backup og meta

ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 24/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်ခြင်း

    ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်ခြင်း နဲ့ပတ်သက်ပြီး သိထားဖို့ လိုမယ့် ဗဟုသုတလေးတွေကို မျှဝေပေးလိုက်ပါတယ်။

    ယောက်ျားဖောင်စီး၊ မိန်းမ မီးနေဆိုတဲ့ စကားလေးရှိပါတယ်။ အမျိုးသမီးတစ်ဦးအတွက် မီးနေကာလ (ကလေးမွေးဖွားစဉ်ကာလ)ဟာ အရေးကြီးသလို ကိုယ်ဝန်ဆောင်ကာလဟာလည်း အထူးဂရုတစိုက်ကြည့်ရှုပေးရမယ့် အချိန်လေးပါပဲ။ ဒီအချိန်ကာလမှာ ကျန်းမာရေးပြဿနာ အကြီးအသေးမျိုးစုံနဲ့ ရင်ဆိုင်ရနိုင်တာမို့ ဒီပြဿနာတွေထဲကမှ ဝမ်းချုပ်ခြင်းပြဿနာအကြောင်းကို ဆွေးနွေးမျှဝေပေးပါရစေ။

    ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်ခြင်း အဖြစ်များသလား။ ဘာလို့ ဖြစ်ရတာလဲ။

    ကိုယ်ဝန်ဆောင်အမျိုးသမီး ထက်ဝက်လောက်ဟာ ကိုယ်ဝန်ရှိစဉ်ကာလတစ်ချိန်ချိန်မှာ ဝမ်းချုပ်ခြင်းပြဿနာနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် အဖြစ်များတယ်လို့ ဆိုနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းချုပ်စေတဲ့ အကြောင်းရင်းတွေ အများအပြားရှိပါတယ်။ ပထမဆုံးတစ်ချက်ကတော့ ပရိုဂျက်စတီရုန်း (progesterone) လို့ခေါ်တဲ့ ဟော်မုန်းထွက်ရှိမှု များပြားလာခြင်းကြောင့်ပါ။ ဒီဟော်မုန်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေကို ပိုမိုပြေလျှော့စေပါတယ်။

    ယေဘုယျအားဖြင့် အူလမ်းကြောင်းထဲက အစာတွေ တစ်နေရာကနေ နောက်ထပ်တစ်နေရာကို ရွေ့လျားနိုင်စေဖို့ အူမှာရှိတဲ့ ကြွက်သားတွေဟာ တင်းတင်းညှစ်လိုက်၊ ဖြေလျှော့ပေးလိုက် တစ်လှည့်စီလုပ်ပေးရပါတယ်။ ပရိုဂျက်စတီရုန်းဟော်မုန်းကြောင့် အူကြွက်သားတွေ ပိုမိုပြေလျော့သွားတဲ့အခါ အစာစီးဆင်းမှု နှောင့်နှေးလာပါတယ်။ ဒါကြောင့် နောက်ဆက်တွဲအနေနဲ့ ဝမ်းချုပ်တဲ့ ပြဿနာဖြစ်ပေါ်လာရပါတယ်။

    ကိုယ်ဝန်ဆောင်အားဆေးတွေမှာ ပါရှိတဲ့ သံဓာတ်ဟာလည်း ဝမ်းချုပ်ခြင်းကို အားပေးပါတယ်။ အထူးသဖြင့် သံဓာတ်ပမာဏများများပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေပေါ့။

    နောက်တစ်ချက်က ဘာလဲဆိုတော့ ကိုယ်ဝန်လရင့်လာတဲ့အချိန်မှာ သားအိမ်ဟာလည်း အရွယ်အစား အထူးကြီးမားလာတာမို့ အူမကြီးအဖျားပိုင်း (rectum)ပေါ်ကို အားများများနဲ့ ဖိချထားတဲ့အခါ ဝမ်းချုပ်စေပါတယ်။ ဒါတွေကတော့ အထင်ရှားဆုံး အကြောင်းရင်းခံတွေပါ။

    ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကို သက်သာအောင် ဘာတွေလုပ်ရမလဲ။

    ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်ခြင်း သက်သာစေဖို့ဆိုရင်

    • အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပါ

    အစေ့အဆံတွေ၊ ပေါင်မုန့်တွေ၊ဆန်လုံးညို၊ ပဲ၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို နေ့စဉ်စားသုံးပေးရပါမယ်။ ဒီအစားအစာတွေဟာ သင်ဝမ်းမချုပ်အောင် ဝိုင်းဝန်းကာကွယ်ပေးနိုင်မှာပါ။

    • ရေများများသောက်ပါ

    ရေကို ဆာတိုင်း များများသောက်ပေးပါ။ ရေတင်မကပါဘူး။ သစ်သီးဖျော်ရည်တွေကိုလည်း တစ်နေ့တစ်ခွက်သောက်ပေးနိုင်ပါသေးတယ်။

    • ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ

    လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ ယောဂကျင့်ခြင်း စတာတွေဟာလည်း ဝမ်းချုပ်ခြင်းကို သက်သာပျောက်ကင်းစေပါလိမ့်မယ်။

    • အောင့်မထားပါနဲ့

    အိမ်သာတက်ချင်ရင် မအောင့်အီးထားပါနဲ့။ တခါတလေ အိမ်သာတက်ဖို့ သင့်ခန္ဓာကိုယ်က အချက်ပြတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် အောင့်အီးထားတတ်ကြပြီး ကြာလာတဲ့အခါ ဝမ်းချုပ်တဲ့ အလေ့အထဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် လုပ်လက်စကို ဘေးချပြီး အိမ်သာဆီသာ အမြန်ပြေးပါ။

    • သံဓာတ်အားဆေးကို လျှော့ပါ

    သင်လက်ရှိသုံးစွဲနေတဲ့ ကိုယ်ဝန်ဆောင်အားဆေးမှာ သံဓာတ်ပမာဏ များများကြီးပါနေတယ်။ သင်လည်း သွေးအားနည်းရောဂါဖြစ်မနေဘူး။ ဝမ်းချုပ်တဲ့ ပြဿနာနဲ့လည်း ရင်ဆိုင်နေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သံဓာတ်နည်းပါးတဲ့ အားဆေးကို ပြောင်းသောက်သင့်ပါတယ်။

    ဒါမှ အဆင်မပြေရင်တော့ ဝမ်းပျော့ဆေး၊ ဝမ်းနှုတ်ဆေးသုံးစွဲဖို့ ဆရာဝန်ထံ အကြံဉာဏ်တောင်းခံပါ။

    ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာ ပြဿနာရှိလား။

    ပုံမှန်အားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာ ပြဿနာကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရှားရှားပါးပါးဆိုသလို တခြားရောဂါတွေရဲ့ လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။ တကယ်လို့ သင်ဟာ ဆိုးဆိုးရွားရွား ဝမ်းချုပ်နေတဲ့အပြင် ဗိုက်အောင့်ဗိုက်နာမယ်၊ တချီတချီမှာ ဝမ်းလျှောမယ်၊ အကျိအချွဲတွေ၊ သွေးတွေ ပါလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။

    ဒါ့အပြင် ဝမ်းချုပ်လို့ အိမ်သာတက်တိုင်းညှစ်ရမယ်၊ ဝမ်းတွေမာမယ်ဆိုရင် လိပ်ခေါင်းကို ပိုဆိုးစေနိုင်ပါတယ် (လိပ်ခေါင်းဟာလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတခုပါ)။ လိပ်ခေါင်းတွေဟာ နေရထိုင်ရ မသက်မသာဖြစ်စေနိုင်ပေမယ့် ဆိုးဆိုးရွားရွား အခြေအနေတွေအထိ ဖြစ်ခဲပါတယ်။ ကလေးမွေးပြီးချိန်မှာ လိပ်ခေါင်းဟာ သူ့အလိုလိုပျောက်သွားလေ့ရှိပါတယ်။ ဒါပေမယ့် ပြင်းပြင်းထန်ထန်နာကျင်လာရင် သို့မဟုတ် ဝမ်းထဲသွေးပါလာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသရပါမယ်။

    ဒီလောက်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်ခြင်းနဲ့ ပတ်သက်လို့ အတော်လေး သိရှိသွားလောက်ပါပြီ။ ဒါဟာ ကြီးမားထူးခြားတဲ့ ပြဿနာတစ်ခုမဟုတ်ပေမယ့် ပေါ့ပေါ့လေးပစ်ထားသင့်တဲ့ အရာတစ်ခုလည်း မဟုတ်ပါဘူး။ အပ်နဲ့ထွင်းရမယ့် ကိစ္စကို ပေါက်ဆိန်နဲ့ပေါက်ရတဲ့ အခြေမဆိုက်ရလေအောင် ကြိုကြိုတင်တင်နဲ့ အစားအသောက်အနေအထိုင်တွေကို ဆင်ခြင်ပေးမယ်ဆိုရင် ကိုယ်ဝန်ဆောင်ကာလ ဝမ်းချုပ်ခြင်းကို အေးအေးသက်သာပဲ ဖြတ်ကျော်နိုင်မှာဖြစ်ပါကြောင်း မျှဝေပေးလိုက်ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 24/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement