brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးများတွင်ဖြစ်တတ်သော Dry Drowning နှင့် Secondary Drowning ရေနစ်ခြင်း နှစ်မျိုး

မိဘအများစုကဲ့သို့ပင် သင်၏ကလေးများရေကူးခြင်းရေဆော့ခြင်းမလုပ်တော့သည်နှင့် ရေမနစ်နိုင်တော့ဟုသင်ထင်ကောင်းထင်နိုင်ပါသည်။ သို့သော် “dry သို့မဟုတ် secondary drowning” (ရေနစ်ခြင်း) သည် ရေချိုးပြီးနောက်ပိုင်းနာရီများစွာကြာချိန် တခြားအလုပ်များလုပ်နေချိန်ရောက်မှ ဖြစ်ပွားနိုင်ပါသည်။ ထိုကဲ့သို့အန္တရာယ်မှကင်းစေရန် သင့်ကလေးအတွက်လုပ်ပေးနိုင်သောအဆင့်များရှိပါသည်။

ကလေးများတွင်ဖြစ်တတ်သော Dry Drowning နှင့် Secondary Drowning ရေနစ်ခြင်း နှစ်မျိုး

Dry drowning and second drowning ဆိုတာဘာလဲ

ဒီရေနစ်ခြင်းမျိုးသည် အဆုတ်ထဲသို့ရေများကိုရှူသွင်းမိသည့်အခါ ဖြစ်ပေါ်နိုင်ပါသည်။ တစ်ခါတစ်ရံတွင် ရေကူးစဉ်ရုန်းကန်ခြင်းများကြောင့်လဲ ဖြစ်နိုင်သည်။ သို့သော် ပါးစပ်ထဲသို့ရေဝင်ရုံလောက်နှင့်ပင် ဖြစ်ပေါ်လာတတ်သောနောက်ဆက်တွဲအခြေအနေတစ်ခုလဲ ဖြစ်နိုင်၏။ အရွယ်ရောက်ပြီးသူများတွင်ပါဖြစ်နိုင်သော်လည်းကလေးများကအရွယ်ပိုငယ်သောကြောင့် အဖြစ်ပိုများပါသည်။

Dry drowning တွင် ရေများကအဆုတ်ထဲထိအောင်မထိုးဖောက်ပါ။ ထိုအစားရေများသည်အသက်ရှူရာမှဝင်လာပြီး ရေကန်၊ ပင်လယ်၊ ရေအိုင်အတွင်းမှ ထွက်လာပြီးနောက်ပိုင်းကလေးငယ်၏အသံကြိုးကိုညှစ်စေပြီးပိတ်သွားစေနိုင်သည်။ ထို့ကြောင့် အသက်ရှူလမ်းကြောင်းကိုပိတ်သွားစေပြီးအသက်ရှူမရဖြစ်သွားစေသည်။

Secondary drowning က နည်းနည်းကွဲသည်။ ကလေး၏လေပြွန်သည်ပွင့်သွားပြီးအဆုတ်ထဲထိရေများကိုရောက်သွားစေသည်။ ထိုအခြေအနေမှ Pulmonary Edema ဟုခေါ်သော အဆုတ်ရေဝင်ခြင်းဖြစ်ပွားလာပြီးနောက်ဆုံးအနေဖြင့် အသက်ရှူမရဖြစ်သွားစေနိုင်၏။

Dry drowning ၏ လက္ခဏာများသည် ရေထဲတွင်တစ်ခုခုဖြစ်ပြီးနောက်ပိုင်းတွင်ပေါ်လာတတ်သည်။ Secondary drowning ကမူ ၁-၂၄နာရီအတွင်းမှ ပေါ်လာမည်ဖြစ်သည်။ သို့သော်လည်း နှစ်ခုစလုံးသည် အတော်လေးဖြစ်ခဲပါသည်။

လက္ခဏာများ

Dry drowning နှင့် secondary drowning ၏ လက္ခဏာရပ်များသည် တူ၏။ ချောင်းဆိုးခြင်း၊ ရင်ဘတ်ထဲမှနာခြင်း၊ အသက်ရှူရခက်ခြင်း၊ အလွန်အမင်းမောပန်းခြင်းများဖြစ်သည်။ ကလေး၏ အပြုအမူများပြောင်းလဲလာနိုင်ပြီးစိတ်တိုလွယ်ခြင်း၊ စွမ်းအားကုန်ခမ်းခြင်းများကိုတွေ့နိုင်သည်။ ဒီအခြေအနေသည် ဦးနှောက်ဆီသို့ လုံလောက်သည့်အောက်စီဂျင်မရောက်တော့သောကြောင့်ဟုဆိုလိုသည်။

ဘယ်လိုကုသမှုခံယူရမလဲ

ကလေးငယ်တွင် အထက်ပါလက္ခဏာပြလာပါက ဆေးဝါးကုသမှုခံယူပါ။ ဖြစ်ရပ်အများစုတွင် လက္ခဏာများသည် သူ့အလိုလိုပျောက်သွားတတ်သောကြောင့် သေချာစစ်ဆေးဖို့လိုအပ်ပါသည်။ ဖြစ်ပေါ်လာသည့်ပြဿနာများသည် ချက်ချင်းဆေးကုသမှုခံယူပါကများသောအားဖြင့်ပျောက်ကင်းနိုင်၏။ ထို့ကြောင့်သင်လုပ်ရမည်မှာရေထဲ၌ကလေးတစ်ခုခုဖြစ်ခဲ့ပါက ၂၄ နာရီလုံးစောင့်ကြည့်နေဖို့လိုအပ်သည်။

လက္ခဏာများသည်ပျောက်မသွားပဲပိုဆိုးလာပါကကလေးကိုအရေးပေါ်ဌာနသို့တန်းခေါ်သွားပါ။ အပြင်ကလေးဆေးခန်းသို့ သွားမနေပါနှင့်။ ဓါတ်မှန်ရိုက်ခြင်းအကြောဆေးသွင်းခြင်းများလိုအပ်တာကြောင့် ဆေးရုံတင်စောင့်ကြည့်ဖို့လိုအပ်ပါသည်။ ဒီလိုကုသမျိုးသည် သာမာန်ဆေးခန်းတွင် မလုပ်ပေးနိုင်ပါ။

Dry or secondary drowning အတွက် ကုသဖို့ရာဆေးမရှိတာကြောင့် ကလေးကိုဆေးရုံတွင် Support Care ပေးဖို့လိုအပ်ပါသည်။ ဆိုလိုတာကလေပြွန်နှင့် အောက်စီဂျင်ပမာဏကိုစစ်ဆေးကုသပေးနိုင်ရုံသာရှိသည်။ အကယ်၍ အသက်ရှူမရခြင်းဖြစ်ပေါ်ကအသက်ရှူပြွန်ထည့်ဖို့ရာလိုအပ်နိုင်ပါသည်။

ကာကွယ်ရန်နည်းလမ်းများ

သင့်ကလေးအားကာကွယ်ရန် အောက်ပါအချက်များကိုလိုက်နာပါ

  • ကလေးများရေကူးရေချိုးနေစဉ် နီးနီကပ်ကပ်အမြဲစောင့်ကြည့်နေပါ။
  • အသက်ကယ်ဝန်ထမ်းများရှိသည့်နေရာ၌သာရေကူးခိုင်းပါ။
  • သူတို့ချည်းရေမကူးပါစေနှင့်။

သင်ရောသင့်ကလေးပါ ရေနှင့်ပါတ်သက်သည့်သင်တန်းများတက်ပါ။ အသက် ၆ မှ ၃ နှစ်အတွင်းကလေးများအတွက် ရေအကြောင်းမိတ်ဆက်ပရိုဂရမ်များရှိပါသည်။ အိမ်တွင်ရေကူးကန်ရှိပါကသေချာခြံခတ်ထားပါ။ ဆယ်ကျော်သက်များသည် အရက်နှင့်ဆေးများကြောင့် ရေနစ်ဖို့ရာအလားအလာပိုများနိုင်၏။ ထို့ကြောင့် မိမိ၏ကလေးများကို အန္တရာယ်ကိုသိအောင်သင်ကြားပေးပါ။ ရေတိမ်သည်ဆိုရုံနှင့် စိတ်မချပစ်လိုက်ပါနှင့်။ ရေစိမ်ဇလုံ၊ အိမ်သာအထိုင်ခွက်၊ ရေအိုင်ငယ်၊ ပလက်စတစ်ရေကူးကန်ငယ်များတွင်တောင်မှ ရေနစ်နိုင်သည်ကိုသတိပြုပါ။

Dr. K Zin Thwe
Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr. Hlaing Min Ko Ko မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/08/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။