backup og meta

၆ မျိုးစပ် ကာကွယ်ဆေး ထိုးတဲ့အခါ ထပ်ဆောင်းကာကွယ်ဆေးကို မေ့မထားပါနဲ့။


Aye Thi Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နုနယ်လှတဲ့ ကလေးငယ်တွေကို အန္တရာယ်ပြုဖို့ စောင့်နေတဲ့ ရောဂါတွေ အများကြီးပါ။ မိဘတစ်ယောက်အနေနဲ့ ဘေဘီ​လေးကို ပျော်ရွှင်ကျန်းမာစွာ ကြီးပြင်းလာစေဖို့ဆိုရင် အာဟာရတွေ ပြည့်ဝလုံလောက်အောင် ကျွေးမွေးစောင့်ရှောက်မှုနဲ့အတူ ဒီရောဂါအန္တရာယ်တွေကနေ ဘေဘီလေးကို သေချာ ကာကွယ်ပေးဖို့ကလည်း မေ့ထားလို့ မရပါဘူး။

    ဘေဘီလေးတွေကို ငယ်စဉ်ကတည်းက ရောဂါတွေအန္တရာယ်ကနေ ကာကွယ်ပေးဖို့ဆိုရင် မဖြစ်မနေ လုပ်ရမှာက အသက်အရွယ်အလိုက် ထိုးနှံရမယ့် ကာကွယ်ဆေးတွေကို သေချာလေး ထိုးနှံပေးဖို့ပါ။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း အချို့သော ကုသဆေး မရှိသေးတဲ့ရောဂါမျိုးတွေအတွက်ကတော့ ကာကွယ်ဆေး ထိုးနှံပေးထားခြင်းကသာ ထိရောက်တဲ့ ကာကွယ်စောင့်ရှောက်မှုပါ။

    ဒီတစ်ခေါက်တော့ ဘေဘီလေးကို ကြောက်စရာကောင်းတဲ့ ရောဂါ ၆ မျိုး အန္တရာယ်ကနေ ကာကွယ်ပေးတဲ့ ၆ မျိုးစပ် ကာကွယ်ဆေးထိုးနှံတဲ့အခါ ထပ်ဆောင်းကာကွယ်ဆေးတွေကို ဘာကြောင့် ထိုးနှံပေးဖို့ လိုအပ်သလဲဆိုတာလေးတွေကို ပြောပြပေးသွားပါမယ်။

    ၆ မျိုးစပ်ကာကွယ်ဆေး ဘာရောဂါတွေကို ကာကွယ်ပေးသလဲ။

    ၆ မျိုးစပ် ကာကွယ်ဆေးဆိုတာ ဘေဘီလေးတွေကို ပြင်းထန်တဲ့ရောဂါ ၆ မျိုးကနေ ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးပါ။ ၆ မျိုးစပ်ကာကွယ်ဆေးကိုDTaP/IPV(polio)/Hib/Hep B ကာကွယ်ဆေး (သို့မဟုတ်) hexavalent ကာကွယ်ဆေးလို့ သိကြပါတယ်။

    ၆ မျိုးစပ်ကာကွယ်ဆေးက ဘေဘီလေးကို ထိခိုက်စေနိုင်တဲ့

    • ဆုံဆို့နာ – Corynebacterium diphtheriae ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ဆုံဆို့နာက လည်ချောင်းနဲ့ အဆုတ်ကို ထိခိုက်စေနိုင်တဲ့ ပြင်းထန်တဲ့ ကူးစက်ရောဂါ တစ်မျိုးပါ။ ဒီ ဘက်တီးရီးယားက အဆိပ်တစ်မျိုးကို ထုတ်လုပ်ပြီး နှလုံးနဲ့ အာရုံကြောက တစ်ရှူးတွေကို ထိခိုက်စေနိုင်ပါတယ်။ လေပြွန်အဝအဆုံမှာ အမြှေးပါးတွေနဲ့ ပိတ်စေတဲ့အတွက် အသက်ရှူမရဘဲ အသက်ဆုံးရှုံးစေနိုင်ပါတယ်။
    • မေးခိုင် – မေးခိုင်ရောဂါဆိုတာ Clostridium tetani ဘက်တီးရီးယားကြောင့် ဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့ ဖျားနာမှုကို ဖြစ်စေပြီး ကြွက်သားတွေနဲ့ အာရုံကြောစနစ်ကို ထိခိုက်စေပါတယ်။ အပြင်းထန်ဆုံးအနေနဲ့ အသက်ရှူကြွက်သား အလုပ်မလုပ်တာကြောင့် အသက်ဆုံးရှုံးစေနိုင်ပါတယ်။
    • ကြက်ညှာချောင်းဆိုး (pertussis) – Bordetella pertussis ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ကူးစက်မြန်ရောဂါ တစ်မျိုးပါ။ ချောင်းဆိုးတာကနေတဆင့် လူတစ်ဦးကနေ တစ်ဦးကို ကူးစက်ပါတယ်။ နာတာရှည်ချောင်းဆိုးတာကို ဖြစ်စေနိုင်သလို နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ အနေနဲ့ ပန်းနာရင်ကျပ်၊ ဦးနှောက်ပျက်စီးတာကို ဖြစ်စေနိုင်သလို သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။
    • ပိုလီယို –  ပိုလီယိုရောဂါက ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပြင်းထန်တဲ့ရောဂါတစ်မျိုးပါ။ အူလမ်းကြောင်းထဲကို ဝင်ရောက်ကူးစက်ပြီး အူလမ်းကြောင်းကနေတဆင့် အာရုံကြောစနစ်ကို ရောက်ရှိလို့ အာရုံကြောတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ကြွက်သားတွေကို ထိခိုက်စေပြီး လက်မောင်း၊ ခြေထောက်စတဲ့ကြွက်သားတွေကို အကြောသေစေပါတယ်။ တစ်ခါတလေမှာ အသက်ရှူရခက်စေပြီး သေဆုံးသည်အထိ ပြင်းထန်ပါတယ်။
    • Haemophilus influenza – ဒီရောဂါက Haemophilus influenza type b (Hib) ဘက်တီးရီးယားကြောင့် ဖြစ်ရတာပါ။ အဆုတ်ရောင်ရောဂါကို ဖြစ်စေပြီး နောက်ဆက်တွဲ အနေနဲ့ ပြင်းထန်ဦးနှောက်ရောင်ရောဂါ ဖြစ်စေနိုင်ပါတယ်။
    • အသည်းရောင်အသားဝါ ဘီ – အသည်းရောင်အသားဝါ ဘီ ဗိုင်းရပ်စ်က  သွေး ဒါမှမဟုတ် ခန္ဓာကိုယ်အရည်တွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ ပြင်းထန်တဲ့ အသည်းပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။  စတဲ့ရောဂါတွေကနေ ကာကွယ်ပေးတာပါ။

    ဒီကာကွယ်ဆေးက ဘေဘီလေးရဲ့ ဖွံ့ဖြိုးနေတဲ့ ကိုယ်ခံအားကို အခုပြောပြခဲ့တဲ့ ရောဂါ ၆ မျိုး အန္တရာယ်ကနေ ထိထိရောက်ရောက် ကာကွယ်နိုင်အောင် အားဖြည့်ပေးပါတယ်။

    ၆မျိုးစပ် ကာကွယ်ဆေးကို ဘေဘီလေး အသက် ၂ လမှာ ပထမအကြိမ်၊ ၄လမှာ ဒုတိယအကြိမ်၊ ၆လမှာ တတိယအကြိမ်ဆိုပြီး ထိုးပေးရပါမယ်။ ကလေးအနေနဲ့ ရောဂါတွေကို အထိရောက်ဆုံး ကာကွယ်နိုင်တဲ့အထိ ကိုယ်ခံအား ကောင်းကောင်းရနိုင်စေဖို့ ကာကွယ်ဆေးကို ၃ ကြိမ် ထိုးဖို့ လိုပါမယ်။ ကာကွယ်ဆေး တစ်ကြိမ် ထိုးပြီးတိုင်းမှာ ကလေးရဲ့ ကိုယ်ခံအားက ပိုပိုသန်မာလာမှာပါ။

    ထပ်ဆောင်းကာကွယ်ဆေးအနေနဲ့ ကလေးနဲ့ ၄နှစ်နဲ့ ၆နှစ်အတွင်းမှာ တစ်ကြိမ် ထပ်ထိုးရပါမယ်။

    ၆ မျိုးစပ် ကာကွယ်ဆေး ထိုးတဲ့အခါ ထပ်ဆောင်းကာကွယ်ဆေးကို မေ့မထားပါနဲ့။

    ထပ်ဆောင်းကာကွယ်ဆေးကို မေ့မထားပါနဲ့ လို့ပြောရတာက ထပ်ဆောင်းကာကွယ်ဆေးတွေဟာ ကလေးကို အမျိုးမျိုးသော ရောဂါတွေ ဘေးကနေ ကာကွယ်ပေးပြီး ပျော်ရွှင်ကျန်းမာစွာ ကြီးပြင်းလာစေဖို့ ထောက်ကူပေးနိုင်လို့ပါ။ ထပ်ဆောင်းကာကွယ်ဆေးတွေက ကလေးရဲ့ ကိုယ်ခံအားစနစ်ကို ရောဂါဆိုးတွေ အန္တရာယ်ကို သတိထားဖို့ အချက်ပြပေးနေတဲ့ သတိပေးစနစ်လေးတွေပါ။

    ကာကွယ်ဆေးက ထိုးလိုက်ပြီဆိုရင် ကာကွယ်ဆေးထိုးပြီး သိပ်မကြာခင် ကာလမှာ ကူးစက်ခံရတဲ့ ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပေမယ့် အမြဲ ကာကွယ်ပေးမယ်လို့ ပုံသေ တွက်လို့ မရသေးပါဘူး။ ငယ်ရွယ်သေးတဲ့ ကလေးတွေရဲ့ ကိုယ်ခံအားက ကာကွယ်ဆေး တစ်ကြိမ် ထိုးရုံနဲ့ လုံလောက်တဲ့ ကိုယ်ခံအားစနစ်ကို ရရှိပြီလို့ အတိအကျပြောဖို့ ခက်ပါတယ်။

    သဘောကတော့ ကာကွယ်ဆေး ထိုးလိုက်ပေမယ့် ကိုယ်ခံအား အပြည့်အဝ မရလိုက်ဘူး။ ရောဂါဖြစ်လာနိုင်ခြေ ရှိနေသေးတယ်။ ဒါကြောင့် ထပ်ဆောင်း ကာကွယ်ဆေးတွေကို ထိုးဖို့ လိုတာပါ။ ကိုယ်ခံအားကို ရောဂါခုခံနိုင်ဖို့ အပြည့်အဝ ဖွံ့ဖြိုးသန်မာလာအောင် အားဖြည့်ပေးတဲ့ သဘောပေါ့။

    ကာကွယ်ဆေးထိုးတဲ့အခါ ထပ်ဆောင်းကာကွယ်ဆေး ထိုးဖို့က ကလေးတွေတင် မဟုတ်ပါဘူး။ လူကြီးတွေမှာလည်း လိုအပ်ပါတယ်။ ဒါမှ လုံလောက်တဲ့ ကိုယ်ခံအားစနစ်ကို တည်ဆောက်နိုင်ပြီး ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်နိုင်မှာပါ။

    ကာကွယ်ဆေးထိုးထားပေမယ့် ကာကွယ်ဆေးက အချိန်ကြာလာတဲ့အခါ အားပျော့လာပြီး ကိုယ်ခံအားက မှတ်သားထားနိုင်စွမ်းကလည်း ကျလာပါတယ်။ ဒီအခြေအနေမှာ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံလိုက်မှပဲ ကိုယ်ခံအားရဲ့ ခုခံနိုင်စွမ်းက ပြန်တက်လာတာပါ။

    ဒါကြောင့် ဘေဘီလေးတွေကို ကုသဖို့ ဆေးမရှိသေးဘဲ အသက်အန္တရာယ်ကို ရန်ရှာနိုင်တဲ့ ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးပြီး ပျော်ရွှင်ကျန်းမာစွာ ကြီးပြင်းလာစေချင်တယ်ဆိုရင်တော့ ၆ မျိုးစပ် ကာကွယ်ဆေး ထိုးတဲ့အခါ ထပ်ဆောင်းကာကွယ်ဆေးကို မေ့မထားပါနဲ့။

    တကယ်ကတော့ ၆ မျိုးစပ်မှ မဟုတ်ပါဘူး။ ဘေဘီလေးကို ထိုးပေးတိုင်း ကာကွယ်ဆေးတိုင်းကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး လိုအပ်မယ်ဆိုရင် ထပ်ဆောင်း ကာကွယ်ဆေးတွေကို သေချာလေး ထိုးနှံပေးဖို့ လိုပါမယ်။

    ဒါမှလည်း ဘေဘီလေးက ပြည့်ဝတဲ့ ကိုယ်ခံအားစနစ်ရရှိပြီး ရောဂါကင်းစင်လို့ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းနိုင်တော့မှာပေါ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement