backup og meta

မွေးဖွားလာမယ့် ကလေးအတွက် ကြိုပြင်ဆင်ထားသင့်တဲ့ အချက်(၁၀) ချက်


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးဖွားလာမယ့် ကလေးအတွက် ကြိုပြင်ဆင်ထားသင့်တဲ့ အချက်(၁၀) ချက်

    မိခင်လောင်းအဖြစ်ကနေ သိပ်မကြာခင်မှာ မိခင်တစ်ယောက်တကယ်ဖြစ်လာရတော့မယ့်အချိန် အမျိုးသမီးတိုင်းစိတ်လှုပ်ရှားကြမှာပါပဲ။ ကာယကံရှင်မိဘလောင်းလျာတွေတင်မကဘဲ မိသားစုဝင်တွေကပါ မိသားစုဝင်အသစ်လေးအတွက် ရင်ခုန်နေမယ့်အချိန်ပါ။

    ဒါပေမယ့်အရေးကြီးတာက ကလေးလေး တကယ်ရောက်လာချိန်မှာ ကလေးပြုစုစောင့်ရှောက်ရေးအတွက် အားလုံးအသင့်ဖြစ်နေဖို့လိုပါတယ်။ မိခင်လောင်းတစ်ယောက်အနေနဲ့ ကိုယ်ဝန်စရှိလာကတည်းက အမြဲမပြတ်ကိုယ့်ကျန်းမာရေးကို ဂရုစိုက်နေခဲ့ရမှာဖြစ်သလိုမွေးဖွားလာမယ့်ကလေးအတွက်လည်း ကြိုတင်ပြင်ဆင်ထားရပါမယ်။ မကြာခင်ရောက်ရှိတော့မယ့် မိခင်ဘဝမှာ ကလေးတစ်ယောက်ကိုပြုစုစောင့်ရှောက်နိုင်ဖို့ စနစ်တကျပြင်ဆင်ထားသင့်ပါတယ်။

    ကိုယ်ဝန်ရှိပြီးနောက်ပိုင်း မိခင်ရောကလေးအတွက်ပါဘေးကင်းကျန်းမာစေဖို့ ဘာတွေပြင်ဆင်ထားသင့်သလဲဆိုတာလေးပြောပြချင်ပါတယ်။

    (၁) ကျန်းမာသော နေထိုင်မှုပုံစံကို လေ့ကျင့်ယူပါ

    မိခင်ရဲ့ကျန်းမာရေးဟာ ဗိုက်ထဲက ကလေးရဲ့ကျန်းမာရေးကို များစွာ သက်ရောက်မှုရှိပါတယ်။ ဒါ့ကြောင့် ကိုယ်ဘယ်လိုစားသောက်နေလဲ၊ လေ့ကျင့်ခန်းများလုပ်သလား၊ အိပ်ချိန်မှန်သလား၊ စတဲ့အချက်တွေ၊ ဆေးလိပ်၊ အရက်နဲ့ သင့်ကျန်းမာရေးကို ထိခိုက်စေသော အခြားအချက်တွေက သင့်ကလေးကျန်းမာရေးကိုလည်းထိခိုက်နိုင်တယ်ဆိုတာ သိထားဖို့လိုပါတယ်။

    သင်နဲ့ သင့်အိမ်ထောင်ဖက်တို့က လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများကို ကလေးမယူမီကတည်းက စစ်ဆေးခြင်း၊ မိခင်အနေနဲ့ ဆီးချို သွေးတိုးကဲ့သို့သော ကျန်းမာရေးပြသနာများကို ထိန်းချုပ်နိုင်ရန် ဆေးများသောက်ခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်လာနိုင်မည့် ဆိုးကျိုးများကို လျော့နည်းစေမှာဖြစ်ပါတယ်။

    (၂) ဆေးတွေကို ဂရုစိုက်သောက်သုံးပါ

    မိခင်များအနေဖြင့် မိမိ၏ကလေးများတွင် မွေးရာပါ ချို့ယွင်းချက်များကို ကာကွယ်ရန် ဖြည့်စွက် အားဆေးအနေနှင့် ဖော်လစ်အက်ဆစ် ၄၀၀- ၁၀၀၀ mcg ကို နေ့စဉ်သောက်သုံးသင့်သည်။

    သင့်ကျန်းမာရေးအတွက် ဆေးများကို မှီဝဲနေရပါက ထိုးဆေးကြောင့် သင့်ကလေးအတွက် ဆိုးကျိုးရှိမရှိ၊ ကိုယ်ဝန်ဆောင်ချိန်တွင် သောက်သင့် မသောက်သင့်ကိုဆရာဝန်နှင့် တိုင်ပင်ကာ အခုသောက်နေတဲ့ ဆေးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ မသောက်သင့်ဘူးဆိုရင် ဆေးပြောင်းသောက်ဖို့ လိုအပ်သလားဆိုတာကို ဆရာဝန်သွားပြကာ မေးမြန်းပါ။

    (၃) အာဟာရပြည့်အောင်စားပါ

    ကလေးကအမေ့ဝမ်းထဲမှာ တဖြည်းဖြည်းဖွံ့ဖြိုးလာနေတဲ့အချိန် မိခင်ဆီက အာဟာရပြည့်နေမှ၊ အားရှိနေမှ ကလေးဆီကို အာဟာရဓါတ်တွေရောက်ရှိနိုင်မှာပါ။ မမွေးခင်ဖြစ်ဖြစ်မွေးပြီးချိန်ဖြစ်ဖြစ် မိခင်မှာအားရှိနေဖို့၊ ကျန်းမာနေဖို့အရေးကြီးပါတယ်။ ခဏခဏအပြင်ထွက်ပြီး သွားလာနိုင်မှာမဟုတ်တာကြောင့် သစ်သီး၊ နို့၊ အုတ်ဂျုံစတဲ့ အာဟာရပြည့်မယ့်အစားအစာတွေ၊ သရေစာတွေ ဝယ်ပြီးရေခဲသေတ္တာထဲမှာ စုထားပါ။ လွယ်လွယ်စားနိုင်အောင်ပေါ့။

    (၄) အရေးပေါ်ပစ္စည်းအိတ် အသင့်ပြင်ထားပါ

    ရုတ်တရက် ဗိုက်နာလာရင်ဆေးရုံအမြန်ပြေးရတဲ့အခါ အဆင်ပြေစေဖို့ ကိုယ့်အတွက်ရော ကလေးအတွက်ပါ လိုအပ်တဲ့ပစ္စည်းပစ္စယတွေ အစုံအလင်ပါတဲ့ အသုံးအဆောင်အိတ်ကို အသင့်ပြင်ထားပါ။ ကိုယ့်အတွက်အဝတ်အစားတချို့၊ကလေးအတွက်အနှီး၊အခင်း၊ရေဘူး၊နို့ဘူး၊သေးခံဒိုင်ပါ၊baby wipes၊ စတဲ့ ဆေးရုံတက်ဖို့ လိုအပ်နိုင်လောက်တဲ့ပစ္စည်းမှန်သမျှအကုန်လုံးစုံနိုင်သမျှစုံအောင်ဖြည်းဖြည်းချင်းစဉ်းစားပြီး ထည့်ထားပါ။

    (၅) ရိုးရိုးမွေးမှာလား၊ ခွဲမွေးမှာလား

    ရိုးရိုးမွေးတဲ့နည်းနဲ့ ခွဲမွေးတဲ့နည်း ဘယ်ဟာနဲ့သင့်တော်မလဲဆိုတာ မိခင်ရဲ့အသက်အရွယ်၊ကျန်းမာရေးနဲ့ကလေးရဲ့ကျန်းမာရေးအခြေအနေကို မူတည်ပြီး ဆရာဝန်ကအကြံပြုပေးမှာပါ။ ခင်ပွန်းဖြစ်သူနဲ့ကိုယ့်ရဲ့သဘောထားကိုပြောပြပြီး ဆရာဝန်နဲ့တိုင်ပင် အကြံပြုချက်ခံယူပါ။

    (၆) ကလေးအသုံးအဆောင်တချို့ ကြိုဝယ်ထားပါ

    အနှီးကြိုဝယ်ထားပါ။ မွေးဖွားလာတော့မယ့်ကလေးအတွက် အရင်ဆုံးလိုအပ်မှာက အနှီးဖြစ်ပါတယ်။မွေးခန်းကထွက်တာနဲ့ ကလေးကို အနှီးနဲ့အရင်ဆုံးထွေးပိုက်ရတာဖြစ်ပြီး သန့်ရှင်းရေးအတွက် လဲလှယ်ရလည်းလွယ်ပါတယ်။ ရက်သားကနေ လသားအထိတော့ အနှီးနဲ့သာနေရတာများတဲ့အတွက် ချည်သားအေးအေး အနှီးကိုရွေးဝယ်ဖို့ကလည်း အရေးကြီးပါတယ်။နောက်ပိုင်းတော့သေးခံဒိုင်ပါတွေ အသုံးပြုလို့ရပါတယ်။နောက်တစ်ချက်က အနှီးတွေကို ဝယ်ပြီးတာနဲ့လျော်ဖွပ်မီးပူတိုက်ထားပါ။ ဒါမှ ကလေးအတွက်အသင့်ဖြစ်နေမယ့် ပိုးသတ်ပြီးသားအနှီးတွေဖြစ်စေမှာပါ။

    ကလေးအဝတ်အစားကိုကြိုမဝယ်ကောင်းဘူးလို့ တချို့က အယူရှိကြပေမယ့် အဝတ်အထည်မဟုတ်တဲ့ အသုံးအဆောင်တွေတော့ ဝယ်ထားဖို့ သင့်ပါတယ်။ လူကြီးသုံးပစ္စည်းတွေနဲ့မသင့်တော်လောက်အောင် နုနယ်တဲ့ ကလေးအတွက် မရှိမဖြစ်လိုအပ်မှာက baby shampoo၊ baby oil၊ lotion စတဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေဖြစ်ပါတယ်။ ကလေးအတွက်သေးခံဒိုင်ပါတွေဆိုလည်း အမျိုးမျိုးရှိတာကြောင့် ကလေးအသားအရေနဲ့အဆင်ပြေရာအမျိုးအစားကိုရွေးဝယ်ထားနိုင်ပါတယ်။

    (၇) ကလေးအတွက် အိပ်ရာခင်း၊စောင်၊နဲ့အနှီးတွေအားလုံးကိုလျှော်ထားပါ

    ကလေးအတွက်ဝယ်ထားတဲ့ အဝတ်အထည်၊အိပ်ရာ၊စောင်နဲ့အနှီးအသစ်တွေကိုလျှော်ဖွပ် ပိုးသတ်ပြီးမှ အသင့်ထားရှိပါ။ မသုံးရသေးတဲ့ အသစ်ဆိုပေမယ့် ဆိုင်မှာကတည်းက မမြင်ရတဲ့အမှုန်တွေ၊ ဖုန်မှုန့်တွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေကပ်ငြိပါလာတတ်လို့ပါ။ အိမ်ကိုလည်း သန့်ရှင်းရေးလုပ်ထားသင့်ပါတယ်။ မွေးလာမယ့်ကလေးရဲ့နုနယ်လွန်းတဲ့ခန္ဓါကိုယ်ကိုရောဂါပိုးမွှားတွေရန်က ကာကွယ်နိုင်ဖို့ အိမ်ကိုသေချာသန့်ရှင်းထားဖို့လိုပါတယ်။ တစ်စုံတစ်ယောက်ရဲ့အကူအညီနဲ့ အိမ်ကို ဖုန်မှုန့်၊ အမှိုက်တွေမရှိအောင် ရှင်းလင်းပါ။ မိခင်လောင်းကိုယ်တိုင်ရဲ့ကျန်းမာရေးအတွက်လည်း အမြဲ သန့်ရှင်းနေမှဖြစ်မှာပါ။

    (၈) ကလေးပြုစုစောင့်ရှောက်ရေးလမ်းညွှန်စာအုပ်တွေ ဝယ်ထားပါ

    ကလေးပြုစုစောင့်ရှောက်ရေးအတွက်ဆောင်ရန်ရှောင်ရန်လေးတွေ သတိပေးထားတဲ့ လမ်းညွှန်စာအုပ်တွေ အများကြီးရှိပါတယ်။ အဲဒီထဲကမှ ကျန်းမာရေးပညာရှင်တွေရေးသားထားတဲ့ကောင်းနိုးရာရာစာအုပ်တွေကို ဝယ်ဖတ်ပါ။ ကိုယ်တိုင်မဖတ်နိုင်ရင် ဖခင်လောင်းကိုဖြစ်ဖြစ် ဖတ်ခိုင်းပြီး မှတ်သားထားပါ။ ဒါမှ ကလေးလေးရောက်လာတဲ့အခါကောင်းမွန်စွာ မွေးမြူစောင့်ရှောက်နိုင်မှာပါ။

    (၉) မိခင်အတွက် သက်တောင့်သက်သာအဝတ်အထည်အသန့်တွေပြင်ထားပါ

    ဘယ်နည်းလမ်းနဲ့ဖြစ်ဖြစ် ကလေးမွေးဖွားပြီးရင်သွေးနုသားနုအမျိုးသမီးတွေဟာ ကျန်းမာရေးကိုပိုဂရုစိုက်ရပါတယ်။ ဒီအချိန်မှာ သက်တောင့်သက်သာဖြစ်မယ့်အဝတ်အစားတွေကိုရွေးရမှာပါ။ အရေးကြီးတာက အဝတ်အထည်တွေက သန့်စင်နေဖို့ဖြစ်ပါတယ်။ အထူးသဖြင့် ဗိုက်ခွဲမွေးသူတွေမှာ ချုပ်ရိုးအနာပိုးမဝင်စေဖို့လျှော်ဖွပ်ပိုးသတ်ထားတဲ့အဝတ်အစားတွေကိုပဲ ဝတ်ဆင်ရမှာဖြစ်လို့ ကြိုတင်ပြင်ဆင်ထားပါ။

    (၁၀) ဆရာဝန်ရက်ချိန်းကို မှန်မှန်သွားပြပါ

    ကိုယ်ဝန်ရှိလာတာနဲ့ သားဖွားမီးယပ်ဆရာဝန်တစ်ယောက်ဆီမှာ ကျန်းမာရေးစောင့်ရှောက်မှုခံယူပြီး ရက်ချိန်းမှန်မှန်ဆေးခန်းပြဖို့က အရေးကြီးတဲ့အချက်ပါ။ မိခင်ကျန်းမာရေးနဲ့ သန္ဓေသားကျန်းမာရေးအခြေအနေကို ဆရာဝန်က ပုံမှန်သိရှိနေပြီး လိုအပ်တဲ့ညွှန်ကြားမှုပေးနိုင်မှာဖြစ်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement