backup og meta

ကလေးတွေကို ဖုန်းပေးကိုင်သင့်၊ မကိုင်သင့်


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေကို ဖုန်းပေးကိုင်သင့်၊ မကိုင်သင့်

    ယနေ့ခေတ်ကြီးထဲမှာ မိဘတွေဟာ နှစ်ဦးလုံးလိုလို အလုပ်ထွက်လုပ်တတ်ကြပါတယ်။ ကလေးတွေဟာလည်း အရင်ခေတ်တွေကနဲ့ သိပ်မတူတော့ဘဲ မိဘတွေနဲ့ လက်ပွန်းတတီး သိပ်မရှိကြတော့ပါဘူး။ ကျောင်းချိန်၊ အပြင်သင်တန်းချိန်၊ အားကစားချိန်စသဖြင့် သူတို့လေးတွေဟာ ကိုယ်ပိုင် အချိန်တွေ သီးသန့်ရှိနေတတ်ကြပါတယ်။ ဒီတော့ မိဘတစ်ဦးအနေနဲ့ ကလေးနဲ့ နီးနီးကပ်ကပ်ရှိနေစေဖို့၊ ကလေးအကြောင်းကို အချိန်နဲ့အမျှသိရှိနေဖို့၊ မိဘနဲ့ ကလေးကြား အဆက်အသွယ်မပြတ်စေဖို့အတွက် ဖုန်းတစ်လုံး လိုအပ်ပါတယ်။ ပေးလည်း ပေးထားကြပါတယ်။ ဖုန်းတစ်လုံးဟာ တော်တော်လည်း အသုံးဝင် ပါတယ်။ မိမိရဲ့ကလေးဟာ အခုဘယ်ရောက်နေပြီလဲ၊ ဘာလုပ်နေလဲ၊ အဆင်ရောပြေရဲ့လား ဆိုတဲ့ တစ်နေ့တာလှုပ်ရှားမှုတွေကို ဖုန်းကတစ်ဆင့် သိနိုင်ပါတယ်။

    သတိထားရမှာကတော့ စမတ်ဖုန်းတစ်လုံး ပေးကိုင်တော့မယ်ဆိုရင် မိမိကလေးရဲ့ အသက်အရွယ် နဲ့ ရင့်ကျက်မှုကို အရင်ဆုံးသိရှိရမှာပါ။

    • ဘယ်လိုပုံစံမျိုးနဲ့ နည်းလမ်းတကျပေးသုံးမလဲ။
    • ဖုန်းပေးသုံးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကရော ဘယ်လိုရှိမလဲ စသဖြင့် အဆိုးနဲ့အကောင်းကို ချင့်ချိန်စဉ်းစားတတ်ရမှာပါ။

    ကလေးတစ်ယောက်မှာ ဖုန်းတစ်လုံး ပိုင်ဆိုင်ထားခြင်းရဲ့အကျိုးကျေးဇူးများ

    စမတ်ဖုန်းတစ်လုံးကို မိဘဆီကနေ ရရှိလိုက်ခြင်းကြောင့် ကလေးတစ်ယောက်မှာ စိတ်ကျေနပ်မှုတွေ ရရှိသွားနိုင်ပါတယ်။ မိမိအတန်းဖော်တွေ၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြုလုပ်နိုင်မှာ ဖြစ်သလို အပေါင်းအသင်းတွေ ကြားမှာလည်း ပိုပြီးအံဝင်ခွင်ကျ ဖြစ်လာနိုင်ပါတယ်။ ဖေဖေ မေမေ တို့နဲ့လည်း မကြာခဏ ဆိုသလို အဆက်အသွယ်ပြုလုပ်ရင်း ယုံကြည်မှုကို တည်ဆောက်ထားနိုင်ပါတယ်။

    ကလေးရဲ့ လုံခြုံမှုအပိုင်းကို ကြည့်ရအောင်။ စမတ်ဖုန်းတွေဟာ အရေးပေါ်အခြေအနေတွေမှာ တော်တော်လေး အသုံးဝင်ပါတယ်။ မိမိကလေး အန္တရာယ်ရှိနေပြီလို့ ထင်နေတဲ့ အခြေအနေတွေမှာဆိုရင် ကလေးရဲ့တည်နေရာကို ဖုန်းထဲက GPS လုပ်ဆောင်ချက်နဲ့ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ကားမောင်းတတ်တဲ့ ဆယ်ကျော်သက်ကလေးတွေအတွက်လည်း ဒီလုံခြုံရေးစနစ်ဟာ အတော်လေး အသုံးဝင်ပါတယ်။

    ကလေးတွေဟာ တိုးတက်လာတဲ့ခေတ်ကြီးမှာ သိချင်၊ တတ်ချင်လာကြတာ များပါတယ်။ မိမိတို့သိချင်တဲ့ ဗဟုသုတတစ်ခုကို လူကြီးတွေဆီမှာ တကူးတကမေးမြန်းစရာ မလိုတော့ဘဲ Google ခေါက်လိုက်ရုံနဲ့ ချက်ချင်းသိရှိနိုင်မှာပါ။

    ဘာသာစကားတစ်ခုကို လေ့လာချင်တဲ့ ကလေးတွေအတွက်လည်း အတော်လေးအသုံးဝင်ပါတယ်။ ဖုန်းထဲက အဘိဓာန်(Dictionary)ကိုသုံးပြီး  ရှာဖွေလိုက်ရုံပါပဲ။

    (၂၀၁၅) ခုနှစ်ကပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ (၈၈)ရာခိုင်နှုန်းသော ကလေးတွေမှာ စမတ်ဖုန်းတစ်လုံးစီရှိနေကြပါပြီ။ ကောင်းတဲ့အချက်တွေရဲ့ အနောက်မှာ ဆိုးကျိုးတွေဟာလည်း ဒွန်တွဲလျက် ရှိနေပါတယ်။

    ကလေးတစ်ယောက်အတွက် စမတ်ဖုန်းတစ်လုံး၏ ဆိုးကျိုးများ

    ()     ကျန်းမာရေးရှုထောင့်

    အရင်ကတော့ ကလေးတစ်ယောက်ကို အိပ်ပျော်အောင်သိပ်ဖို့ (သို့မဟုတ်) စောစောအိပ်ခိုင်းဖို့ဆိုတာ မိဘတွေအတွက် လွယ်ကူတဲ့ကိစ္စပါ။ ဒါပေမယ့် ခုခေတ်မှာတော့ ခက်ခဲသွားပါပြီ။ လေ့လာချက်တွေဟာ ဖုန်းအသုံးပြုတဲ့ ဆယ်ကျော်သက်ကလေးတွေမှာ အိပ်ရေးမဝခြင်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေ ရှိနေတယ်လို့ ထောက်ပြထားပါတယ်။ အိပ်ရေးမဝတဲ့ နောက်ဆက်တွဲကတော့ ကျောင်းမှာလည်း စာကိုသေချာ မလေ့လာနိုင်တော့ပါဘူး။ အဝလွန်ရောဂါလည်း ဖြစ်ဖို့ရာခိုင်နှုန်းများလာပါတယ်။

    (၂၀၁၄)ခုနှစ်မှာ လေ့လာချက်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ လေ့လာချက်မှာ ဖော်ပြထားတာကတော့ (၈၀) ရာခိုင်နှုန်းသော ဆယ်ကျော်သက်တွေဟာ ၎င်းတို့အိပ်ပျော်ဖို့အတွက် မအိပ်ခင်မှာ ဖုန်းကြည့်ကြတယ်လို့ ဆိုထားပါတယ်။

    ဓာတ်ရောင်ခြည် အန္တရာယ်ကတော့ နောက်ထပ်ကျန်းမာရေးဆိုးကျိုးပါပဲ။ စမတ်ဖုန်းတွေကနေ ဓာတ်ရောင်ခြည်လှိုင်းတွေ ထုတ်လွှတ်ပါတယ်။ ဒါကြောင့် လက်ကနေ ဖုန်းကိုင်ထားသည်ဖြစ်စေ၊ ဖုန်းပြောသည် ဖြစ်စေ၊ အိပ်တဲ့အချိန်မှာ ခေါင်းအနား၊ ခေါင်းအုံးအောက်မှာ ထားသည်ဖြစ်စေ ဓာတ်ရောင်ခြည်တွေကို ခန္ဓာကိုယ်က စုပ်ယူလိုက်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကလေးတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဓာတ်ရောင်ခြည်ဆိုင်ရာ ကျန်းမာရေးပြဿနာတွေကိုတော့ သုတေသနလေ့လာချက် ‌တွေက တိတိကျကျမဖော်ပြနိုင်ကြသေးပါဘူး။ ဒါပေမယ့် ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့တော့ ဖုန်းပြောတဲ့အခါ Speaker ဖွင့်ပြောတာမျိုး၊ ဖုန်းသုံးချိန်လျှော့ခိုင်းတာမျိုးတွေတော့ ပြုလုပ်ထား လို့ရပါတယ်။

    ()     လုံခြုံရေးပြဿနာ

    အင်တာနက်ဟာ ကလေးရဲ့ ပညာရေးနဲ့ ဆက်သွယ်ရေးအတွက် အကောင်းဆုံးရင်းမြစ်ဖြစ်သလို အန္တရာယ်များတဲ့ လက်နက်လည်း ဖြစ်သွားနိုင်ပါတယ်။ ဖုန်းကတဆင့် အင်တာနက်လိုင်းကို ကျယ်ကျယ် ပြန့်ပြန့်သုံးလာနိုင်တဲ့အခါ အင်တာနက်ပေါ်က မကောင်းတဲ့ အကြောင်းအရာတွေ ကလေးတွေဆီ ရောက်ရှိ လာနိုင်ပါတယ်။ Comment မှာ အချင်းချင်းပြစ်တင်ရှုံ့ချတာမျိုး၊ လိမ်လည်တဲ့ကိစ္စမျိုး၊ အသက်အရွယ်နဲ့ မလိုက်ဖက်တဲ့၊ မမြင်သင့် မမြင်အပ်တဲ့ အရာတွေကို မြင်တာမျိုး၊ ညစ်ညမ်းဗီဒီယိုတွေ ကြည့်ရှုတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ Sex Educationကို မှန်ကန်တဲ့နည်းလမ်းနဲ့ မဟုတ်ဘဲ မကောင်းတဲ့ရှုထောင့်က သိရှိပြီး အမှားတွေ ပြုလုပ်လာနိုင်ပါတယ်။

    ဖုန်းအပြင် ကားပါပေးမောင်းတဲ့ အခါမှာတော့ အန္တရာယ်ဟာ ပိုဆိုးလာပါတယ်။ ကားမောင်းရင်း ဖုန်းပြောတာမျိုးတွေ ပြုလုပ်တဲ့အခါ မတော်တဆမှုတွေ ကြုံတွေ့လာရနိုင်ပါတယ်။ ကားမောင်းရင်း ဖုန်းသုံးတတ်တဲ့ ဆယ်ကျော်သက်ကလေးတွေရဲ့ ယာဉ်မတော်တဆဖြစ်ပွားနိုင်မှုနှုန်းဟာ သာမန်ထက်လေးဆ ပိုမြင့်ပါတယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။ (၂၀၁၅)ခုနှစ်က တွေ့ရှိချက်တစ်ခုမှာတော့ ယာဉ်မတော်တဆမှုတွေရဲ့ သုံးပုံတစ်ပုံဟာ ကားမောင်းရင်း ဖုန်းပြောတာတွေ၊ စာတိုပို့တာတွေကြောင့် ဖြစ်ရပါတယ်လို့ ဆိုထားပါတယ်။

    ()     ပစ္စည်းအပျက်အစီး

    ဖုန်းတစ်လုံးရဲ့တန်ဖိုးဟာမနည်းလှပါဘူး။ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ဖုန်းတွေဆို ပိုလို့တောင်  စျေးကြီးပါသေးတယ်။ ဒီလိုတန်ဖိုးများလှတဲ့ အရာတစ်ခုကို  ကလေးသေးသေးလေးတွေလက်ထဲ ယုံယုံကြည်ကြည် ထည့်ပေးလိုက်ခြင်းဟာ အတော်လေး အရင်းအနှီးကြီးလှပါတယ်။ စိတ်ကောက်စိတ်ဆိုးပြီး ကိုင်ပေါက်လိုက်တာမျိုးတွေလည်း ဖြစ်နိုင်ပါသေးတယ်။

    ဒါဆို မိဘတစ်ယောက်အနေနဲ့ ကလေးကို စမတ်ဖုန်း ဝယ်ပေးသင့်ပါသလား

    ကလေးကို ဖုန်းဝယ်ပေးသင့်တယ်လို့ သင်ဆုံးဖြတ်ပြီးရင်တော့…

    နောက်ဆုံးပေါ်စမတ်ဖုန်းအစား အင်တာနက်သုံးလို့မရတဲ့၊ သုံးလို့မကောင်းတဲ့ ဖုန်းမျိုးရွေးဝယ်ပေးနိုင်ပါတယ် (Keypad ဖုန်းမျိုးတွေပါ)။ အဆက်အသွယ်ရရုံသက်သက် ဝယ်ပေးထားသင့်တယ်လို့ ယူဆရင်ပါ။ကလေးရဲ့အသက်အရွယ်နဲ့ ရင့်ကျက်မှုပေါ်မူတည်ပြီး မော်ဒယ်အမျိုးအစား ရွေးချယ်ဝယ်ယူပေးနိုင်ပါတယ်။ နားလည်သိတတ်တဲ့အရွယ်ဆိုရင်တော့ ဖုန်းကိုလက်ထဲမထည့်ပေးခင်မှာ နှစ်ဦးနှစ်ဖက်သဘောတူ စည်းမျဉ်းမျိုး အရင်ထုတ်လိုက်ပါ။

    • မသိတဲ့ နံပါတ်ဆိုရင် မဖြေခိုင်းပါနဲ့။
    • တစ်စုံတစ်ယာက်ရဲ့ ပုံကို ဖေ့စ်ဘုတ်(လူမှုကွန်ယက်) မှာ တင်တော့မယ်ဆိုရင် အရင်ဆုံးခွင့်တောင်းခိုင်းပါ။ ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်တော့မယ်ဆိုရင်လည်း အလားတူပါပဲ။ ခိုးရိုက်တာမျိုးကို ခွင့်မပြု၊လက်မခံဘူးဆိုတာ သိအောင် ပြောပြထားပါ။
    • လူမှုကွန်ယက်ပေါ်မှာ တိုက်ခိုက်ခံရပြီ (Cyberbullying) ဆိုရင်တော့ မိဘ (သို့မဟုတ်)ယုံကြည်ရသူတွေကို အသိပေးပြောပြဖို့မှာထားပါ။
    • ရန်လိုတဲ့ စာသားမျိုး၊ သူတစ်ပါးကို အရှက်ရစေနိုင်တဲ့ Status မျိုး မတင်ပါစေနဲ့။
    • GPS တည်နေရာပြခလုတ်ကို အမြဲဖွင့်ထားခိုင်းပါ။ လုံခြုံစေဖို့ပါ။
    • ဖုန်းကို မကြာခဏစစ်ဆေးပါ။ အမြဲတမ်းလို့ မဆိုလိုပါဘူး။ အရွယ်နဲ့လိုက်ဖက်စွာ ထိန်းချုပ်ပေးပါ။ အခါ အားလျော်စွာ Messageတွေ Call log တွေကိုကြည့်ပေးပါ။
    • ဖုန်းသုံးချိန်ကို သင်ကိုယ်တိုင်သတ်မှတ်လိုက်ပါ။ ‘တစ်နေ့ကိုဘယ်နှစ်နာရီ၊ ညအိပ်ရာမဝင်ခင်မသုံးပါနဲ့’ စသဖြင့်ပါ။
    • မိသားစုတွေ့ဆုံချိန်၊ ကျောင်းတက်ချိန်နဲ့ စာကျက်ချိန်စာလေ့လာချိန်တွေမှာ ဖုန်းကို ပိတ်ခိုင်းထားပါ။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement