backup og meta

ကလေးမွေးဖွားရလွယ်ကူစေဖို့ လိုက်နာသင့်တာ အချို့

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမွေးဖွားရလွယ်ကူစေဖို့ လိုက်နာသင့်တာ အချို့

    ဗိုက်ထဲမှာ ဘေဘီလေး ရှိတဲ့ မေမေတိုင်းရဲ့ ပထမဆန္ဒက ကျန်းမာတဲ့ ကလေးလေး မွေးဖွားဖို့ ဖြစ်ပြီး နောက်တစ်ခုကတော့ လွယ်ကူစွာ ဖွားမြင်နိုင်ဖို့ ဖြစ်ပါမယ်။ ဘေဘီလေးကို မွေးဖွားရမယ့်ရက် နီးလာလေလေ ကလေးကို အဆင်ပြေပြေမှ မီးဖွားနိုင်ပါ့မလားဆိုပြီး စိုးရိမ်စိတ်က တော်တော်လေးများလာလေလေပါ။ ကလေးမွေးဖွားတယ်ဆိုတာက မိခင်တစ်ယောက်ရဲ့ အရေးပါတဲ့ မှတ်တိုင်တစ်ခုပေါ့။ ဒီလို မှတ်တိုင်ကို ခက်ခဲမှု ကင်းကင်းနဲ့ စိုက်ထူနိုင်စေဖို့အတွက် အထောက်အကူပြုပေးနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ ကဲ ….. ကလေးမွေးဖွားရလွယ်ကူစေဖို့ လိုက်နာသင့်တာ အချို့ က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ကလေးမွေးဖွားရလွယ်ကူစေဖို့ လိုက်နာသင့်တာ အချို့

    ကလေးမွေးဖွားရလွယ်ကူစေဖို့ လိုက်နာသင့်တာ အချို့ ကတော့

    • ကိုယ်အလေးချိန် ထိန်းပါ

    ကိုယ်ဝန်ဆောင်ချိန်မှာ အစားတွေ အစားများတာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတာကြောင့် ကိုယ်အလေးချိန်တွေ တိုးလာပါတယ်။ ဒီလိုမျိုး ကိုယ်အလေးချိန် များလာတာ၊ အဝလွန်တာတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးပြဿနာတွေ ခံစားရစေနိုင်သလို မွေးဖွားချိန်မှာလည်း မွေးဖွားရခက်စေပါတယ်။ ဒီတော့ မီးဖွားရလွယ်စေဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်ကို ထိန်းပါ။ ဥပမာ – လမ်းလျှောက်တာ၊ ရေကူးတာ၊ ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်း လုပ်တာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။

    • ကလေးမွေးတဲ့ ဖြစ်စဉ်ကို လေ့လာထားပါ။

    ကလေးမွေးတဲ့အခါ ဗိုက်အောင့်တာက ဘယ်လို၊ ရေမြွာပေါက်တာ ဘယ်လို၊ သားအိမ်ဝပွင့်တာ၊ အချွဲဆင်းတာ စတာတွေကို လေ့လာထားပါ။ ဘာမှန်းမသိရင် ကလေးမွေးတဲ့အခါ ကြောက်နေမှာပါ။ ဖြစ်စဉ်တစ်ခုလုံးကို ခြုံငုံသိထားတဲ့အခါ ကိုယ်ဘယ်အခြေအနေရောက်နေပြီဆိုတာကို ခန့်မှန်းလို့ရတာပေါ့။ လိုအပ်မယ်ထင်ရင် Childbirth classတွေ တက်ထားပါ။

    • Squats ထိုင်ပါ

    Squats ထိုင်တာက မွေးလမ်းကြောင်း ပွင့်စေပြီး မီးဖွားရလွယ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ပုံစံမှန်မှန်နဲ့ တစ်နေ့ကို  ၁၅ ကြိမ်လောက် squats ထိုင်ပေးပါ။ ကြွက်သားတွေကို ပြေလျော့စေပြီး မီးဖွားရလွယ်စေဖို့ လုပ်ဆောင်ပေးနိုင်မှာပါ။ ထိုင်တဲ့အခါ ချော်မလဲအောင်၊ ခြေထောက်မနာအောင် ကိုယ်နိုင်သလောက်ပဲ လုပ်ပေးပါ။

  • အိပ်ရေးဝဝအိပ်ပါ
  • မီးဖွားရလွယ်စေဖို့ လိုက်နာရမယ့် အကောင်းဆုံး နည်းလမ်း တစ်ခုကတော့ အိပ်ရေးဝဝ အိပ်တာပါ။ အိပ်ရေးဝဝအိပ်တယ်ဆိုတဲ့နေရာမှာ တစ်နေ့ကို ၇ နာရီထက် မနည်း အိပ်စက်တာကို ဆိုလိုတာပါ။ တစ်နေ့ကို အိပ်ချိန် ၇ နာရီနဲ့ အထက် ၈ နာရီအထိ ရရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ မီးဖွားရလွယ်ကြပါတယ်။ အိပ်စက်တဲ့အခါ သက်တောင့်သက်သာဖြစ်အောင် အိပ်စက်ဖို့ မမေ့ပါနဲ့။

  • ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာ စားပါ
  • ကလေးမွေးခါနီး ဗိုက်နာလာပြီဆို ဆာလောင်မှုတွေ မကြာခဏခံစားရပါတယ်။ ဒီလို ဆာလောင်တဲ့အခါ ပေါ့ပေါ့ပါးပါး စားစရာတွေကိုပဲ စားပေးပါ။  အဆာပြေ စားတဲ့အခါ အဆီများတာတွေကို မစားပါနဲ့။

    ဒီအစားအစာတွေက ရင်ပူစေပြီး ကလေးမီးဖွားတာကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် မီးဖွားရလွယ်စေဖို့ အဆာပြေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ငှက်ပျောသီး၊ ပန်းသီး၊ ဒိန်ချဉ်၊ အသီးဖျော်ရည်လိုမျိုး ခန္ဓာကိုယ်ကိုလည်း အင်အားပြည့်ဝစေပြီး ကျန်းမာစေနိုင်တဲ့ အဆာပြေ အစားအစာတွေ စားပေးပါ။

    • လမ်းလျှောက်ပါ

    ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်တာက မွေးဖွားရလွယ်စေတယ်လို့ အားလုံး သိထားပြီး ဖြစ်မှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်တာက ကလေးကို သားအိမ်ခေါင်းဆီ ရောက်ရှိစေဖို့ ပို့ဆောင်ပေးပြီး သားအိမ် ကျုံ့ဆန့်မှုကို ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကို ၁၅ မိနစ်ကနေ နာရီဝက်လောက် လမ်းလျှောက်ပေးတာကလည်း မီးဖွားရလွယ်စေဖို့ ထောက်ကူပေးနိုင်မှာပါ။

    • ဗီတာမင် ကြွယ်ဝတာတွေ စားပါ

    ဗီတာမင် A၊ ဗီတာမင် B၊ ဗီတာမင် C နဲ့ ဗီတာမင် E တို့က ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းဟော်မုန်းညီမျှစေဖို့အတွက် ထိန်းညှိပေးသလို မီးဖွားရလွယ်စေဖို့ ထောက်ကူပေးပါတယ်။ မီးဖွားပြီးချိန်မှာ လိပ်ခေါင်းရောဂါ ခံစားရနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ အခုပြောခဲ့တဲ့ ဗီတာမင်တွေ ပြည့်ဝစေဖို့ သစ်သီးတွေ၊ အစိမ်းရောင် အသီးအရွက်တွေကို စားပေးပါ။

    • အသက်ရှူ လေ့ကျင့်ခန်း လုပ်ပါ

    အမျိုးသမီးတွေ အနေနဲ့ မီးဖွားချိန်မှာ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရပါတယ်။ ဒီလို နာကျင်မှုကို သက်သာစေဖို့ အထိရောက်ဆုံး ထောက်ကူပေးနိုင်တာက အသက်ရှု လေ့ကျင့်ခန်း လုပ်တာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ မီးဖွားရလွယ်စေဖို့ အသက်ရှူလေ့ကျင့်ခန်းလေး လုပ်ဆောင်ပေးပါ။

    စကားလက်ဆောင်

    ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်တာက မေမေ့ကို ကျန်းမာစေသလို ဗိုက်ထဲက ဘေဘီလေးကိုလည်း ကျန်းမာသန်စွမ်းစေပြီး မီးဖွားရလွယ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement