အိမ်တွင်းပုန်းမေမေတွေ အိမ်မှာပဲအမြဲနေရတဲ့အခါ ဘယ်လိုပြဿနာတွေ တွေ့ရနိုင်လဲ။
ဘယ်ရွေးချယ်မှုမဆို အကောင်းရော အဆိုးပါ ဒွန်တွဲနေမှာပါ။ အဲ့သလိုပဲ အိမ်မှာ နေတာ ကြာလာတဲ့အခါ ဒါမှမဟုတ် ကိုယ်ဝါသနာပါတဲ့ အလုပ်ကို စွန့်လွှတ်ပြီး မိသားစုအတွက်ပဲ အချိန်ပေးနေရတဲ့အခါမျိုးမှာ စိတ်ညစ်စရာတွေ ဖြစ်လာနိုင်ပါတယ်။
- မိသားစုနဲ့ နေရတာ ပျော်စရာကောင်းပေမယ့် အိမ်မှာပဲ အမြဲနေရတဲ့အခါမှာ မေမေတွေအတွက် လှောင်ပိတ်ထားသလို စိတ်ထဲ အကျဉ်းကျနေသလို နေရထိုင်ရခက်တာမျိုးတော့ ဖြစ်စေနိုင်ပါတယ်။
- အချိန်ကြာလာရင် မေမေတွေအနေနဲ့ ကိုယ့်ကလေးမရှိရင် မနေတတ်တော့တာ၊ ကိုယ့်ကလေးအပေါ် မှီခိုတွယ်တာလွန်းတဲ့ စိတ်တွေ ဖြစ်လာနိုင်ပါတယ်။
- အလုပ်ထွက်ပြီး အိမ်မှာပဲ နေနေတယ်ဆိုလို့ စိတ်ဖိစီးမှု အလုံးစုံကင်းစင်သွားမှာတော့ မဟုတ်ပါဘူး။ တစ်အိမ်သားလုံးရဲ့ တာဝန်ဝတ္တရားတွေဟာ ကိုယ့်အပေါ်မှာ ပုံကျလာတဲ့အတွက် စိတ်ဖိစီးမှု အနည်းနဲ့အကျဉ်းတော့ ခံစားရနိုင်ပါတယ်။
- ဖခင်တစ်ဦးတည်း အလုပ်နေနေရတာ ဖြစ်တဲ့အတွက် အသုံးစရိတ်မလုံလောက်တာ၊ မိသားစု စားဝတ်နေရေး၊ နေစရိတ်ကို အချိန်ပြည့်ပူပန်နေရတာတွေ ရှိလာနိုင်ပါတယ်။
- ကိုယ်ဝါသနာပါတဲ့ အလုပ်ကို သတိရတမ်းတတာ၊ တစ်ယောက်တည်း အိမ်မှုတာဝန်တွေ အကုန်ယူထားရတဲ့အခါ စိတ်ဆိုးဒေါသထွက်လွယ်နိုင်ပါတယ်။
မေမေတွေ ဘဝကို ဟန်ချက်ညီဖို့ ဘယ်လိုနေထိုင်ကြမလဲ။
မိသားစုအတွက် အချိန်ပေးရတာဟာ မိခင်ကောင်းတစ်ယောက်ရဲ့ တာဝန်ဆိုပေမယ့် ကိုယ့်ကျန်းမာရေးနဲ့ ဘဝကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ မိသားစုဝင်တွေကိုလည်း စိတ်ပူသလို ကိုယ့်အတွက်ကိုလည်း စိတ်ပူပါ။ အာဟာရမျှတစွာ စားသောက်ပါ။ အိပ်ရေးဝအောင် အိပ်ပါ။ လေ့ကျင်ခန်း၊ အားကစား ပုံမှန်လုပ်ပေးပါ။
ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေမှာ မိသားစုဝင်တွေကို အိမ်မှုကိစ္စတာဝန် ခွဲဝေပေးပါ။ ဥပမာ မေမေက ထမင်းဟင်းချက်ပြီး စားသောက်ပြီးသွားရင် ဖေဖေတွေက ပန်းကန်ဆေးပေးတာမျိုး၊ ကလေးတွေက ကိုယ့်အခန်းကိုယ် သန့်ရှင်းရေးလုပ်တာမျိုး လုပ်ခိုင်းပေးပါ။
အိမ်မှာပဲ ကိုယ့်ကိုယ်ကို လှောင်ပိတ်တာထက် အပြင်ထွက်ပေးပါ။ မနက်တိုင်း ဈေးဝယ်ထွက်တာ၊ လမ်းထွက်လျှောက်တာမျိုး လုပ်ပေးပါ။ ကိုယ့်သူငယ်ချင်းအပေါင်းအသင်းတွေ၊ ရပ်ဝေးမှာ နေနေတဲ့ မိဘဆွေမျိုးတွေဆီ အလည်သွားတာမျိုး လုပ်ပေးပါ။
အလုပ်လုပ်ရတာ ဝါသနာပါတဲ့ အိမ်ထောင်ရှင်မေမေတွေဆိုရင် အိမ်မှာ အချိန်သိပ်ပေးစရာမလိုတဲ့ အလွတ်တန်းအလုပ်တွေ၊ အချိန်ပိုင်း အလုပ်လုပ်တွေ လုပ်ရင်း အပိုဝင်ငွေ ရှာပေးလို့ ရပါတယ်။ ဒါမှမဟုတ်လည်း ကိုယ့်အနီးအနားက လုပ်အားပေးအသင်းအဖွဲ့တွေ၊ ကူညီမှုလုပ်ငန်းတွေမှာ ဝင်ရောက်အားဖြည့်ပေးလို့လည်း ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။