အခုတလော နားထဲမှာ အကြားမိဆုံးအသံက ဘာသံလဲ။ ပတ်ဝန်းကျင်ကို သတိထားပြီး နားထောင်ကြည့်လိုက်ပါ။ ခုတလော နားထဲမှာ အကြားရဆုံးအသံက ချောင်းဆိုးသံပါ။ ရာသီအကူးအပြောင်းကာလမှာ ချောင်းဆိုးတာက အဖြစ်များပါတယ်။ ဒါကြောင့် နေရာတစ်ခါမှာ ချောင်း တဟွပ်ဟွပ် အသံကို ကြားနေရတာပါ။
ချောင်းဆိုးတာက ပြောတော့သာ ဘာရယ်မဟုတ်သလို ရှိပေမယ့် တကယ်ကတော့ ချောင်းဆိုးတာက အတော်ပင်ပန်းစေပြီး နေ့စဉ် လုပ်ငန်းဆောင်တာတွေအပေါ် အာရုံစိုက်နိုင်စွမ်း ကျဆင်းစေပါတယ်။ ချောင်းဆိုးရတာကလည်း ကျန်းမာရေးပြဿနာ တစ်ခုပဲ ဆိုတော့ အခြားရောဂါတွေလိုပဲ ချောင်းဆိုးတာ ကာကွယ်လို့ ရလားဆိုတာကို သိချင်နေပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးမှာ သိချင်နေမယ့် မေးခွန်းလေးရဲ့ အဖြေကို ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။
ချောင်းဆိုးတယ် ဆိုတာ ဘာလဲ
ချောင်းဆိုးတယ်ဆိုတာက အသက်ရှူလမ်းကြောင်းရဲ့ ခုခံအားစနစ်တစ်ရပ်ပါ။ အသက်ရှူလမ်းကြောင်းထဲကို ဝင်ရောက်လာတဲ့ ပြင်ပက ဓာတ်မတည့်တဲ့ အရာတွေနဲ့ လည်ချောင်းထဲက ချွဲတွေကို ဖယ်ရှားဖို့ ခန္ဓာကိုယ်က ခုခံနေတဲ့ တုံ့ပြန်မှုပါ။ လူအတော်များများကတော့ လည်ချောင်း ရှင်းတဲ့အနေနဲ့ ချောင်းဆိုးကြပါတယ်။ အမျိုးမျိုးသော အကြောင်းအရင်းတွေက မကြာခဏ ချောင်းဆိုးတာကို ဖြစ်စေပါတယ်။
ချောင်းဆိုးတာက ပုံမှန်အားဖြင့် ရက်သတ္တပတ် ၂ ပတ်လောက်အတွင်းမှာ သိသိသာသာ သက်သာသွားတတ်ကြပါတယ်။ ပြင်းထန်တဲ့ ချောင်းဆိုးတာမျိုးတွေကတော့ ရက်သတ္တပတ် ၃ ပတ်လောက်အထိ မသက်သာတာမျိုး ရှိနိုင်ပါတယ်။
ချောင်းဆိုးတာက ၃ ပတ် ကနေ ၈ ပတ်လောက်အထိ ဖြစ်နေမယ်ဆိုရင်တော့ နာတာရှည်ချောင်းဆိုးတာလို့ သတ်မှတ်ရပါတယ်။ ချောင်းဆိုးတာက သွေးစလေးတွေ ပါနေမယ်။ ချောင်းဆိုးသံက အရမ်းကျယ်ကျယ်လောင်လောင် ဖြစ်မယ်ဆိုရင်တော့ သေချာလေး စောင့်ရှောက်ကုသမှု ခံယူဖို့ လိုပါမယ်။
ချောင်းဆိုးရတဲ့ အကြောင်းအရင်း
ချောင်းဆိုးရတဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ အချိန်ခဏတာပဲ ချောင်းဆိုးတာမျိုး ရှိသလို အမြဲလိုလို ချောင်းဆိုးနေတာမျိုးလည်း ရှိပါတယ်။
- လည်ချောင်းရှင်းတာ
- ဗိုင်းရပ်စ် နဲ့ ဘက်တီးရီးယားတွေကြောင့် ချောင်းဆိုးတာ
- ဆေးလိပ်သောက်တာကြောင့် ချောင်းဆိုးတာ
- ပန်းနာရင်ကြပ်ကြောင့် ချောင်းဆိုးတာ
- ဆေးဝါးတွေကြောင့် ချောင်းဆိုးတာ
- အသံအိုး ထိခိုက်တာကြောင့် ချောင်းဆိုးတာ
- အဆုတ်ရောင်တာကြောင့် ချောင်းဆိုးတာ
- နှလုံးစွမ်းဆောင်ရည် ကျဆင်းမှုကြောင့် ချောင်းဆိုးတာ
- ကြက်ညှာချောင်းဆိုးကြောင့် ချောင်းဆိုးတာတွေပါ။