backup og meta

ကလေးများ ဓါတ်လိုက်ခြင်း

ကလေးများ ဓါတ်လိုက်ခြင်း

ဓါတ်လိုက်ခြင်းနဲ့ ပတ်သက်တဲ့ မတော်တဆ ဖြစ်ရပ်တွေဟာ ၁၉၉၇မှာ ကလေးပေါင်း ၆၀၀၀ ကျော်ကို ဆေးရုံကိုရောက်စေခဲ့ပါတယ်။ ဓါတ်လိုက်ခြင်းနဲ့ ပတ်သက်တဲ့ ဒဏ်ရာတွေရဲ့ ၇၀%ဟာ လျှပ်စစ်မီးကြိုးတွေ၊ ပလပ်ပေါက်တွေကို ကိုင်တွယ်ကစားတဲ့ ၅နှစ်အောက် ကလေးတွေမှာ တွေ့ရတတ်ပါတယ်။ ကလေးဟာ အိမ်သုံးပစ္စည်းတွေကို ထိရုံပဲထိမိရင် လက်ကိုပြန်ဆွဲနိုင်ပြီး ဆိုးရွားတဲ့ အန္တရာယ်မဖြစ်တတ်ပါဘူး။

ဒါပေမယ့် ရေထဲမှာ မတ်တပ်ရပ်မိနေချိန်ကိုင်မိရင်၊ ဝါယာကြိုးကို ကိုက်မိရင် လျှပ်စစ်စီးကြောင်းဟာ သွေးကြောနဲ့ အာရုံကြောတွေကို ဖြတ်စီးသွားပြီး သတိလစ်တာတွေ၊ နှလုံးခုန်ရပ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဓါတ်လိုက်တဲ့ ကလေးတွေကို ဘယ်လို ရှေးဦးပြုစုမယ်ဆိုတာ သိထားသင့်ပြီး မဖြစ်အောင်လည်း ကြိုတင်ကာကွယ်သင့်ပါတယ်။

ဓါတ်လိုက်ခြင်းဆိုတာ ဘာလဲ

လူတယောက်ဟာ လျှပ်စစ်ဓါတ်နဲ့ ထိတွေ့ရင် ဓါတ်လိုက်တတ်ပါတယ်။ လျှပ်စစ်စီးကြောင်းဟာ ကိုယ်ခန္ဓါကို ဖြတ်စီးသွားပြီး ရှော့ဖြစ်စေပါတယ်။ ကလေးတွေဟာ လျှပ်စစ်ဓါတ်တွေနဲ့ ထိတွေ့မိတဲ့အခါ ဒဏ်ရာလုံးဝမရတတ်ဘဲ ဆိုးဆိုးရွားရွား ထိခိုက်မိပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မိုးကြိုးပစ်ခြင်းဟာလည်း လျှပ်စစ်ဓါတ်လိုက်ခြင်း တမျိုးပါပဲ။ လျှပ်စစ်ဓတ်လိုက်ခြင်းနဲ့ မိုးကြိုးပစ်ခြင်းတွေမှာ တွေ့နေကြဒဏ်ရာကတော့ မီးလောင်ဒဏ်ရာပါပဲ။

ကလေးတွေမှာတွေ့ရတဲ့ ဓါတ်လိုက်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ

ဓါတ်လိုက်ခြင်းရဲ့ လက္ခဏာတွေက သိရှိဖို့ လွယ်ကူပါတယ်။ မီးလောင်ဒဏ်ရာဟာ လျှပ်စစ်နဲ့ ထိတွေ့မိရင် အဆိုးရွားဆုံးရတတ်တဲ့ ဒဏ်ရာ ဖြစ်ပါတယ်။ လက်များ၊ ဖနောင့်များနဲ့ ဦးခေါင်းဟာ ထိတွေ့မှုများတဲ့ နေရာတွေဖြစ်ပါတယ်။ လျှပ်စစ်ဓါတ်ကနေ တွန်းကန်လိုက်တဲ့အခါ မီးလောင်ဒဏ်ရာအပြင် တခြားဒဏ်ရာတွေလည်း ရနိုင်ပါတယ်။ ကျောရိုးဒဏ်ရာရရှိနိုင်တာကိုလည်း ထည့်စဉ်းစားရပါမယ်။ အသက်ရှူနှုန်းလျော့လာတာ၊ ရင်ဘတ်အောင့်တာ၊ ဗိုက်အောင့်တာရှိရင် အတွင်းဒဏ်ရာရနေတာ ဖြစ်နိုင်ပါတယ်။ လက်နဲ့ ခြေထောက်မှာ နာကျင်နိုင်ပြီး ကိုယ်ခန္ဓါ အစိတ်အပိုင်းတွေမှာလည်း ပုံစံပျက်ယွင်းခြင်း ဖြစ်နိုင်ပါတယ်။ ကလေးတွေဟာ ဝါယာကြိုးကို ကိုက်မိရင် ပါးစပ်မှာ မီးလောင်ဒဏ်ရာတွေ ရတတ်ပါတယ်။ ဓါတ်လိုက်လို့ မီးလောင်ဒဏ်ရာရတဲ့ နေရာတွေမှာ နီညိုရောင်နဲ့ မီးကျွမ်းတဲ့ပုံစံတွေ တွေ့ရတတ်ပါတယ်။

ကလေးဓါတ်လိုက်တဲ့အခါ ဘာလုပ်သင့်လဲ

ပထမဦးစွာ လျှပ်စစ်မိန်းခလုပ်ကို ပိတ်ပါ။ ပလပ်များကို ချွတ်ပါ။ ဖျု့စ်ဘောက်စ်မှ ဖျု့စ်ကို ဖယ်ထုတ်ပြီး။ ဘရိတ်ကာကို ပိတ်ပါ။ လျှပ်စစ်စီးကြောင်း မှန်သမျှ ဖြတ်တောက်ပါ။ လျှပ်စစ်စီးနေသေးတဲ့ နေရာနားက ကလေးကို ကယ်တင်ဖို့ မကြိုးစားပါနဲ့။

ဒုတိယအဆင့် အနေနဲ့ အရေးပေါ်ဖုန်းနံပါတ်ကို ခေါ်ပါ။

တတိယအချက်အနေနဲ့ လျှပ်စစ်လမ်းကြောင်းကို မဖြတ်နိုင်ရင် လျှပ်မကူးနိုင်တဲ့ အရာဝတ္တုများ၊ ဥပမာ ခဲတံ၊ တံမြက်စည်း၊ ထိုင်ခုံ၊ ခြေသုတ်ခုံ စတာတွေသုံးပြီး လျှပ်စစ်ကြိုးတွေကို ဖယ်ထုတ်ပါ။ ကလေးကို လျှပ်စစ်စီးတဲ့နေရာကနေ အဝေးကို တွန်းထုတ်ပါ။ စိုစွတ်တဲ့ အရာတွေ၊ သတ္တုပစ္စည်းတွေ မသုံးပါနဲ့။ ခြောက်သွေ့ပြီး ဓါတ်မကူးတဲ့ အရာဝတ္တု ဥပမာ ရာဘာခြေသုတ်ဖုံ၊ သတင်းစာခေါက် စတာတွေပေါ်မှာ ရပ်နေတာ ကောင်းပါတယ်။

ကလေးဟာ လျှပ်စစ်စီးရာနေရာနဲ့ ဝေးသွားတာနဲ့ တပြိုင်နက် အသက်ရှူလမ်းကြောင်း၊ သွေးခုန်နှုန်းတို့ကို စစ်ဆေးပါ။ အသက်ရှူ နှလုံးခုန်ရပ်ရင်ဖြစ်စေ၊ အားလျော့သွားရင်ဖြစ်စေ ရှေးဦးသူနာပြုစုပါ။ မီေးလောင်ဒဏ်ရာရာတွေ့ရင် အဝတ်အစားတွေကို ချွတ်ပြီး လောင်ထားတဲ့နေရာတွေကို ရေလောင်းချပါ။ မီးလောင်ဒဏ်ရာအတွက် ရှေးဦးသူနာပြုစုနည်း သုံးရမယ့်အချိန်ဖြစ်ပါတယ်။

ကလေးဟာ သတိလစ်နေမယ်၊ ဖြူဖျော့နေမယ်ဆိုရင်၊ တခြားသွေးလန့်ခြင်း လက္ခဏာတွေ့ရင် ခေါင်းကို ကိုယ်လုံးထက် အနည်းငယ်နှိမ့်ထားပြီး ခြေထောက်ကို မြှင့်ထားပြီး လှဲထားပါ။ နွေးထွေးအောင် စောင်၊ အကျီၤ စတာတွေနဲ့ ဖုံးပေးထားပါ။ ဆေးအကူအညီ ရောက်လာချိန်ထိ သင့်ကလေးနားမှာ နေပါ။ လျှပ်စစ် ထိခိုက်ဒဏ်ရာဟာ ဆိုးရွားတဲ့ နောက်ဆက်တွဲ ဒဏ်ရာတွေကို ရှိစေတဲ့ ပေါက်ကွဲခြင်း၊ လဲကျခြင်း စတာတွေနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။ ဒါတွေအားလုံးကို သင်ဂရုပြုနိုင်မှာတော့ မဟုတ်ပါဘူး။ ကျောရိုးဒဏ်ရာရနိုင်ရင် ကလေးရဲ့ ခေါင်း၊ လည်ပင်းတို့ကို မရွှေ့ပါနဲ့။

ကလေးကို ဓါတ်မလိုက်အောင် ဘယ်လို ကာကွယ်နိုင်လဲ

လျှပ်စစ်ပလပ်ပေါက်တွေကို လုံခြုံအောင် ဖုံးအုပ်ထားပါ။ ဝါယာကြိုးတွေမှာ အကာ သေချာအုပ်ထားခြင်း ရှိမရှိ၊ ဝါယာကြိုးတွေဟာ ကလေးတွေ လက်လှမ်းမီခြင်းရှိမရှိ စစ်ဆေးရပါမယ်။ ဓါတ်လိုက်နိုင်ခြေရှိတဲ့နေရာတွေမှာ လူကြီးတွေ ဘေးမှာရှိနေရပါမယ်။ ဆံပင်ခြောက်စက်၊ ရေဒီယို စတာတွေကို ရေချိုးခန်းထဲမှာ မသုံးသင့်ပါဘူး။

ကြီးကောင်ဝင်စ ကလေးတွေကို ဓါတ်တိုင်တွေပေါ် တွယ်တက်ခြင်း မပြုဖို့ ထရန်စဖော်မာများအနီး ဆော့ကစားခြင်း မပြုဖို့၊ လျှပ်စစ်တည်ရှိရာနေရာတွေကို မထိတွေ့စေဖို့ သတိပေးထားသင့်ပါတယ်။

လျှပ်စစ်ဓါတ်နဲ့ ပတ်သက်တဲ့ အလုပ်လုပ်ချိန်တိုင်းမှာ သတိထားရပါမယ်။ အထူးသဖြင့် သင့်ကိုယ်ခန္ဓါကို ဓါတ်ကူးကောင်းစေမယ့် ဝန်းကျင်မှာ ရှိနေချိန် ဖြစ်ပါတယ်။ ဗို့အားနည်းနေတဲ့ လျှပ်စစ်ဓါတ်နဲ့ လုပ်ကိုင်နေရင်တောင် မပေါ့ဆဘဲ ဘေးကင်းလုံခြုံခြင်းကို အလေးထားရပါမယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Electric shock. http://www.babycenter.com/0_electric-shock_11245.bc. Accessed August 22, 2016

Electric shock. http://www.emedicinehealth.com/electric_shock/article_em.htm. Accessed August 22, 2016

Electric shock. http://www.parents.com/baby/injuries/emergency/electric-shock/. Accessed August 22, 2016

Electrical injuries in emergency medicine. http://emedicine.medscape.com/article/770179-overview. Accessed August 22,2016

Electric shock injuries. http://www.healthofchildren.com/E-F/Electric-Shock-Injuries.html. Accessed August 22, 2016

Lightning injuries. http://emedicine.medscape.com/article/770642-overview. Accessed August 22, 2016

Lightning injuries treatment & management. http://emedicine.medscape.com/article/770642-treatment. Accessed August 22, 2016

Electric shock injuries in children. https://www.healthychildren.org/English/health-issues/injuries-emergencies/Pages/Electric-Shock.aspx. Accessed August 22, 2016

Electric shock. http://www.webmd.com/a-to-z-guides/electric-shock?print=true. Accessed August 22, 2016

ယခုပုံစံ

10/08/2022

Dr. Thant Zin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ



Dr. Thant Zin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement