backup og meta

ကလေးတွေကို ခဲဆိပ်သင့်မှာ စိုးရိမ်နေရပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေကို ခဲဆိပ်သင့်မှာ စိုးရိမ်နေရပြီလား

    မိဘတွေ သတိမထားမိတတ်တဲ့ ကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အရာတွေထဲမှာ ခဲဆိပ်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ တချို့သော အိမ်အဟောင်းတွေမှာ နေနေတဲ့ မိသားစုတွေမှာ နေ့စဉ် ခဲဆိပ်ကို ရှူရှိုက်နေကြပါတယ်။ ကလေးရဲ့ ကိုယ်ခံအားက လူကြီးတွေနဲ့ ယှဉ်လိုက်တဲ့အခါ အားနည်းနေနိုင်တာကြောင့် ပိုပြီး ထိခိုက်မှုများတဲ့အပြင် ရေရှည်မှာလည်း ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီနေ့မှာတော့ ခဲဆိပ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးအန္တရာယ်အကြောင်းကို မိဘတွေအတွက် ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။

    ခဲဆိပ်ကို ဘယ်လိုအရာတွေမှာ တွေ့ရနိုင်လဲ။

    ဆောက်လုပ်ရေး လုပ်ငန်းခွင်က အစ ဘက်ထရီအဆုံး ခဲ၊ သံနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ အရာတွေမှာ ခဲဆိပ်တွေ ပါဝင်နေပါတယ်။ ခဲဆိပ်ဟာ လူတွေရဲ့ ကျန်းမာရေးအတွက် ဆိုးကျိုးများစွာ ဖြစ်စေနိုင်တဲ့ အဆိပ်အတောက်ဖြစ်တဲ့အပြင် မမွေးလာသေးတဲ့ ကလေးတွေ၊ အသက်ငယ်သေးတဲ့ ကလေးတွေဆိုရင် ခဲဆိပ်သင့်ခြင်းကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ပိုပြီး ကြုံလာရနိုင်ပါတယ်။

    ခဲဆိပ်က ကိုယ်ခန္ဓါထဲ ဘယ်လိုဝင်ရောက်နိုင်လဲ။

    အသက်ရှူမိလိုက်တဲ့ လေထဲမှာရှိနေတဲ့ ခဲဆိပ်တွေကို ရှူမိလိုက်တာ၊ ခဲဓါတ်ပါနေတဲ့ အစာမြိုချလိုက်မိတာ၊ တစ်ခါတလေမှာ ခဲဆိပ်ရှိတဲ့ အရာတွေကို ထိတွေ့ကိုင်တွယ်မိလို့ အရေပြားထဲ စိမ့်ဝင်သွားတာ အစရှိတဲ့ နည်းလမ်းတွေနဲ့ ကိုယ်ခန္ဓါထဲ ဝင်ရောက်ပါတယ်။

    ဟောင်းနွမ်းနေတဲ့ အိမ်တွေ၊ ခဲဓါတ်များလွန်းတဲ့ အိမ်သုတ်ဆေးတွေ၊ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ ကလေးတွေမှာလည်း ခဲဆိပ်သင့်နိုင်သလို ခဲနဲ့ ထိမိတဲ့ စားစရာတွေကို စားမိလိုက်တဲ့အခါမှာလည်း ဝင်ရောက်နိုင်ပါတယ်။

    ခဲဆိပ်က ကလေးရဲ့ ကိုယ်ခန္ဓါထဲ ဝင်လာတဲ့အခါ ဘယ်လိုလက္ခဏာတွေ ပြလဲ။

    ခဲဆိပ်ဝင်ကာစမှာ လက္ခဏာတွေ သိပ်ပြီး မပြတတ်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်လာနိုင်ပါတယ်။ စောစီးစွာ သိနိုင်တဲ့ လက္ခဏာတွေကတော့

    ၁။ အမြဲတမ်း စိတ်ဆိုးဒေါသထွက်နေတာ

    ၂။ ဘယ်အရာကိုမှ အာရုံမစူးစိုက်နိုင်တာ

    ၃။ ခေါင်းမူးခေါင်းကိုက်တာ

    ၄။ အစာစားချင်စိတ် လျော့နည်းလာတာ

    ၅။ ကိုယ်အလေးချိန် ကျဆင်းလာတာ

    ၆။ ပျော့ခွေနေပြီး ဘာလုပ်လုပ် မောနေတာ

    ၇။ ဗိုက်ထဲက အောင့်နေတာ

    ၈။ ကိုယ်လက်မအီမသာဖြစ်ပြီး ပျို့အန်နေတာ

    ၉။ ဝမ်းချုပ်တာ

    ၁၀။ သွေးအားနည်းခြင်းကြောင့် အသားဖြူဖပ်ဖြူရော် ဖြစ်လာတာ

    ၁၁။ ပါးစပ်ထဲမှာ ခဲအရသာကို ခံစားမိတာ

    ၁၂။ ကြွက်သား၊ အရိုးအဆစ် နာကျင်ကိုက်ခဲတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။ တခြားသော ရောဂါအခြေအနေကြောင့်လည်း ဒီလက္ခဏာတွေ တွေ့ရနိုင်တဲ့အတွက် ဆရာဝန်ကို ဖြစ်ကြောင်းကုန်စင် သေချာပြောပြပြီး ရောဂါဇစ်မြစ်ကို အဖြေရှာဖို့ လိုပါတယ်။

    ခဲဆိပ်သင့်တဲ့ ကလေးတွေမှာ ဘယ်လိုဒုက္ခဖြစ်စေနိုင်လဲ။

    ၁။ ခဲဆိပ်ရဲ့ ကြောက်ဖို့ ကောင်းတဲ့ အချက်က လူတွေစားသုံးလိုက်တဲ့ အစားအစာထဲက အာဟာရဓါတ်တွေကို ကိုယ်ခန္ဓါက စုပ်ယူသလိုပဲ ခဲဆိပ်ကိုလည်း လွယ်ကူစွာ စုပ်ယူနိုင်ပြီး ကိုယ်ခန္ဓါထဲ လျင်မြန်စွာ ပြန့်နှံ့နေနိုင်တာပါ။

    ၂။ ကြီးထွားဖွံ့ဖြိုးဆဲ ကလေးတွေမှာဆိုရင် ခဲဆိပ်သင့်ခြင်းကြောင့် ကိုယ်ခံအားစနစ်အားနည်းလာပြီး နောက်ထပ် ခဲဆိပ်တွေ ပိုမိုဝင်ရောက်လာနိုင်ဖို့ လွယ်ကူသွားပါတယ်။

    ၃။ သွေးထဲကို ခဲဆိပ်တွေ စတင်ဝင်ရောက်လာတဲ့အခါ ခေါင်းမူးတာ၊ ဗိုက်အောင့်ဗိုက်နာတာ ဖြစ်နိုင်ပါတယ်။

    ၄။ သွေးလမ်းကြောင်းမှာ ရှိတဲ့ သွေးနီဥဆဲလ်တွေကို ဖျက်ဆီးလိုက်တဲ့အခါ အောက်စီဂျင်ကို ကိုယ်ခန္ဓါအနှံ့မသယ်ပို့ပေးနိုင်တော့တဲ့အတွက် အချိန်ကြာလာတဲ့အခါ သွေးအားနည်းရောဂြါဖစ်လာမယ်။

    ၅။ ဦးနှောက်နဲ့ ဉာဏ်ရည်ကို ထိခိုက်စေတာ၊ အပြုအမူနဲ့ စိတ်ပိုင်းဆိုင်ရာကို အနှောင့်အယှက်ပေးနိုင်တယ်။

    ၆။ အရိုးနဲ့ သွား ကျန်းမာရေး၊ ကြွက်သား၊ အာရုံကြောနဲ့ သွေးလွှတ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေအတွက် အရေးပါတဲ့ ကယ်လ်စီယမ်ဓါတ် စုပ်ယူမှုကို ထိခိုက်စေလို့ တခြားကလေးတွေနဲ့ ယှဉ်လိုက်တဲ့အခါ လူကောင်သေးပြီး အရပ်မထွက်တာ၊ ကိုယ်အလေးချိန်နည်းနိုင်တယ်။

    ၇။ ခဲဆိပ်သင့်တဲ့ ကလေးတွေမှာ အကြားအာရုံ ချို့ယွင်းတာ၊ ကျောက်ကပ်ပျက်စီးတာ၊ အာရုံကြော အားနည်းတာ ဖြစ်နိုင်ပါတယ်။

    ၈။ ဘာသာစကား သင်ယူမှုမှာလည်း အခက်အခဲတွေ ဖြစ်စေတယ်။

    ၉။ ရုတ်တရက် တက်ပြီး သတိလစ်တာတွေအထိပါ ဖြစ်လာနိုင်ပါတယ်။

    ကိုယ်ထဲက ခဲဆိပ်ကို ဘယ်လိုကုသမလဲ။

    သွေးထဲမှာ ခဲဆိပ် ဘယ်လောက်ပမာဏထိ ရှိလဲ ဆိုတာပေါ် မူတည်ပြီး ကုသမှုပုံစံ ပြောင်းလဲသွားနိုင်ပါတယ်။ ခဲဆိပ်နည်းရင် ကုသတာလွယ်မယ်။ ပျောက်တာမြန်မယ်။ ရောဂါကုသနေတဲ့ အချိန်မှာလည်း ကိုယ့်ကလေးကို ခဲဆိပ်သင့်စေမယ့် အရာတွေနဲ့ ဝေးတဲ့ နေရာမှာ ထားသင့်ပါတယ်။ ခဲဆိပ်တွေ များနေပြီဆိုရင်တော့ ဆေးရုံမှာ သေချာကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာအာဟာရတွေ သေချာကျွေးဖို့ လိုအပ်သလို ကယ်လ်စီယမ်ဓါတ်၊ သံဓါတ်နဲ့ ဗီတာမင် C ဓါတ်တွေကို အဓိက ရရှိဖို့ အရေးကြီးပါတယ်။ အစားအစာနဲ့ မလုံလောက်ဘူးလို့ ထင်ရင် ဆရာဝန်ရဲ့ ခွင့်ပြုချက်နဲ့ ဖြည့်စွက်အားဆေးတွေ တိုက်ပေးလို့ ရပါတယ်။

    ခဲဆိပ်သင့်နေတဲ့ ကလေးရဲ့ မိသားစုဝင်တွေ အထူးသဖြင့် အရွယ်ငယ်သေးတဲ့ ကလေးတွေအနေနဲ့လည်း ကိုယ်ခန္ဓါထဲမှာ ခဲဆိပ်ရှိ၊ မရှိ သေချာစစ်ဆေးသင့်ပါတယ်။

    ခဲဆိပ်အန္တရာယ်ကို ဘယ်လိုကြိုတင်ကာကွယ်မလဲ။

    ၁။ အိမ်အဟောင်းတွေ၊ ပျက်စီးဆွေးမြေ့နေတဲ့ ရေအောက် သံပိုက်လိုင်းတွေကို သတိထားပါ။ လူကြီးတွေအတွက်လည်း ကျန်းမာရေးအရ အဆင်မပြေသလို အရွယ်ငယ်သေးတဲ့ ကလေးတွေအတွက်ဆို ပိုပြီးတောင် ရှောင်ကြဉ်သင့်ပါတယ်။

    ၂။ ကလေးအပါအဝင် မိသားစုဝင်တိုင်း လက်ကို အမြဲဆေးပါ။ အရုပ်တွေကိုလည်း အမြဲဆေးကြောပြီး သန့်ရှင်းရေးလုပ်ပေးပါ။

    ၃။ အိမ်မှာ ဖုန်တက်နေတဲ့ နေရာတွေ တွေ့ရင် ရေစိုအဝတ်နဲ့ သုတ်ပေးပါ။

    ၄။ သံဓါတ်နဲ့ ကယ်လ်စီယမ်ဓါတ် အဓိကပါဝင်တဲ့ အစာအာဟာရတွေကို ပြည့်ဝစွာ ကျွေးပေးပါ။

    ၅။ ကိုယ့်ရဲ့ ကလေးက ဖုန်ထနေတဲ့ လမ်းမှာ ပြေးလွှားဆော့ကစားနေတာ တွေ့ရင် အန္တရာယ်များတဲ့ အကြောင်းပြောပါ။ ကိုယ်လက်လှုပ်ရှားတာ ပြဿနာမဟုတ်ပေမယ့် ကစားတဲ့နေရာကြောင့် ကလေးမှာ ခဲဆိပ်သင့်နိုင်စေပါတယ်။

    ၆။ ခဲဓါတ် ပါဝင်မှုများတဲ့ အိမ်သုတ်ဆေးတွေကို အသုံးမပြုပါနဲ့။ ကိုယ်ဝယ်ထားတဲ့ အိမ်မှာ သုတ်ထားတာတွေ့ရင်လည်း ရေစိုအဝတ်နဲ့ ဆေးတွေအကုန်ပြန်ဖျက်ပြီး ခဲမပါဝင်တဲ့ အိမ်သုတ်ဆေးနဲ့ ပြန်သုတ်ပေးပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement