ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ကူးစက်မြန်အရေပြားရောဂါ (impetigo)ဖြစ်လာရင် ကလေးမှာ အရည်ကြည်ဖုတွေဖြစ်လာရာကနေ အနီကွက်တွေဖြစ်ကျန်ခဲ့စေပါတယ်။ ထိတွေ့မိတဲ့နေရာမှာ ကူးစက်ဖို့လွယ်တာကြောင့် ယားလို့ ကုတ်လေ ပိုဆိုးလေပါ။ ဘက်တီးရီးယားကြောင့်ဖြစ်လာတဲ့ impetigo ဟာ ခန္ဓာကိုယ်အနှံ့နေရာမရွေးဖြစ်တတ်ပေမယ့် နှာခေါင်းနဲ့ပါးစပ်တဝိုက်မှာအဖြစ်များပါတယ်။ အရည်ကြည်ဖုတွေကို ထိမိပေါက်ပြဲစေတဲ့အခါ အနာတွေဖြစ်စေပြီး ပိုပြင်းထန်လာရင် အနာပိုရင်းပြီး ပြည်တည်တဲ့အခါ အနာပေါက်ပိုနက်လာစေနိုင်ပါတယ်။
နှင်းခူဆိုတာ အရေပြားရောင်ရမ်းတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အတိအကျပြောရရင် နှင်းခူဟာ အရေပြားကို ယားယံ၊ နီရဲ၊ခြောက်သွေ့စေပြီး အက်ကွဲခြင်း၊သားရေပြားလို မာခေါက်ခေါက်ဖြစ်ခြင်းမျိုးကိုတောင် ဖြစ်စေနိုင်ပါတယ်။ နှင်းခူဟာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်ပွားနိုင်ပါတယ်။ နှင်းခူက ကာလကြာရှည် အရေပြားယားယံ၊ ခြောက်သွေ့ပြီး မာနေ၊ထူနေတာ (အထူးသဖြင့် လက်၊လည်ပင်း၊မျက်နှာ နဲ့ ခြေထောက်တွေမှာ ဖြစ်ပွားလေ့ရှိတယ်ဆိုပေမယ့် ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်ပွားနိုင်ပါတယ်)။ ကလေးတွေမှာဆိုရင် ဒူးခေါက်ခွက်နဲ့ လက်မောင်းကွေးအခွက်တွေမှာ အဓိက ဖြစ်လေ့ရှိပါတယ်။ ယားလို့ကုတ်ရင် ခြောက်နေတဲ့ အရေပြားနေရာတွေဟာ အနာဖြစ်သွားပြီး ပိုးပါဝင်လာနိုင်ပါတယ်။
သေချာမကုသရင် နောက်ပိုင်းမှာ ကလေးက ပန်းနာရင်ကျပ်၊ ဓာတ်မတည့်ရောဂါ၊ ကာလရှည် ယားယံတာ၊ အရေပြားမှာ အကြေးခွံလို အကွက်တွေဖြစ်တာ၊အရေပြားမှာ ပိုးဝင်ပြီး အနာတွေလို ဖြစ်တာ၊မျက်စိပြဿနာတွေ ခံစားရတာ၊လက်ချောင်းလေးတွေနဲ့ လက်ချောင်းကြားတွေထဲမှာ အနာလေးတွေ ဖြစ်တာ၊အိပ်မပျော်တာ၊အမူအကျင့်ပိုင်းဆိုင်ရာ ပြဿနာတွေ ပေါ်လာတာ စတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။
Contact Dermatitis ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့အရေပြားရောဂါ
Contact dermatitis ဆိုတာ သင့်အရေပြားနဲ့ မတည့်တဲ့ အရာတစ်ခုခု ဒါမှမဟုတ် ဓာတုဗေဒ ပစ္စည်းတစ်ခုခု ထိတွေ့တဲ့အခါ ဖြစ်ပေါ်လာတဲ့ အရေပြားပြဿနာ တစ်မျိုးပဲဖြစ်ပါတယ်။ အဆိုပါ အရာကြောင့် အရေပြားကိုထိခိုက်စေပြီး ဓာတ်မတည့်ခြင်းတွေကိုလည်း ဖြစ်စေပါတယ်။ ဆပ်ပြာ၊ လိုးရှင်း၊ ရေမွှေး၊ သတ္တုတစ်မျိုးမျိုး၊ latex ရာဘာ၊ အလှကုန်ပစ္စည်း ဒါမှမဟုတ် ဆေးတွေကြောင့် သင့်ကလေးမှာ Contact dermatitis ဖြစ်လာနိုင်ပါတယ်။
ရောဂါလက္ခဏာတွေက ကလေးတစ်ယောက်နဲ့ တစ်ယောက် တူချင်မှ တူမှာပါ။ ဒါပေမယ့် သင့်ကလေးမှာ Contact dermatitis ဖြစ်နေပြီဆိုရင် နာကျင်တာ၊ နီရဲတာ၊ယားယံတာ၊ရောင်ရမ်းနေတာ၊အရည်လေးတွေထွက်နေတာ ဒါမှမဟုတ် သွေးထွက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ အဓိက ထိတွေ့မိတဲ့ နေရာမှာ ရောဂါလက္ခဏာတွေ အဆိုးဆုံးဖြစ်နေမှာပါ။ ရောဂါအတိအကျသိနိုင်ဖို့နဲ့ ကုသမှုခံယူနိုင်ဖို့အတွက် ကလေးကို ဆေးရုံတင်ရပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။