backup og meta

ကျန်းမာရေးအစ သန့်ရှင်းတဲ့အစားအသောက်က။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေးအစ သန့်ရှင်းတဲ့အစားအသောက်က။   ။

    စိတ်ချ လုံခြုံရတဲ့ အစားအသောက်တစ်ခုဆိုတာ အချက် ၂ ချက်နဲ့ ပြည့်စုံရပါမယ်။ အာဟာရလည်း ပြည့်ဝရမယ်၊ ရောဂါပိုးတွေကနေလည်း ကင်းဝေးရပါမယ်။ ဒီလိုအချက်တွေနဲ့ ပြည့်ဝတဲ့ အစားအသောက်တွေကို ဖန်တီးပြီး ကိုယ့်ကလေးကို ကျန်းမာအောင်လုပ်ဖို့က မေမေတို့ တတ်အပ်တဲ့ ပညာတွေပါ။ ကျန်းမာစေချင်လို့ အစားအသောက်တွေ ပြင်ဆင်ကျွေးမွေးကာမှ ရောဂါပိုးတွေ ကလေးကိုယ်ထဲထည့်ပေးမိသလို မဖြစ်စေဖို့ ခုအကြံပေးထားတဲ့ အချက် ၅ ချက်ကို မေမေတို့ သိထားဖို့လိုတယ်နော်။ ။

    အစားအသောက်တွေ ဘာကြောင့်သန့်ရှင်းဖို့ အရေးကြီးတာလဲ။ ။

    အစားအသောက်တွေဆိုတာ အပြင်ကပိုးတွေကို ကိုယ်ခန္ဓာထဲ တိုက်ရိုက်ရောက်အောင် ပို့ပေးနိုင်တဲ့ ကြားခံနယ်တစ်ခုပါ။ ရောဂါပိုးတွေက အဲ့ဒီ လမ်းကြောင်းကနေ အများဆုံးဝင်နေတာပါ။ ကိုယ်ကြိုက်လို့စားလိုက်တဲ့ အစားအစားတွေကနေ ရောဂါရတာမျိုး ဘယ်သူမှတော့ မဖြစ်ချင်ကြဘူးလေ။ ဒါကြောင့် ကိုယ့်မိသားစုစားတဲ့ အစားအသောက်တွေ သန့်ရှင်းနေဖို့ဆိုတာ အိမ်ရှင်မတွေဖြစ်တဲ့ မေမေတို့အပေါ် အများကြီးမူတည်နေတဲ့ အရာတစ်ခုပါ။

    မသန့်တာတွေ စားမိတဲ့ ကလေးတွေမှာ ဘာတွေဖြစ်နိုင်လဲ။ ။

    ကျန်းမာရေးမကောင်းတဲ့ ကလေးတစ်ယောက်က တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ကြီးထွားမှု အပိုင်းရော ၊ ဉာဏ်ရည်ဖွံဖြိုးမှု အပိုင်းမှာရော နောက်ကျသွားတတ်ပါတယ်။ ဒါကြောင့် အစားအသောက်တွေသန့်ရှင်းဖို့ ဆိုတာ ကလေးတွေအတွက်တော့ အရမ်းအရေးကြီးတဲ့ အရာတစ်ခုပါ။

    အစားအသောက်တွေ သန့်ရှင်းစေဖို့အတွက် သိထားသင့်တဲ့ အချက် ၅ ချက်။ ။

    ၁။ ဈေးစဝယ်တည်းက ဂရုစိုက်ပါ။ ။

    • ဈေးမှာ ဝယ်တဲ့အသားတွေက ရေခဲရိုက်ထားတဲ့အသားတွေထက် ပိုလတ်ဆတ်တယ်ဆိုပြီး မျက်စိမှိတ်ဝယ်လိုက်လို့မရပါဘူး။ အသားတွေအရောင်ပြောင်းနေတာ၊ အနံ့မကောင်းတာမျိုးတွေရှိတတ်တဲ့အတွက် သေချာကြည့်ပြီးမှဝယ်သင့်ပါတယ်။
    • ကိုယ်ဝယ်မယ့် ပစ္စည်းတွေရဲ့ သက်တမ်းကုန်ဆုံးရက်ကို သေချာစစ်ကြည့်ဖို့လည်း မမေ့ပါနဲ့။
    • အသားတွေကို အိတ်ထဲသေချာထည့်ထားပါ။ အသီးအရွက်တွေနဲ့ ပူးမထားပါနဲ့။
    • ဥတွေဝယ်တဲ့နေရာမှာလည်း သေချာသန့်စင်မထားတဲ့ ဥတွေ၊ ကွဲနေတဲ့ ဥတွေကို မဝယ်ပါနဲ့။ ရောဂါပိုးတွေ ကပ်နေနိုင်လို့ပါ။

    ၂။ မီးဖိုချောင်က အရေးအကြီးဆုံးပါ။

    • ဈေးကဝယ်လာတဲ့ အသား၊ငါး အသီးအရွက်တွေကို သေချာဆေးပါ။ အသားတွေကို ဝယ်လာပြီးပြီးချင်း မြန်မြန်ချက်လိုက်တာကောင်းပါတယ်။
    • နောက်ရက်မှ ချက်မယ်ဆိုရင် ဘက်တီးရီးယားတွေမပွားလာနိုင်အောင် သေချာဘူးထဲထည့်ပြီး ရေခဲသေတ္တာ အပေါ်ကန့်မှာ သိမ်းထားပါ။
    • အသားချက်နေတဲ့ အချိန်မှာ ဟင်းသီးဟင်းရွက်ကို ရေ စိမ်ထားပါ။ ပါလာတဲ့ ပိုးသတ်ဆေးတွေ စင်သွားအောင်လို့ပါ။
    • အသားငါးတွေကို သေချာ ကျက်အောင် ချက်ပြုတ်ပါ။
    • ကြွက်ရန်ကနေ ကာကွယ်ဖို့ ချက်ပြုတ်ရာကထွက်လာတဲ့ အမှိုက်တွေကို သေချာထုတ်ပိုးပြီး စွန့်ပစ်ပါ။

    ၃။ လုံခြုံအောင် ဖုံးအုပ်ပါ။

    • အသားစိမ်း၊ ငါးစိမ်းတွေမချက်ခင် ပြင်ထားတဲ့အချိန်မှာ ယင်ကောင်တွေမနားအောင် သေချာဖုံးထားပါ။
    • ချက်ပြုတ်ပြီးတဲ့ ဟင်းပန်းကန်တွေကိုလည်း အုပ်ဆောင်းအုပ်ပြီး ဖုံးထားပါ။ ကြောင်အိမ်ထဲ ထည့်ထားပါ။
    • ချိုပြီး ပုရွက်ဆိတ်လာနိုင်တဲ့ အစားအသောက်တွေဆို ရေထည့်ထားတဲ့ ပန်းကန်ပြားလေးခံပြီး သိမ်းထားပါ။

    ၄။ ဆေးကြောပါ။

    • ချက်ပြုတ်ပြီးရင် မီးဖိုချောင်ကို ပြန်သန့်ရှင်းရေးလုပ်ပါ။
    • အစာမစားခင် လက်ကို ဆပ်ပြာနဲ့ဆေးပါ။
    • စားပြီးတဲ့ ပန်းကန်တွေကို ဒီအတိုင်းမထားဘဲ ချက်ချင်းဆေးပါ။
    • ထမင်းစားခုံကိုလည်း သန့်ရှင်းရေးအမြဲလုပ်ပါ။
    • ရေခဲသေတ္တာကိုလည်း နှစ်ပတ်တစ်ခါလောက် သန့်ရှင်းရေးလုပ်ပါ။

    ၅။ အာဟာရပြည့်ဝအောင် ၊ စားသင့်တာတွေ အားလုံးပါအောင် သေချာပြင်ဆင်ကျွေးပါ။

    • ကလေး ထမင်းစားချိန်ဆို အသားချည်းပဲ မကျွေးဘဲ အသီးအရွက်တွေပါ ထည့်ကျွေးပါ။
    • သရေစာတွေ အစားများရင် ထမင်းမစားချင်ဘဲ ဖြစ်သွားမှာစိုးလို့ သရေစာတွေ အများကြီးမကျွေးပါနဲ့။
    • အချိုစားများလွန်းရင် သွားကိုက်ဝေဒနာတွေ ခံစားရတတ်တဲ့အတွက် ကလေးကို အချိုလျှော့ကျွေးပါ။
    • ကလေးတွေကို ကျွေးတဲ့ အစားသောက်တွေမှာ အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရ (Probiotics) တွေပါသင့်ပါတယ်။ ဒါမှ အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေ အားကောင်းလာပြီး အပြင်ကဝင်လာတဲ့ ပိုးတွေကို မြန်မြန်တိုက်ထုတ်နိုင်မှာပါ။
    • ဒါ့အပြင် ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးစေဖို့အတွက် အရေးပါတဲ့ ဓာတ်တွေဖြစ်တဲ့ DHA၊ Omega-3 နဲ့ Omega-6 ပါတဲ့ အစားအသောက်တွေကိုလည်း ကလေးတွေကို ကျွေးသင့်ပါတယ်။ ခုနောက်ပိုင်းဆို ကလေးတွေ အတွက်ထုတ်ထားတဲ့ ကြီးထွားဖွံဖြိုးစေတဲ့ နို့တွေထဲမှာ DHA၊ Omega-3 ၊Omega-6 နဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရ (Probiotics) တို့ ကြွယ်ဝစွာ ပါဝင်လာပါတယ်။ ဒီတော့ ဘာကျွေးရမလဲဆိုတာ မေမေတို့ သိပ် ခေါင်းစားစရာမလိုတော့ဘူးနော်။

    ကလေးအတွက် အစားအစာတွေကို အာဟာရပြည့်ဝမျှတအောင်လည်ကျွေးမယ်၊ သန့်သန့်ရှင်းရှင်းလည်း ပြင်ဆင်မယ်ဆိုရင် ရောဂါတွေကင်းဝေးပြီး သင့်ကလေးရဲ့ နေ့ရက်တိုင်းက လှပနေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement