backup og meta

စောစောအိပ်ရာဝင်စေခြင်းဖြင့် ကလေးအဝလွန်ခြင်းကို ရှောင်ကြဉ်ကြပါစို့

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စောစောအိပ်ရာဝင်စေခြင်းဖြင့် ကလေးအဝလွန်ခြင်းကို ရှောင်ကြဉ်ကြပါစို့

    ကလေးတွေကို ကောင်းမွန်စွာ အိပ်စက်တတ်တဲ့ အကျင့်လုပ်ပေးခြင်းမှာ နောက်ကျတယ်ဆိုတာမရှိပါဘူး။ ဒီအကျင့်တွေဟာ ကလေးတွေဟာ သူတို့ဘဝနောက်ပိုင်းမှာ အဝလွန်ခြင်းကိုတောင် ကာကွယ်ပေးနိုင်ပါတယ်လို့ မကြာသေးမီက ပြုလုပ်ထားတဲ့ အမေရိကန်သုတေသန တစ်ခုက ဆိုပါတယ်။

    ကလေးဘဝ အဝလွန်ခြင်းရဲ့ စိတ်ပိုင်း၊ ကိုယ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ

    ကလေးဘဝ အဝလွန်ခြင်းဟာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်အတွင်း ကလေးငယ်တွေမှာ နှစ်ဆနဲ့ ကြီးကောင်ဝင်ချိန်တွေမှာ လေးဆ ပိုများလာပြီဖြစ်ပါတယ်။ ဒါဟာ သင့်ကလေးရဲ့ ကျန်းမာရေးကို လောလောဆယ်မထိခိုက်သေးပေမယ့် အသက်ကြီးလာရင်တော့ ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေနိုင်ပါတယ်။

  • ကိုလက်စထရော ပမာဏ များခြင်း
  • သွေးပေါင်တက်ခြင်း
  • ဆီးချို အမျိုးအစား ၂
  • ပန်းနာရင်ကျပ်
  • အိပ်နေရင်း ရုတ်တရက် မကြာခဏ အသက်ရှူရပ်ရပ်သွားခြင်း
  • ကလေး အသက် ၅-၁၇ နှစ်တွေကို လေ့လာခဲ့ရမှာ ၆၀ ရာခိုင်နှုန်း လောက်သော ကိုယ်အလေးချိန်များတဲ့ကလေးတွေမှာ အနည်းဆုံး နှလုံးရောဂါဖြစ်ပွားနိုင်ခြေရှိတဲ့ အချက်တစ်ခု ရှိကြပြီး ၂၅ ရာခိုင်နှုန်း သော ကိုယ်အလေးချိန်များတဲ့ ကလေးတွေမှာတော့ ဒီလိုအချက် နှစ်ခု (သို့) နှစ်ခုထက်ပိုပြီး ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် အဝလွန်တဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေဟာ လူကြီးဖြစ်လာချိန်မှာ အဝလွန်နိုင်ခြေ ပိုများတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

    ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုအပြင် အဝလွန်တဲ့ ကိုယ်အလေးချိန်များတဲ့ကလေးတွေဟာ သူတို့ရဲ့ ကိုယ်အလေးချိန်ကြောင့် ပတ်ဝန်းကျင်မှ ခွဲခြားဆက်ဆံခြင်းကိုလည်း ခံရနိုင်ပါတယ်။ ဒါဟာ သူတို့ရဲ့ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်းကို လျော့ကျစေနိုင်ပြီး လူကြီးဖြစ်သွားတဲ့အချိန်မှာတောင် ပညာရေး၊ လူမှုရေး လုပ်ငန်းဆောင်တာတွေကို နှောင့်နှေးစေပါတယ်။

    စောစောအိပ်ခြင်းဟာ ကလေးဘဝ အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

    ည ၈ နာရီမှာ အိပ်ရာထဲဝင်တဲ့ ကျောင်းမတက်ရသေးတဲ့ ကလေးငယ်တွေဟာ နောက်ကျမှ အိပ်တဲ့ ကလေးတွေနဲ့ ယှဉ်ရင် ဆယ်ကျော်သက်အရွယ်မှာ အဝလွန်နိုင်ခြေနည်းတယ်လို့ အိုဟိုင်းရိုးတက္ကသိုလ် ပြည်သူ့ကျန်းမာရေး ဌာန က ဆိုပါတယ်။

    ငယ်စဉ်ကတည်းက စောစောအိပ်ခြင်းဟာ မှာ သင့်ကလေးအတွက် အကျင့်ကောင်းတစ်ခုကို ဖန်တီးပေးပါတယ်။ ဒါဟာ သင့်ကလေးရဲ့ ကျန်းမာရေးဆိုးကျိုးတွေကို လျှော့ချနိုင်ဖို့ သင်လုပ်နိုင်တဲ့ အရာတစ်ခု ဖြစ်ပြီး အပြုအမူပိုင်း၊ လူမှုရေးပိုင်း၊ ခံစားမှုပိုင်းနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

    ဒီ သီအိုရီ ကို ကလေးကျန်းမာရေးဂျာနယ် က သုတေသနတစ်ခုမှာ ကလေးပြုစုစောင့်ရှောက်ရေးနှင့် ကလေးဖွံ့ဖြိုးမှု လေ့လာမှု ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ ကလေးငယ် ၉၇၇ ယောက်ရဲ့ အချက်အလက်တွေကို အသုံးပြုပြီး မှန်မမှန် စစ်ဆေးခဲ့ကြပါတယ်။

    သူတို့ဟာ ကျောင်းမနေသေးတဲ့ကလေးငယ်တွေ အိပ်ချိန်ပေါ်မူတည်ပြီး သုံးအုပ်စု ခွဲလိုက်ပါတယ်။ ၈ နာရီ (သို့) စောစော၊ ၈ နာရီနဲ့ ၉ နာရီကြား၊ ၉ နာရီနောက်ပိုင်း ဆိုပြီး ဖြစ်ပါတယ်။ ဒီလေ့လာမှုဟာ ကလေးငယ်တွေကို အသက်လေးနှစ်ခွဲမှနေပြီး ဆယ်ကျော်သက် အရွယ်ဖြစ်တဲ့ အထိ စောင့်ကြည့်ခဲ့ကြပါတယ်။ ဒီအခါမှာ သူတို့ဟာ သိသာထင်ရှားတဲ့ ကွာခြားချက်တွေကို တွေ့ရှိခဲ့ကြပါတယ်။

    • အစောဆုံးအိပ်ရာဝင်တဲ့ ကလေးငယ် ဆယ်ယောက်မှာ တစ်ယောက်ကသာ အဝလွန်တဲ့ ဆယ်ကျော်သက် ဖြစ်လာတာ တွေ့ရပါတယ်။
    • အလယ်အလတ်အိပ်ရာဝင်တဲ့ ကလေးငယ် ၁၆ ရာခိုင်နှုန်း ဟာ အဝလွန်တာတွေ့ရပါတယ်။
    • နောက်ဆုံးအိပ်ရာဝင်တဲ့ ကလေးငယ် ၂၃ ရာခိုင်နှုန်း ဟာ အဝလွန်တာတွေ့ရပါတယ်။
    • ဒီလေ့လာမှုရဲ့ ကလေးတစ်ဝက်လောက်ဟာ အလယ်အလတ် အိပ်ရာဝင်သူတွေ ဖြစ်ကြပါတယ်။ လေးပုံတစ်ပုံကတော့ စောစီးစွာ အိပ်ရာဝင်ကြပြီး ကျန်လေးပုံတစ်ပုံကတော့ နောက်ကျမှ အိပ်ရာဝင်ကြပါတယ်။

    ဒီသုတေသနဟာ ကလေးငယ်ရဲ့ အိပ်ချိန်ကို သက်ရောက်မှုရှိတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ထည့်သွင်းစဉ်းစားပါတယ်။ အခြားအချက်တွေ ဖြစ်တဲ့ ကိုယ်အလေးချိန်၊ ဆင်းရဲချမ်းသာခြင်း၊ လူမျိုးဘာသာ နဲ့ မိခင်ရဲ့ ကိုယ်အလေးချိန် အချက်အလက်တွေအားလုံးကို တူညီမှုရှိစေပြီး စမ်းသပ်သုတေသနပြုရာမှာ ၉ နာရီနောက်ပိုင်းမှ အိပ်ရာဝင်တဲ့ ကျောင်းမတက်ရသေးတဲ့ ကလေးငယ်တွေဟာ စောစီးစွာအိပ်ရာဝင်တဲ့ ကလေးငယ်တွေနဲ့ ယှဉ်ရင် နှစ်ဆပိုပြီး ဆယ်ကျော်သက်အရွယ်မှာ အဝလွန်ရောဂါဖြစ်နိုင်သေးတာကို တွေ့ရပါတယ်။

    အဝလွန်ခြင်းဟာ အမေရိကန်က ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေအတွက် အဓိက ပြဿနာတစ်ခု ဖြစ်ပါတယ်။ လေ့လာမှုအတော်များများမှာ အိပ်စက်ခြင်းရဲ့ အရည်အသွေးနဲ့ ကြာမြင့်ချိန်တွေဟာ အဝလွန်ခြင်းနဲ့ ဆက်စပ်မှုရှိတယ်လို့ အိုဟိုင်းရိုး တက္ကသိုလ်က Sarah Anderson က ဆိုပါတယ်။ ဒါပေမယ့် အိပ်ချိန်ကို လေ့လာထားတဲ့ လေ့လာမှုတွေ အများအပြား မရှိသေးဘူးလို့ သူမက ဆိုပါတယ်။

    ချီကာဂို ဆေးတက္ကသိုလ်က Lisa Medalie ကတော့ ကလေးငယ်တွေဟာ ကျောင်းသွား၊ သင်တန်းသွားရမှာကြောင့် ထချိန်တစ်ခု သတ်သတ်မှတ်မှတ် ရှိပေမယ့် ကလေးငယ်တွေရဲ့ အိပ်ချိန်ကတော့ မိဘတွေ ထိန်းချုပ်နိုင်တဲ့ အချက်တစ်ခု ဖြစ်တာကြောင့် အိပ်ရာဝင်ချိန်ဟာ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement