backup og meta

ကိုယ်ဝန်မဆောင်မီမှာ ခံယူသင့်သော ကျန်းမာရေးစစ်ဆေးမှုများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 11/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်မဆောင်မီမှာ ခံယူသင့်သော ကျန်းမာရေးစစ်ဆေးမှုများ

    ကိုယ်ဝန်မဆောင်မီမှာ ခံယူသင့်သော ကျန်းမာရေးစစ်ဆေးမှုများ သည် သင့်ကျန်းမာရေးစောင့်ရှောက်သူ သို့မဟုတ် ဆရာဝန်က သင်သည် မိခင်တစ်ယောက်ဖြစ်ရန် ကျန်းမာမှုရှိမရှိစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်ပါသည်။ သင်သည် ထိုကျန်းမာရေးစစ်ဆေးမှုများခံယူရန် ရက်ချိန်များပြုလုပ်ပြီး ကိုယ်ဝန်ဆောင်နေချိန်ကာလပတ်လုံး မှန်မှန်သွားပြသင့်ပါသည်။

    သင့်ကျန်းမာရေး အခြေအနေ သို့မဟုတ် စားသောက်နေထိုင်မှုပုံစံများကြောင့် သင့်ကိုယ်ဝန်ကို ထိခိုက်မှုများ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်သူ သို့မဟုတ် ဆရာဝန်နှင့် ပြသခြင်းဖြင့် သင်ကိုယ်ဝန်ဆောင်ချိန်တွင် သင်ရော သင့်ကလေးပါကျန်းမာစေမည့် အနေအထားမျိုးရောက်အောင် စောင့်ရှောက်မှုများ ၊ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။

    ကိုယ်ဝန်မဆောင်မီမှာ ဘာတွေ စစ်ဆေးသလဲ။ 

    အောက်ပါတို့သည် သင်လာပြသော ရက်ချိန်းများတွင် သင့်ကို စစ်ဆေးမည့် အရာများဖြစ်ပါသည်။

    • သင်သည် ကိုယ်ဝန်ဆောင်ရန် ကျန်းမာကြံ့ခိုင်မှုရှိမရှိ စစ်ဆေးခြင်းပြုလုပ်ပါသည်။ ယင်းတို့မှာ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ၊ တင်ပါးဆုံပိုင်း၊ ခါးအောက်ပိုင်း စစ်ဆေးမှုများပြုလုပ်ခြင်း၊ သွေးစစ်ခြင်း၊ သားအိမ်ခေါင်းအချွဲစစ်ဆေးခြင်း စသည်တို့ဖြစ်ပါသည်။
    • သင့်မိသားစု ကျန်းမာရေးရာဇဝင်များ သင့်စားသောက်နေထိုင်မှုပုံစံများကို မေးမြန်းခြင်း
    • သင်ကိုယ်ဝန်မဆောင်မီ၊ ကိုယ်ဝန်ဆောင်နေစဉ်နှင့် ကလေးမွေးပြီးဖြစ်လာမည့် အရာများကို သိလိုသောကြောင့် မေးမြန်းလျှင် ဖြေကြားခြင်း တို့ဖြစ်ပါသည်။

    သင့်တွင် ကလေးရှိပြီးသားဖြစ်ပါက နောက်ကိုယ်ဝန် အတွက် စစ်ဆေးမှုများကို ခံယူရန်လိုအပ်ပါသလား။

    နောက်ဆုံးကလေး မွေးပြီးချိန်တွင် သင့်ကျန်းမာရေး အခြေအနေများ ပြောင်းလဲသွားနိုင်သောကြောင့် နောက်ကိုယ်ဝန်တွင် လည်း ကျန်းမာရေးစစ်ဆေးမှုများ ခံယူရန် လိုအပ်ပါသည်။ ယခင်ကိုယ်ဝန်တွင် နောက်ဆက်တွဲဆိုးကျိုးများဖြစ်ဖူးပါက နောက်ကိုယ်ဝန်တွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ခံယူခြင်းဖြင့် ထိုဆိုးကျိုးများ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါသည်။

    အောက်ပါဆိုးကျိုးများကို သင့်နောက်ဆုံးကိုယ်ဝန်တွင် ခံစားရဖူးပါက နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ခပ်စောစောခံယူသင့်ပါသည်။

    • ကိုယ်ဝန် အပတ် ၂၀ မတိုင်မီတွင် ပျက်ကျဖူးလျှင်
    • ကိုယ်ဝန် အပတ် ၂၀ မတိုင်မီတွင် ကလေးသည် ဗိုက်ထဲတွင် ဆုံးသွားလျှင်
    • လမစေ့ဘဲ (၃၇ ပတ်မတိုင်မီတွင်) ကလေးမွေးဖူးလျှင်
    • ကလေးတွင် မွေးရာပါချို့ယွင်းချက်များ ရှိလျှင်

    ကိုယ်ဝန်မဆောင်မီမှာ ခံယူသင့်သော ကျန်းမာရေးစစ်ဆေးမှုများ မှာ အောက်ပါတို့ဖြစ်ပါသည်။

  • သားအိမ်ခေါင်းချွဲမြှေးစစ်ခြင်း
  • သိုင်းရွိုက်ဟော်မုန်းစစ်ခြင်း
  • သုက်ကောင်များ စစ်ခြင်း
  • မျိုးဥကြွေချိန်တွင် ပြောင်းလဲသွားသည့် ကိုယ်အပူချိန်ကို စစ်ဆေးခြင်း
  • HIV ပိုးစစ်ခြင်း
  • ရေယုန်ပိုးစစ်ခြင်း
  • အသည်းရောင် အသားဝါ A, B ပိုးများစစ်ခြင်း
  • ကာလသားရောဂါပိုးစစ်ခြင်း
  • မိန်းမကိုယ်တွင် ဂနိုရောဂါပိုး၊ ခလဲမိုင်းဒီယားရောဂါပိုးများ စစ်ခြင်း
  • ခွေးရူးပြန်ရောဂါများစစ်ဆေးခြင်း
  • ရေကျောက်ရောဂါ အတွက် စစ်ဆေးခြင်း
  • ပါဗို ကြွက်နို့ဗိုင်းရပ်စ် B19 ကို စစ်ဆေးခြင်း
  • ဆိုက်တိုမိုက်ဂလို ဗိုင်းရပ်စ်ကို စစ်ဆေးခြင်း
  • တော့ဆိုပလက်စမာ ရောဂါကို စစ်ဆေးခြင်း
  • မိခင်နှင့် ဖခင်တို့၏ သွေးအမျိုးအစားများနှင့် Rh အမျိုးအစားများကို စစ်ဆေးခြင်း
  • သွေးဥအမျိုးအစားများ၊ အရေအတွက်များကိုစစ်ဆေးခြင်း တို့ဖြစ်ပါသည်။
  • အထက်ပါ စစ်ဆေးချက်များကို ကိုယ်ဝန်ဆောင်တိုင်း လိုချင်မှ လိုမှာပါ။ မိမိ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး လိုတိုးပိုလျော့ ရှိနိုင်ပါတယ်။ စစ်ဆေးချက်များကို အမျိုးသမီးသာမက အမျိုးသားပါ စစ်ဆေးရန် လိုနိုင်ပါသည်။

    ထိုစစ်ဆေးချက်များကို ကိုယ်ဝန်ယူမည်ဟု ဆုံးဖြတ်ပြီးတည်းက သားဖွားမီးယပ်ဆရာဝန်နှင့် ကြိုတင်ပြသထားပြီး စစ်ဆေးသင့်ပါသည်။ သို့မှသာ ရောဂါမရှိလျှင်  ကာကွယ်ဆေးထိုး ကာကွယ်နိုင်ပြီး ရှိလျှင်လည်း လိုအပ်တဲ့ ကုသမှုများ ခံယူနိုင်မှာ ဖြစ်ပါသည်။ သို့မှသာ ကျန်းကျန်းမာမာ ကိုယ်ဝန်ဆောင်နိုင်မှာ ဖြစ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 11/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement