သားသမီးအမြွှာဆိုတာ ကံထူးမှ ရတတ်တာမျိုးပါ။ လူတိုင်းမရနိုင်ကြပါဘူး။ ကလေးထိန်းပေးမယ့်သူရှိရင်တော့ အမြွှာလေးတွေ မွေးတာ ပြဿနာ မဟုတ်ပေမယ့် ကိုယ့်တစ်ယောက်တည်းသာရှိရင်တော့ အမြွှာကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ မိခင်တိုင်းအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ရပ်ပါ။ အထူးသဖြင့် အစားအသောက် ပြင်ဆင်တဲ့ အပိုင်းမှာဆို အမြွှာနှစ်ယောက်အတွက် မေမေတို့ ပိုအားစိုက်ရတတ်ပါတယ်။ ကလေးဆိုတာ ထမင်းကျွေးရတာခက်ပါတယ်။ တစ်ယောက်ကို ထမင်းကျွေးဖို့အတွက်တောင် ခေါင်းစားနေတာ အမြွှာဆိုဘယ်လိုလုပ်မလဲလို့ စိုးရိမ်နေကြတဲ့မေမေတို့တွေဒီဆောင်းပါးလေးကို ဖတ်သင့်ပါတယ်။ ။
-
ကလေးနှစ်ယောက်လုံး တစ်ပြိုင်တည်း အစားစားအောင် လေ့ကျင့်ပေးထားပါ။
နှစ်ယောက်လုံးထမင်းစားချိန် တစ်ချိန်တည်းဖြစ်ပါမှ မေမေတို့ နှစ်ခါ အလုပ်မရှုပ်တော့မှာဖြစ်ပါတယ်။
-
အစားအသောက်တွေများများဆောင်ထားပါ။
ကလေးနှစ်ယောက်က တစ်ပြိုင်တည်းလည်း ဗိုက်ဆာတတ်တဲ့အတွက် အစားအသောက်တွေကို များများကြိုပြင်ထားပါ။ တစ်ယောက်နဲ့ တစ်ယောက်က စားနှုန်းလည်း မတူတဲ့အတွက် အပိုဆောင်ထားတာကသာ အကောင်းဆုံးဖြစ်မှာပါ။
-
ကလေးဆိုတာ အဖော်ရှိရင် ပိုပျော်တတ်တာမျိုးပါ။
အမြွှာတွေကိုကြည့်ကြည့်ပါ။ တစ်ယောက်ထမင်းစား၊ မုန့်စားနေပြီဆို နောက်တစ်ယောက်က မစားချင်ဘဲကို မနေပါဘူး။ ဒါကြောင့် ကိုယ့်အမြွှာထဲက တစ်ယောက်ကသာ အစားပုတ်တယ်ဆိုရင် နောက်တစ်ယောက် အစားစားဖို့ သိပ်တွန်းနေစရာ မလိုပါဘူး။ စားဖော်စားဖက်ရှိတော့ ပိုစားဝင်ကြတယ်မလား။
-
ချီးမွမ်းပါ။
ကလေးဆိုတာ အမြှောက်ကြိုက်ပါတယ်။ တစ်ယောက်ကို ကိုယ်က ချီးမွမ်းနေရင် နောက်တစ်ယောက်ကလည်း အချီးမွမ်းခံချင်တာနဲ့ လိုက်လုပ်မှာဖြစ်ပါတယ်။ ဒါကြောင့် ဟယ် မမကတော်လိုက်တာ လိမ္မာတယ် ထမင်းတွေ အကုန်စားတယ်လို့ ချီးကျူးလိုက်တာနဲ့ ညီမလေးကလည်း သူလိမ္မာကြောင်းပြချင်လို့ ထမင်းကုန်အောင် လိုက်စားတော့မှာပါ။
-
အစားအသောက်တွေကို သန့်သန့်ရှင်းရှင်းပြင်ပေးပါ။
ကလေးစားမယ့် အစားသောက်တွေကို သန့်ရှင်းအောင်ပြင်ပေးဖို့ဆိုတာ ကလေးရှိတဲ့မေမေတိုင်း လိုက်နာသင့်တဲ့ အချက်ပါ။ အမြွှာနှစ်ယောက်မှာ တစ်ယောက်နေမကောင်းဖြစ်ရင်နောက်တစ်ယောက်ကလည်း လိုက်ပြီးနေမကောင်းဖြစ်နိုင်တာကြောင့်မေမေတို့ အလုပ်ပိုရှုပ်နိုင်ပါတယ်။
-
စိတ်ရှည်ပါ။
ကလေးတစ်ယောက်ကိုပြုစုပျိုးထောင်ဖို့ဆိုတာ မလွယ်ပါဘူး။ အမြွှာဆိုတော့တစ်ယောက်တည်း မဟုတ်တာသေချာတဲ့အတွက်မေမေတို့ဘက်က ပိုပြီး စိတ်ရှည်သည်းခံရမယ့် အပိုင်းလေးတွေပါလာပါပြီ။
ကလေးတစ်ယောက်ကိုတောင် ထမင်းကျွေးဖို့တောင် တိုင်ပတ်နေတဲ့ မေမေတို့တွေ အမြွှာလေးတွေကိုသာ ထမင်းကျွေးရမယ်ဆိုရင် မူးနောက်နေမှာ ပြောဖို့လိုမယ်တောင် မထင်ပါဘူး။ ခုဆောင်းပါးလေးကအမြွှာလေးတွေကို ထမင်းကျွေးချိန်ရောက်တိုင်း ကလေးတွေ ထမင်းမစားမှာစိုးလို့ ခေါင်းစားနေတဲ့ မေမေတို့ အတွက် အထောက်အကူပြုမယ်လို့ရည်ရွယ်ပါတယ်။ ။
[embed-health-tool-vaccination-tool]