backup og meta

ကလေးရဲ့ခေါင်းမှာ သန်းတွယ် နေရင် လုပ်ဆောင်ရမယ့် (၇) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးရဲ့ခေါင်းမှာ သန်းတွယ် နေရင် လုပ်ဆောင်ရမယ့် (၇) ချက်

    သန်းဆိုတာ ဆံပင်ကြားထဲမှာနေထိုင်ပြီး ဦးရေပြားကနေ သွေးစုပ်ရှင်သန်တဲ့ ကပ်ပါးပိုး အသေးစားလေးတွေပါ။ သန်းတွယ်တာက အရမ်းကိုအဖြစ်များတဲ့ပြဿနာဖြစ်ပြီး အထူးသဖြင့် ကလေးတွေမှာ ပိုဆိုးပါတယ်။ သန်းတွေက ကူးစက်ပြန့်ပွားလွယ်လို့ စိတ်ရှုပ်စရာလည်းကောင်းပါတယ်။ ကလေးရဲ့ခေါင်းမှာ သန်းတွယ် တာက စိတ်ရှုပ်စရာကောင်းတယ်ဆိုပေမယ့် အန္တရာယ်တော့မပေးပါဘူး။

    သန်းကိုက်ရင် ကလေးရဲ့ဦးရေပြားမှာ ယားယံပြီး ကျိန်းစပ်စပ်ဖြစ်တာကလွဲလို့ ရောဂါပိုးတော့ မကူးစက်စေပါဘူး။ ဒါပေမယ့် သန်းကိုက်လို့ ဦးရေပြားကို ကုတ်လွန်းရင် ကုတ်ခြစ်ရာတွေကနေ ပိုးဝင်နိုင်တာ သတိထားရပါမယ်။

    လူတစ်ယောက်နဲ့တစ်ယောက် သန်းကူးစက်ဖို့ကအရမ်းလွယ်တာကြောင့် ကလေးကို မကူးစက်ရအောင် တစ်ယောက်ယောက်ခေါင်းမှာ သန်းတွေ့တာနဲ့ အမြန်ဆုံးကုသဖယ်ရှားတာ အကောင်းဆုံးပါပဲ။

    ကလေးရဲ့ခေါင်းမှာ သန်းရှိမရှိ ဘယ်လိုသိမလဲ

    သန်းတွေက သေးငယ်တဲ့အပြင် ဆံပင်တွေကြားမှာ ပြေးတတ်၊ ပုန်းအောင်းတတ်လို့ ရှာရခက်တယ်ဆိုပေမယ့် သန်းရှိမရှိကို သိသာစေမယ့် လက္ခဏာတွေရှိပါတယ်။

    ကလေးရဲ့ခေါင်းမှာ သန်းတွယ် နေကြောင်းသိနိုင်တဲ့ လက္ခဏာရပ်များ

    သန်းဥ

    သူတို့က အတော် သေးငယ်ပေမယ့် သာမန်မျက်စိနဲ့ မြင်နိုင်ပါသေးတယ်။ သေးငယ်တဲ့ အစက်အပျောက်လို သန်းဥလေးတွေက အကောင်မပေါက်ခင် ဦးရေပြားအနီးနားရှိ ဆံပင်နားမှာ ကပ်နေတတ်ပါတယ်။ ဥ သို့မဟုတ် ဥခွံတွေက ဆံပင်မှာ ကပ်နေတတ်ပါတယ်။ ခေါင်းဖြီးတာမျိုးနဲ့တောင်မှ မဖယ်ရှားနိုင်ပါဘူး။

    အရွယ်ရောက်ပြီးနဲ့ မရောက်ခင် သန်းများ

    ဆံပင်ကြားထဲ ရှာကြည့်ရင် သန်းတွေတွေ့နိုင်ပါတယ်။ အရွယ်ရောက်ပြီး သန်းတစ်ကောင်ဟာ နှမ်းစေ့အရွယ်ထက်မကြီးနိုင်ပါဘူး။ အကောင်ပေါက်လေးတွေကတော့ သန်းဥကနေပေါက်ပြီး ၁ ပတ် သို့မဟုတ် ၂ ပတ်လောက်ကြာရင်အရွယ်ရောက်ပါတယ်။။

    သန်းတွေကင်းစင်အောင် မလုပ်နိုင်ရင် ထပ်ထပ်ပွားလာမှ ကလေးရဲ့ဦးရေပြားမှာ အနာတွေဖြစ်၊ ပိုးဝင်လာနိုင်ပါတယ်။ သန်းတွေက တစ်နေ့ကို အကြိမ်ပေါင်းများစွာသွေးစုပ်ကြတာဖြစ်ပြီး ဦးရေပြားပြင်ပမှာ ၂ ရက်ထက်ကျော်ပြီး အသက်မရှင်နိုင်ပါဘူး။

    ကုတ်ခြစ်ရာများ

    သန်းတွေက သင့်ဦးရေပြားမှ သွေးကို စားသုံးတဲ့အတွက် သန်းကိုက်တဲ့အခါ ကလေးတွေကို ခေါင်းယားစေပြီး စိတ်အနှောင့်အယှက်ပေးနိုင်ပါတယ်။ သန်းရှိနေတဲ့ ကလေးတွေ မကြာခဏ ခေါင်းကုတ်နေမှာသေချာပါတယ်။

    အနီဖုလေးတွေ သို့မဟုတ် ကုတ်မိတာကြောင့် ဖြစ်တဲ့ အနာများ

    သင့်ကလေးတွေ မကြာခဏ ခေါင်းကုတ်နေပြီဆိုရင် ဒါက ရောင်ရမ်းနေတဲ့ အရည်ကြည်ဖုလေးတွေနဲ့ အနီဖုလေးတွေလိုမျိုး ဘက်တီးရီးယားပိုးကူးစက်ဖို့ ဖြစ်နိုင်ပါတယ်။

    သန်းတွေက ကူးစက်နိုင်လား

    လူတစ်ယောက်နဲ့ တစ်ယောက်မှာ သန်းကူးစက်ဖို့ အရမ်းပြန့်လွယ်ပါတယ်။ အထူးသဖြင့် ကျောင်းတွေ၊ နေ့ကလေးထိန်းစင်တာတွေ၊ ပါတီပွဲတွေ၊ အားကစားတွေ၊ အလှပြင်ဆိုင်တွေလို လူအစုလိုက် ရောနှောနေထိုင်ကြတဲ့အခါမျိုးတွေမှာ ပိုအဖြစ်များပါတယ်။

    သန်းတွေက ခုန်ပျံပြီးကူးနိုင်တာမဟုတ်ပါဘူး။ ဆံပင်ချင်းထိတွေ့မိတဲ့အခါမျိုးမှာ ကူးနိုင်တယ်ဆိုပေမယ့် အဝတ်အစား၊ ဘီး၊ ဦးထုပ် စတဲ့အသုံးအဆောင်တွေရောသုံးတာကြောင့်လည်း ကူးတတ်ပါတယ်။ အကောင်းဆုံးက ကလေးကို လူကြီးတွေရဲ့ အသုံးအဆောင်တွေ မပေးသုံးပါနဲ့။ သန်းရှိတဲ့ ကလေးနဲ့ ကစားမိရင် အချင်းချင်းထိတွေ့နီးကပ်မှုရှိတဲ့အပြင် ပစ္စည်းတွေ အတူရောကစားကြတာကြောင့် ကလေးတွေ သန်းကူးတာ ပိုများပါတယ်။

    ကလေးရဲ့ခေါင်းမှာ သန်းတွယ် တဲ့အခါ ဘယ်လိုလုပ်ရမလဲ

    (၁) သန်းစွဲနေတဲ့သူ သုံးစွဲတဲ့ အိပ်ရာခင်း၊ အဝတ်အစားတွေကို ၅၄.၄ဒီဂရီစင်တီဂရိတ် လောက် ပူနေတဲ့ ရေနဲ့ လျှော်ဖွတ်ရပါမယ်။ ရေနဲ့ လျှော်လို့မရတာတွေကို အခြောက်လျှော်ပါ။

    (၂) ကော်ဇောတွေနဲ့ ပရိဘောဂပစ္စည်းတွေရဲ့ အစွပ်တွေကို ဖုန်စုပ်စက်နဲ့ သန့်ရှင်းရေးလုပ်ပါ။ ဖုန်စုပ်စက်ထဲက အမှိုက်အိတ်ကို လွှင့်ပစ်သင့်ပါတယ်။

    (၃) ဆံပင်အလှပြင်ပစ္စည်းတွေကို အရက်ပြန် သို့မဟုတ် ခေါင်းလျှော်ရည်ထဲမှာ ၁နာရီလောက် စိမ်ထားပါ။

    (၄) သန်းနဲ့ သန်းဥတွေကိုရှာပါ။ တကယ်လို့ သင့်ကလေးရဲ့ ခေါင်းကခြောက်သွေ့နေချိန်မှာ သန်းနဲ့ သန်းဥတွေ မတွေ့ဘူးဆိုရင် ရေစိုနေတဲ့အချိန်မှာ ပြန်ရှာပါ။

    (၅) ဘီးစိပ်(သန်းချဘီး)ကို သုံးပါ။ ဘီးစိပ်နဲ့ ဆံပင်အရင်းမှ အဖျားထိ ဖြီးချပါ။ ဦးရေပြားကို သတိထားပါ။ သန်းနဲ့ သန်းဥတွေကို ဘီးမှာတွေ့နိုင်ပါတယ်။

    (၆) မိသားစုထဲက လူတိုင်းကို စစ်ဆေးပါ။ သန်းဟာ လူတစ်ယောက်ကနေ တစ်ယောက်ကို ပြန့်ပွားနိုင်ပါတယ်။ ဒါကြောင့် သန်းရှိတဲ့လူတိုင်းကို ကုသပါ။ သင့်ကလေးကို မကုခင် အခြားသော မိသားစုဝင်တွေကိုလည်း စစ်ဆေးပါ။ ရင်းနှီးတဲ့သူငယ်ချင်းတွေကို သန်းရှိ၊  မရှိစစ်ခိုင်းပါ။ သန်းရှိတဲ့သူ အသုံးပြုတဲ့ စောင်တွေ၊ အဝတ်အစားတွေ၊ ခေါင်းအုံးတွေနဲ့ အရုပ်တွေကိုလည်း လျှော်ဖွပ်ဆေးကြောပါ။

    (၇) ဖျာနဲ့မွေ့ရာတွေဟာ လျော်ဖွပ်လို့မရနိုင်တဲ့အရာတွေ ဖြစ်တာကြောင့် အိမ်အပြင်မှာ နေပူလှန်းပြီး ရိုက်ခါပေးပါ။ ကလေးတွေရဲ့အရေပြားကို ယားယံစေမယ့် ဖုန်မှုန့်တွေအပြင် သန်းနဲ့ ပိုးမွှားတွေ ကင်းစင်စေမှာဖြစ်ပါတယ်။

    ခေါင်းသန်းတွေကတော့ ကလေးတွေမှာ အဖြစ်အများဆုံးပါပဲ။ သူတို့ဟာ သင့်ကလေးကို ဒုက္ခမပေးပေမယ့် စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။ သင့်ကလေးခေါင်းမှာ သန်းတွေ့လိုက်ပြီဆိုရင်တော့ သူတို့ကို အလျင်အမြန်ဖယ်ရှားကုသဖို့ လိုပါလိမ့်မယ်။ အဓိကအချက်ကတော့ သန်းတွေဟာ ကလေးတစ်ယောက်ကနေ တစ်ယောက်ကို ကူးလာနိုင်တယ်ဆိုတာပါပဲ။

    အကယ်၍ သင့်ကလေးက ၂လ သို့မဟုတ် ၂လအောက် အရွယ်ဖြစ်ရင်

    သန်းဥနဲ့ သန်းတွေကို လက်နဲ့ ဖယ်ရှားပေးသင့်ပါတယ်။ ပိုပြီးလွယ်ကူအောင် လုပ်မယ်ဆိုရင် သင့်ကလေးရဲ့ ဆံပင်ကို ရေစိုစေပြီးမှ ဘီးစိတ်စိတ်လေးနဲ့ ဖြီးသင်ပေးသင့်ပါတယ်။

    သန်းစွဲတာကို အမြစ်ပြတ်ပျောက်ကင်းချင်ရင်တော့ ၃ပတ်ဆက်တိုက် အပတ်တိုင်း သန်းဥတွေကို ဖယ်ရှားသင့်ပါတယ်။ ပြီးရင်တော့ သန်းရှိမရှိ သင့်ကလေးရဲ့ ဦးရေပြားကို အနီးကပ် ကြည့်ရှု စစ်ဆေးပေးရပါမယ်။

    ကလေးက ၂ လအထက်ဖြစ်ရင်တော့

    သန်းစွဲတာ ကုသဖို့အတွက် သင့်ဆရာဝန်က ဆေးပါဝင်တဲ့ shampoo၊ cream rinse သို့မဟုတ် lotion တွေ ညွှန်းတတ်ပါတယ်။ ဒီကုသမှုက သန်းတွေကို သေစေနိုင်ပါတယ်။

    ဒါပေမယ့် ယားတာပျောက်တဲ့အထိ ရက်အနည်းငယ်လောက် စောင့်ရပါမယ်။ အကယ်၍ ဒီဆေးတွေကို သန်းတွေက ခံနိုင်ရည်ရှိနေတယ်ဆိုရင် သောက်ဆေးတွေ ညွှန်ကြားပါလိမ့်မယ်။

    ဒါတွေက ပိုးသတ်ဆေးတွေ ဖြစ်တဲ့အတွက် သင့်ကလေးရဲ့ အသက်နဲ့ချိန်ပြီး ဘေးကင်း မကင်း စစ်ဆေးပါ။ ဆေးမှာ ရေးသားထားတဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement