backup og meta

ကလေး အသက်အရွယ်အလိုက် လုပ်နိုင်သော အိမ်မှုကိစ္စများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 27/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေး အသက်အရွယ်အလိုက် လုပ်နိုင်သော အိမ်မှုကိစ္စများ

    ကလေး အသက်အရွယ်အလိုက် လုပ်နိုင်သော အိမ်မှုကိစ္စများ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ညစ်ပတ်နေတဲ့ ပန်းကန်တွေ၊ ရှုပ်ပွနေတဲ့ အိပ်ခန်းတွေ၊ ဧည့်ခန်းထဲမှာ အရုပ်တွေ နဲ့ အိမ်မှုကိစ္စတွေဟာ အလွန်များပြားခေါင်းစားလှပါတယ်။ အချို့နေ့တွေမှာတော့ အိမ်အလုပ်တွေကို ရှောင်ခြင်းဟာ ကောင်းတဲ့နည်းလမ်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း မနက်ဖြန်ဆိုတာ အမြဲရှိနေတာပါပဲ။ မနက်ဖြန်မှ လုပ်လည်း ဖြစ်ပါတယ်လို့ လူတိုင်းတွေးဖူးမိကြမှာပါ။ သင့်ကိုယ်သင် ပြန်မေးပါ။ ဘယ်အိမ်အလုပ်တွေက သင့်ကလေးတွေ သင်ယူနိုင်ပြီး လုပ်နိုင်ပါသလဲ။

    ကလေး အသက်အရွယ်အလိုက် လုပ်နိုင်သော အိမ်မှုကိစ္စများ

    ကလေး အသက်အရွယ်အလိုက် လုပ်နိုင်သော အိမ်မှုကိစ္စများ ကတော့-

    အသက် ၂-၃ နှစ်။ ရိုးရှင်းတဲ့ အလုပ်လေးတွေ ပေးလုပ်ပြီး ချီးကျူးပါ။

    အိမ်အလုပ်တွေဟာ ကလေးတွေကို အရေးကြီးတဲ့ ဘဝအတွက် ကျွမ်းကျင်မှုတွေနဲ့ တစ်အိမ်လုံးက အိမ်အလုပ်တွေကို အတူတကွ လုပ်ဆောင်ကြတယ်ဆိုတာကို သင်ပေးမှာဖြစ်ပါတယ်။ သူတို့ ဘယ်အရွယ်မှာ စတင်နိုင်ပါသလဲ။ လမ်းလျှောက်တတ်ခါစ ကလေးတွေဆို ကူညီနိုင်ပါပြီ။ သူတို့ကို ပေးကူညီလိုက်ပါ။

    သူတို့ဟာ အဝတ်တွေကို အဝတ်ခြင်းထဲ ထည့်တတ်ပါတယ်။ မှောက်ကျနေတာတွေကို သုတ်တတ်ပြီး အမှိုက်ကို အမှိုက်ပုံးထဲ ထည့်တတ်ပါတယ်။ အရုပ်တွေကို ခြင်းထဲထည့်ခြင်း၊ သင့်ထံယူလာခြင်း၊ အိမ်မွေးတိရိစ္ဆာန်တွေကို ဘီးဖြီးပေးခြင်းတွေ လုပ်တတ်ပါတယ်။

    အသက် ၂ နှစ်ဟာ ကလေးတွေ အိမ်အလုပ်ဖို့ ငယ်လွန်းတယ်လို့ ထင်နေပါသလား။ တကယ်တမ်းတော့ ဒါဟာ စလုပ်ဖို့ အချိန်ကောင်း ဖြစ်ပါတယ်။ လမ်းလျှောက်တတ်ခါစအရွယ်ဟာ ပုံမှန်ရိုးရှင်းတဲ့ အလုပ်တွေ လုပ်နိုင်ရင် သူတို့ကိုယ်သူတို့ တတ်နိုင်တယ်လို့ ခံစားရပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေအတွက် လေ့ကျင့်ပြီးသားလည်း ဖြစ်နိုင်ပါတယ်။ သူတို့လုပ်နိုင်ခြင်းတွေအတွက် သေချာချီးကျူးဖို့ လိုအပ်ပါတယ်။

    အသက် ၄-၅ နှစ် ။ သူတို့ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ပါစေ။

    သူတို့ဟာ တိရိစ္ဆာန်တွေကို အစာကျွေးခြင်း၊ အဝတ်လျှော်ဖို့ အဝတ်တွေကို ခွဲခြင်း၊ လျှော်မည့်အဝတ်တွေကို မှန်ကန်တဲ့ အခန်းထဲယူသွားခြင်း၊ မကွဲနိုင်တဲ့ ပန်းကန်တွေ စားပွဲပေါ်စီခြင်း၊ အမှိုက်ပုံးသေးသေးလေးတွေ သွားသွန်ခြင်းနဲ့ အပင်ရေလောင်းခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

    ကျောင်းမနေခင် ကလေးတွေဟာ သူတို့ကို လိုအပ်တယ်၊ သူတို့ဟာ တတ်နိုင်တယ်၊ မှီခိုမှုကင်းတယ်ဆိုတဲ့ ခံစားမှုတွေ လိုအပ်ပါတယ်။ ရလဒ်ကို မကြည့်ပဲ သူတို့ကို အိမ်အလုပ်တွေမှာ ပါဝင်ခွင့်ပေးသင့်ပါတယ်။ ဆုပေးဒဏ်ပေး စနစ်ကို ကျင့်သုံးနိုင်ပါတယ်။ စားပြီးသား ပန်းကန်တွေကို ဘေစင်မှာ ထားတယ်ဆိုရင် အပြင်ထွက်ပြီး ကစားနိုင်တယ် ဆိုတာမျိုးဖြစ်ပါတယ်။

    အသက် ၆-၇ ။ ပြီးပြည့်စုံမှုကို မမျှော်လင့်ပါနဲ့။

    သူတို့ဟာ တိရိစ္ဆာန်တွေ သောက်ဖို့ ရေဖြည့်ပေးတာမျိုး၊ နေ့လည်စားပြုလုပ်စဉ် ကူညီပေးတာ၊ ထုတ်ပိုးတာမျိုး၊ အိပ်ယာခင်းတာမျိုး၊ ဘေစင်ရေသုတ်တာမျိုး၊ ဝယ်လာတဲ့ ပစ္စည်းတွေ ထုတ်ပေးတာမျိုး၊ အမှိုက်သိမ်းတာမျိုး၊ အမှိုက်ပစ်တာမျိုးတွေကို ပြုလုပ်နိုင်ပါတယ်။

    ကလေးတွေကို အလုပ်အသစ်တွေလုပ်စေတဲ့အခါမှာ သူတို့ဟာ ဘယ်လိုတာဝန်ယူရမလဲဆိုတာကို သင်ယူနိုင်မှာဖြစ်ပါတယ်။ သူတို့ဟာ သင်ထင်တာထက် အများကြီး ပိုလုပ်နိုင်ပါတယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ကြားပေးပြီး သင်က နောက်ဆုတ်နေသင့်ပါတယ်။

    အသက် ၈-၉ ။ ပျော်စရာကောင်းပါစေ။

    သူတို့ဟာ ရိုးရှင်းတဲ့ အစားအစာတွေကို ပြင်ဆင်ခြင်း၊ စားပွဲ ပြင်ဆင်ခြင်း၊ ရှင်းလင်းခြင်း၊ ပန်းကန်ဆေးစက် ထဲထည့်ခြင်း၊ ထုတ်ခြင်း၊ အဝတ်အစားတွေ ခေါက်ခြင်း၊ အိမ်သာသုံးစက္ကူဖြည့်ခြင်း၊ အမှိုက်စုပ်ခြင်း၊ သစ်ရွက်ဖယ်ခြင်း တွေ ပြုလုပ်နိုင်ပါတယ်။

    အိမ်အလုပ်ဆိုတာ ပျင်းဖို့ကောင်းစရာမလိုပါဘူး။ တံမြက်စည်းလှည်းချိန်မှာ သီချင်းဖွင့်ထားတာမျိုး၊ ၅ မိနစ်အချိန်သတ်မှတ်ပြီး ဘယ်သူက အဝတ်အများဆုံးခေါက်ပြီးသလဲ ပြိုင်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ ကလေးတွေကို သူတို့လုပ်တဲ့အလုပ်တွေအတွက် ဆုပေးမယ့် အမှတ်တွေကို အဖေနဲ့ အမေက သတ်မှတ်ပေးတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။

    အသက် ၁၀-၁၂ ။ ရွေးချယ်မှုနဲ့ ဆုလဒ်များ

    သူတို့ဟာ အိုးတိုက်ခြင်း၊ ကြမ်းတိုက်ခြင်း၊ တံမြက်စည်းလှဲခြင်း၊ အိမ်သာသန့်ရှင်းရေးလုပ်ခြင်း၊ ကားပေါ်က ပစ္စည်းတွေ သယ်ပေးခြင်း၊ ကားဆေးခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

    သင့်ကလေးကောင်းစွာလုပ်နိုင်တဲ့ အလုပ်နှစ်ခုကို ရွေးချယ်ပြီး တစ်လှည့်စီလုပ်ချင်လား (သို့) ဒီတစ်ခုကိုပဲ တစ်ပတ်လုံး လုပ်ချင်လားဆိုတာကို သူတို့ကို ဆုံးဖြတ်စေသင့်ပါတယ်။ လုပ်ရမယ့်အလုပ်တွေကို စာရင်းပြုစုပြီး သတိပေးသင့်ပါတယ်။ တကယ်လို့ သင့်ကလေးဟာ လုပ်ခိုင်းစရာမလိုတဲ့အလုပ်တစ်ခုကို လုပ်ပြီးပြီဆိုရင် သေးငယ်တဲ့ ဆုချခြင်းမျိုး (သို့) နှစ်နှစ်ကာကာ ကျေးဇူးတင်တယ်လို့ ပြောခြင်းမျိုးတွေ ပြုလုပ်နိုင်ပါတယ်။

    အသက် ၁၃ နှစ်နှင့်အထက် ။ တကယ့်ဘဝအတွက် ပြင်ဆင်ပါ။

    သူတို့ဟာ မောင်နှမ အငယ်တွေကို ထိန်းပေးခြင်း၊ အိမ်စာကူလုပ်ခြင်း၊ တစ်ပတ်မှာ တစ်ရက် ညစာချက်စေခြင်း၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ လမ်းလျှောက်ခြင်း ပြုလုပ်နိုင်ပါတယ်။ အိမ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ဈေးကနေ သွားဝယ်ခြင်းမျိုးတွေ ပြုလုပ်နိုင်ပါတယ်။

    အိမ်အလုပ်တွေဟာ သူတို့ကို အခန်းဖော်၊ အလုပ်သမား အဖြစ်အလုပ်လုပ်တဲ့အခါမျိုးမှာ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို သင်ပေးနိုင်ပါတယ်။ လိင်အမျိုးအစားနဲ့လိုက်ပြီး ခွဲခြားမှု မပြုဖို့လည်း အရေးကြီးပါတယ်။ ယောက်ျားလေးတွေဟာ ဟင်းချက်ခြင်း၊ မီးပူတိုက်ခြင်း၊ အဝတ်လျှော်ခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။ မိန်းကလေးတွေဟာ ကိရိယာတွေ ကိုင်တွယ်ခြင်း၊ ကားဆီလဲခြင်း၊ ခြံအလုပ်လုပ်ခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။

    အမေနဲ့အဖေတွေအတွက် အကြံပြုချက်များ

    • အရုပ်တွေ၊ စာအုပ်တွေ ကောက်ခြင်း

    ကစားချိန်ပြီးရင် သန့်ရှင်းရေးလုပ်ခြင်းဟာ အရေးကြီးပါတယ်။။ သင့်ကလေးကို သူဆော့ကစားထားတဲ့ အရာတွေ ပြန်သိမ်းဖို့ အားပေးသင့်ပါတယ်။ စာအုပ်တွေကို စာအုပ်စင်ပေါ် သို့ ခြင်းထဲထည့်သင့်ပါတယ်။ အရုပ်တွေကိုလည်း အရုပ်စင်၊ အရုပ်ခြင်း တွေထဲ ထည့်နိုင်ပါတယ်။ ပြီးရင်တော့ အခန်းကိုပတ်ကြည့်ပြီး ကျန်ခဲ့တဲ့အရုပ်တွေကို ရှာဖွေပါ။ သင့်ရဲ့ လမ်းလျှောက်နိုင်တဲ့ ကလေးကို အရုပ်ကောက်ဖို့ အချိန်ပေးပါ။ ဒီအရုပ်ကားကိုတွေ့လား၊ ဘယ်ရောက်သွားလဲ အစရှိသည်ဖြင့် မေးရင် ကလေးက အဖြေကို တန်းသိတာကို အံ့သြစွာမြင်ရမှာဖြစ်ပါတယ်။ တကယ်လို့ သူမသိခဲ့ရင်လည်း သင်ကြားပြသသင့်ပြီး ပျော်ရွှင်ဖွယ်ဖြစ်ပါတယ်။ အရုပ်ကိုကောက်ပြီး နေရာတကျ ပြန်ထားပြသင့်ပါတယ်။

    • ညစ်ပတ်နေသော အဝတ်အစားတွေကိုကောက်ခြင်း

    အဝတ်အစားတွေက ပေါ့ပါးပြီး ကောက်ဖို့လွယ်ပါတယ်။ နေရာမှန်မှာ ပြန်ထားဖို့လည်း လွယ်ပါတယ်။ တကယ်လို့ ညစ်ပေနေတဲ့ အဝတ်အစားတွေ အဝတ်လျှော်ခန်းထဲမှာ ရှိတယ်ဆိုရင် သင့်ကလေးကို အဝတ်လျှော်စဉ် ကူညီစေခြင်းအားဖြင့် ဆုချသင့်ပါတယ်။ ပြီးရင်တော့ အဝတ်တွေကို အရောင်တူတာတွေ ဖယ်ထုတ်တဲ့ ဂိမ်းကို ဆော့ကစားနိုင်ပါတယ်။ သူတို့ဟာ အဝတ်လျှော်စက်အတွင်း အဝတ်ထည့်စဉ်မှာလည်း ကူညီပေးနိုင်ပါတယ်။

    • တံမြက်စည်းလှဲခြင်း

    အဖေရဲ့ ခြေအိတ်အဟောင်း (သို့) တံမြက်စည်းအသေးတစ်ခုကို ကလေးလက်ထဲထည့်ပေးပြီး သူမှီလောက်တဲ့ ကုလားထိုင်ခြေထောက်၊ ကြီးမားတဲ့ မျက်နှာပြင်ရှိတဲ့အရာတွေကို သန့်ရှင်းစေနိုင်ပါတယ်။ သူ့ကို ပစ္စည်းတွေ မတဲ့နေရာမှာ ကူညီပေးဖို့ လိုအပ်နိုင်ပါတယ်။ အိမ်အလုပ်လုပ်ခြင်းဟာ ပျော်စရာကောင်းတယ်ဆိုတာ ပြသဖို့ သီချင်းဖွင့်ခြင်း၊ သီချင်းမပြီးခင် အလုပ်ပြိုင်လုပ်ဖို့ စိမ်ခေါ်ခြင်းတွေ လုပ်နိုင်ပါတယ်။ ပြီးသွားရင်တော့ ကလေးကိုချီးကျူသင့်ပါတယ်။

    • အစားအသောက် ပြင်ဆင်ခြင်း

    သင်အစားအသောက်ပြင်ဆင်ချိန်မှာ ကလေးကိုလည်း ကူညီခွင့်ပေးသင့်ပါတယ်။ ကလေးကို ဘေစင်အတွင်း အသီးအရွက်တွေ ထည့်ထားပြီး ဆေးဖို့ ပြောသင့်ပါတယ်။ ထမင်းချက်တဲ့အချိန်မှာလည်း ဆန်၊ ဇွန်း၊ တိုင်းတဲ့ခွက် တွေကိုပေးပြီး ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြနိုင်ပါတယ်။ အခြား ကလေးငယ်လုပ်နိုင်တဲ့ အလုပ်တွေကတော့ ပေါင်မုန့်ကို ထောပတ်သုတ်ခြင်း၊ ပေါင်မုန့်ကို ပလပ်စတစ်ဓါးနဲ့ မရောနိစ့် သုတ်ခြင်း၊ အစားအသောက်တွေပေါ်မှာ ချိစ့် ဖြူးခြင်း၊ ဆလတ်ရွက် ခြွေခြင်း၊ ကွတ်ကီး အလှဆင်ခြင်း တွေပဲဖြစ်ပါတယ်။

    • စားပွဲကို ကူညီပြင်ဆင်ခွင့်ပေးပါ။

    လူတိုင်းကို အလုပ်တစ်ခုစီ သတ်မှတ်ပေးရင် ညစာဟာ အလွယ်တကူ ပြီးနိုင်ပါတယ်။ ကလေးတွေဟာ လက်သုတ်ပုဝါတွေကို စားပွဲကို သယ်ယူလာနိုင်ပြီး တစ်နေရာမှာ တစ်ခု ထားနိုင်ပါတယ်။ သူတို့ဟာ ဇွန်းတွေ၊ ခွက်တွေ၊ အန္တရာယ်မရှိတဲ့ အရာတွေကို စားပွဲပေါ်ကို သယ်လာနိုင်ပါတယ်။ အလုပ်ကောင်းစွာလုပ်ပြီးရင်တော့ ကလေးကို ချီးကျူးသင့်ပါတယ်။

    • အပင်ရေလောင်းခြင်း

    အိမ်မှာ အပင်စိုက်ခြင်းဟာ အဆိပ်အတောက်ပြေစေပါတယ်။ သင့်ကလေးဟာ အပင်ရေလောင်းခြင်းကို ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ကလေးအတွက် သေးငယ်တဲ့ ပလပ်စတစ် ဘူးအသေးလေးတွေ၊ ကလေးအသုံးပြုတဲ့ ရေလောင်းတဲ့ ကိရိယာတွေကို အသုံးပြုစေသင့်ပါတယ်။ ဒါမှမဟုတ် သင်တို့ကို ရေဖြန်းဘူးလေး ပေးထားပြီး သင်ရေလောင်းစဉ်မှာ ရေဖျန်းခိုင်းနိုင်ပါတယ်။ တကယ်လို့ ရာသီဥတုအခြေအနေကောင်းတယ်ဆိုရင် အပင်တွေကို အပြင်ထုတ်ထားခြင်းဟာ ရှုပ်ပွခြင်းတွေအတွက် စိတ်ပူစရာမလိုတော့ပါဘူး။

  • အရှုပ်တွေကို ရှင်းခြင်း
  • သင့်ကလေးကို အဝတ်စုတ် အသုံးပြုပြီး ကြမ်းတိုက်ခြင်းကို ကိုယ်တိုင်လုပ်စေသင့်ပါတယ်။ အသက်ကြီးတဲ့ ကလေးတွေကတော့ အစာစားအပြီးမှာ စားပွဲကို အဝတ်စိုနဲ့ သုတ်နိုင်ပါတယ်။ ဒါကိုပြုလုပ်ဖို့အတွက် ဓာတုပစ္စည်းတွေကို အသုံးပြုဖို့ မလိုအပ်ပါဘူး။

    • အိမ်အတွက် ဝယ်လာတဲ့ ပစ္စည်းတွေကို သယ်ယူခြင်း

    သင့်ကလေးက လမ်းကောင်းကောင်းလျှောက်တတ်မယ်ဆိုရင် ဒီပစ္စည်းတွေကို သယ်ယူခြင်းမှာ ပေးကူညီသင့်ပါတယ်။ ပုပ်သိုးခြင်း မဖြစ်နိုင်တဲ့ မုန့်ကြွပ်တွေ၊ တစ်ရှူးလိပ်အစရှိတာတွေကို ပေးသယ်သင့်ပါတယ်။ အဓိကကတော့ ပေါ့ပါးတဲ့အရာတွေဟာ ပြုတ်ကျရင်တောင် မပျက်စီးနိုင်ပါဘူး။ အိမ်အတွင်းရောက်ပြီဆိုရင်တော့ ရေခဲသေတ္တာထဲထည့်သင့်တဲ့ ပစ္စည်းတွေ၊ စင်ပေါ်တင်မည့်ပစ္စည်းတွေကို ခွဲခြားနိုင်ပြီဖြစ်ပါတယ်။ ဒီအထုတ်တွေမှာ ဘာတွေ ပါဝင်တယ်ဆိုတာကို ကလေးကိုသင်ကြားပေးသင့်ပြီး ဘယ်ပစ္စည်းတွေကို ဘယ်မှာ သိမ်းထားသင့်တယ်ဆိုတာပါ သင်ပေးသင့်ပါတယ်။

    • အိမ်မွေးတိရိစ္ဆာန်ကို ကူညီခြင်း

    အိမ်မွေးတိရိစ္ဆာန်ကို ဂရုစိုက်ခြင်းဟာ ကြင်နာမှုနဲ့ သက်ရှိတွေပေါ်လေးစားမှုကို သင်ကြားပေးနိုင်ပါတယ်။ သင့်ကလေးဟာ အစာကျွေးတဲ့အချိန်မှာ သင့်ကို အစာကူဖြည့်ပေးနိုင်ပါတယ်။ တကယ်လို့ သင့်ဟာ အိမ်မွေးတိရိစ္ဆာန်ကို အစာပိုင်းပြီး ကျွေးတယ်ဆိုရင် ကလေးငယ်ကို ပလပ်စတစ်ဓါးကို အသုံးပြုပြီး အစာခွဲခြမ်းခြင်း၊ အစာခွက်ထဲထည့်ခြင်းတွေကို ပေးပြုလုပ်နိုင်ပါတယ်။ တကယ်လို့ သင့်မှာ ယုန်၊ ဟမ်းစတားကြွက်ငယ်လေးတွေ၊ အခြားသေးငယ်တဲ့ အကောင်လေးတွေ မွေးထားတယ်ဆိုရင် သင့်ကလေးကို ရေခွက်လေးထဲ ရေထည့်တဲ့ တာဝန်မျိုးပေးသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 27/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement