ဒီကာကွယ်ဆေးက ဘေဘီလေးရဲ့ ဖွံ့ဖြိုးနေတဲ့ ကိုယ်ခံအားကို အခုပြောပြခဲ့တဲ့ ရောဂါ ၆ မျိုး အန္တရာယ်ကနေ ထိထိရောက်ရောက် ကာကွယ်နိုင်အောင် အားဖြည့်ပေးပါတယ်။
၆မျိုးစပ် ကာကွယ်ဆေးကို ဘေဘီလေး အသက် ၂ လမှာ ပထမအကြိမ်၊ ၄လမှာ ဒုတိယအကြိမ်၊ ၆လမှာ တတိယအကြိမ်ဆိုပြီး ထိုးပေးရပါမယ်။ ကလေးအနေနဲ့ ရောဂါတွေကို အထိရောက်ဆုံး ကာကွယ်နိုင်တဲ့အထိ ကိုယ်ခံအား ကောင်းကောင်းရနိုင်စေဖို့ ကာကွယ်ဆေးကို ၃ ကြိမ် ထိုးဖို့ လိုပါမယ်။ ကာကွယ်ဆေး တစ်ကြိမ် ထိုးပြီးတိုင်းမှာ ကလေးရဲ့ ကိုယ်ခံအားက ပိုပိုသန်မာလာမှာပါ။
ထပ်ဆောင်းကာကွယ်ဆေးအနေနဲ့ ကလေးနဲ့ ၄နှစ်နဲ့ ၆နှစ်အတွင်းမှာ တစ်ကြိမ် ထပ်ထိုးရပါမယ်။
ထပ်ဆောင်းကာကွယ်ဆေးကို မေ့မထားပါနဲ့ လို့ပြောရတာက ထပ်ဆောင်းကာကွယ်ဆေးတွေဟာ ကလေးကို အမျိုးမျိုးသော ရောဂါတွေ ဘေးကနေ ကာကွယ်ပေးပြီး ပျော်ရွှင်ကျန်းမာစွာ ကြီးပြင်းလာစေဖို့ ထောက်ကူပေးနိုင်လို့ပါ။ ထပ်ဆောင်းကာကွယ်ဆေးတွေက ကလေးရဲ့ ကိုယ်ခံအားစနစ်ကို ရောဂါဆိုးတွေ အန္တရာယ်ကို သတိထားဖို့ အချက်ပြပေးနေတဲ့ သတိပေးစနစ်လေးတွေပါ။
ကာကွယ်ဆေးက ထိုးလိုက်ပြီဆိုရင် ကာကွယ်ဆေးထိုးပြီး သိပ်မကြာခင် ကာလမှာ ကူးစက်ခံရတဲ့ ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပေမယ့် အမြဲ ကာကွယ်ပေးမယ်လို့ ပုံသေ တွက်လို့ မရသေးပါဘူး။ ငယ်ရွယ်သေးတဲ့ ကလေးတွေရဲ့ ကိုယ်ခံအားက ကာကွယ်ဆေး တစ်ကြိမ် ထိုးရုံနဲ့ လုံလောက်တဲ့ ကိုယ်ခံအားစနစ်ကို ရရှိပြီလို့ အတိအကျပြောဖို့ ခက်ပါတယ်။
သဘောကတော့ ကာကွယ်ဆေး ထိုးလိုက်ပေမယ့် ကိုယ်ခံအား အပြည့်အဝ မရလိုက်ဘူး။ ရောဂါဖြစ်လာနိုင်ခြေ ရှိနေသေးတယ်။ ဒါကြောင့် ထပ်ဆောင်း ကာကွယ်ဆေးတွေကို ထိုးဖို့ လိုတာပါ။ ကိုယ်ခံအားကို ရောဂါခုခံနိုင်ဖို့ အပြည့်အဝ ဖွံ့ဖြိုးသန်မာလာအောင် အားဖြည့်ပေးတဲ့ သဘောပေါ့။
ကာကွယ်ဆေးထိုးတဲ့အခါ ထပ်ဆောင်းကာကွယ်ဆေး ထိုးဖို့က ကလေးတွေတင် မဟုတ်ပါဘူး။ လူကြီးတွေမှာလည်း လိုအပ်ပါတယ်။ ဒါမှ လုံလောက်တဲ့ ကိုယ်ခံအားစနစ်ကို တည်ဆောက်နိုင်ပြီး ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်နိုင်မှာပါ။
ကာကွယ်ဆေးထိုးထားပေမယ့် ကာကွယ်ဆေးက အချိန်ကြာလာတဲ့အခါ အားပျော့လာပြီး ကိုယ်ခံအားက မှတ်သားထားနိုင်စွမ်းကလည်း ကျလာပါတယ်။ ဒီအခြေအနေမှာ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံလိုက်မှပဲ ကိုယ်ခံအားရဲ့ ခုခံနိုင်စွမ်းက ပြန်တက်လာတာပါ။
ဒါကြောင့် ဘေဘီလေးတွေကို ကုသဖို့ ဆေးမရှိသေးဘဲ အသက်အန္တရာယ်ကို ရန်ရှာနိုင်တဲ့ ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးပြီး ပျော်ရွှင်ကျန်းမာစွာ ကြီးပြင်းလာစေချင်တယ်ဆိုရင်တော့ ၆ မျိုးစပ် ကာကွယ်ဆေး ထိုးတဲ့အခါ ထပ်ဆောင်းကာကွယ်ဆေးကို မေ့မထားပါနဲ့။
တကယ်ကတော့ ၆ မျိုးစပ်မှ မဟုတ်ပါဘူး။ ဘေဘီလေးကို ထိုးပေးတိုင်း ကာကွယ်ဆေးတိုင်းကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး လိုအပ်မယ်ဆိုရင် ထပ်ဆောင်း ကာကွယ်ဆေးတွေကို သေချာလေး ထိုးနှံပေးဖို့ လိုပါမယ်။
ဒါမှလည်း ဘေဘီလေးက ပြည့်ဝတဲ့ ကိုယ်ခံအားစနစ်ရရှိပြီး ရောဂါကင်းစင်လို့ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းနိုင်တော့မှာပေါ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။