ကဖင်း- ကဖင်းကလည်း အလွန်အကျွံသောက်မိရင် ရေဓာတ်ခမ်းခြောက်တတ်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်း စတာတွေက ကဖင်းပါတဲ့ သောက်စရာတွေပါပဲ။ ဒါ့ပြင် ကဖင်းက လူကို လန်းစေတာကြောင့် အိပ်ရေးဝဝအိပ်ဖို့ကိုလည် အနှောင့်အယှက်ဖြစ်စေပါတယ်။
    • သကြားဓာတ်- သကြားဓာတ်များတဲ့ အစားအစာတွေက ဆဲလ်ရောင်ရမ်းမှုကို ပိုဆိုးစေတာကြောင့် တုပ်ကွေးကို တိုက်ထုတ်ဖို့ ပိုကြာစေပါတယ်။

    တုပ်ကွေးဖြစ်တဲ့အချိန်မှာ အာဟာရကို ဂရုစိုက်စားသောက်တာနဲ့အတူ အိပ်ရေးဝဝအိပ်မယ်၊ မကြာခဏ လက်ဆေးမယ်၊ အဖျားကျသည်အထိ အပြင်မသွားဘဲ အိမ်မှာ ကောင်းကောင်းအနားယူမယ်ဆိုရင် တုပ်ကွေးကို အချိန်တိုအတွင်း အနိုင်ယူနိုင်မှာ ဖြစ်ပါတယ်။

    Htet Htet Zaw Win
    Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/11/2024 ဖြစ်ပါသည်။