backup og meta

ကလေးလိပ်ခေါင်းရောဂါ - ရောဂါလက္ခဏာနှင့် ကုသမှုများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးလိပ်ခေါင်းရောဂါ - ရောဂါလက္ခဏာနှင့် ကုသမှုများ

    အူသိမ်အဆုံးပိုင်းနဲ့ စအိုတဝိုက်မှာရှိတဲ့ သွေးပြန်ကြောတွေ ရောင်ရမ်းဖောင်းကားနေတာကို လိပ်ခေါင်းလို့ ခေါ်ပါတယ်။ သွေးကြောနံရံတွေဟာ တစ်ချိန်လုံး ဆွဲဆန့်ခံထားရသလို ဖြစ်နေတာမို့ ယားယံတာနဲ့ နာကျင်တာတွေကို ခံစားရစေပါတယ်။ လူတော်တော်များများက အရွယ်ရောက်ပြီးသူတွေမှာပဲ လိပ်ခေါင်းဖြစ်တယ်လို့ ထင်တတ်ကြပါတယ်။ ဒါဟာမှားပါတယ်။ တကယ်တမ်းကျတော့ ကလေးတွေမှာလည်း လိပ်ခေါင်းဖြစ်နိုင်ပါတယ်။

    သင့်ကလေးမှာ လိပ်ခေါင်းဖြစ်နေမှန်း ဘယ်လိုသိနိုင်မလဲ။

    အောက်ကအချက်တွေ ဖြစ်နေပြီဆိုရင် လိပ်ခေါင်းမှန်း သိနိုင်ပါတယ်။

  • ကလေးရဲ့ စအိုနားတဝိုက်မှာ ယားယံနေတာ ဒါမှမဟုတ် နာနေတာ။
  • အိမ်သာတက်ပြီး သန့်ရှင်းရေးလုပ်တဲ့ တစ်ရှူးစ ဒါမှမဟုတ် အိမ်သာကြွေခွက်မှာ သွေးတွေရှိနေတာကို သတိထားမိတာ။
  • စအိုဝနားမှာ ဒါမှမဟုတ် စအိုဝကနေ အပြင်ကို ပြူထွက်လာတဲ့ ပန်းရောင်အသားစစိုစိုလေးကို သတိထားမိတာ(ဒီအသားဖုလေးက အပြာရောင် ဒါမှမဟုတ် ခရမ်းရောင်လည်းဖြစ်နေနိုင်တယ်)။
  • ဘယ်အချိန်မှာ ဆေးဝါးကုသမှု ခံယူရမလဲ။

    စအိုက သွေးထွက်တာဟာ ဆိုးရွားပြီး အရေးကြီးတဲ့ ရောဂါတွေဖြစ်တဲ့ အူမကြီးအနာတွေ၊အူမကြီးရောင်တာ၊Crohn’s disease၊ diverticulitis နဲ့ အူမကြီးကင်ဆာတွေရဲ့ ရှေ့ပြေးလက္ခဏာတွေလည်း ဖြစ်နိုင်တဲ့အတွက် သင့်ကလေးရဲ့ စအိုကနေ သွေးထွက်လာပြီဆိုရင်တော့ ဆေးရုံ/ဆေးခန်းကို အမြန်ပြေးရမှာပဲ ဖြစ်ပါတယ်။

    လိပ်ခေါင်းရောဂါမှန်း ဘယ်လိုသိနိုင်မလဲ။

    သင်ကလေးရဲ့စအိုတဝိုက်ကို ဆရာဝန်က စမ်းသပ်စစ်ဆေးပါလိမ့်မယ်။ ချောဆီသုတ်ထားပြီး လက်အိတ်စွတ်ထားတဲ့ လက်ကို ဒါမှမဟုတ် အထူးပြုလုပ်ထားတဲ့ ကိရိယာတစ်ခုကို သင့်ကလေးရဲ့စအိုထဲ ထည့်သွင်းပြီး စမ်းသပ်ပါလိမ့်မယ်။ အများဆုံး အသုံးပြုလေ့ရှိတဲ့ ကိရိယာကို စအိုတွင်းထည့်မှန်ပြောင်း (anoscope) လို့ ခေါ်ပါတယ်(ဒီမှန်ပြောင်းဟာ အလင်းပါတဲ့ အခေါင်းပေါက် ပြွန်လေးဖြစ်ပြီး အူမကြီး အဆုံးပိုင်းရဲ့ လက်မအနည်းငယ်ကို လေ့လာကြည့်ရှုနိုင်ပါတယ်)။ Proctoscope လို့ခေါ်တဲ့ ကိရိယာဟာ anoscope နဲ့ အလုပ်လုပ်ပုံ ခပ်ဆင်ဆင်တူပြီး သူကတော့ အူမကြီးထဲကို ပိုပြီးကောင်းကောင်းမြင်စေနိုင်ပါတယ်။ အတွင်းလိပ်ခေါင်းဖြစ်ခဲ့ရင် ဒါမှမဟုတ် တခြားသော စအိုကသွေးယိုစေတဲ့ ရောဂါတွေ ဟုတ်မဟုတ်သေချာသိချင်ရင် တခြားစမ်းသပ်စစ်ဆေးမှုတွေကိုလည်း ထပ်လုပ်ဖို့ လိုကောင်းလိုဦးမှာဖြစ်ပါတယ်။

    ကလေးလိပ်ခေါင်းအတွက် ကုသနည်းတွေ

    ကလေးကို ရေနွေးလေးနဲ့ နေ့တိုင်းရေချိုးပေးပါ။ စအိုလေးကိုလည်း ရေနွေးနဲ့ သေချာဆေးပေးပါ။ လိပ်ခေါင်းကို ပိုဆိုးလာစေနိုင်တဲ့အတွက်(ယားယံနာကျင်တာတွေကို ပိုဆိုးလာစေနိုင်တဲ့အတွက်) ဆပ်ပြာမသုံးရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ စအိုနား တဝိုက်ကို ၁၀မိနစ်-၁၅မိနစ်လောက် ရေနွေးနဲ့ စိမ်တာကို တနေ့နှစ်ခါသုံးခါလောက်လုပ်ပေးပါ။ ပြီးရင် ဆံပင်မှုတ်တဲ့ dryer နဲ့ ခြောက်အောင်မှုတ်ပါ။

    ကလေးအိမ်သာတက်ပြီးတိုင်း နူးညံ့တဲ့ ကလေးအိမ်သာသုံးတစ်ရှူးစလေးနဲ့ စအိုကို သန့်စင်ပေးပါ။ ယားယံနာကျင်တာတွေကို သက်သာစေဖို့ ရေခဲအိတ်ကပ်လို့လည်း ရပါတယ်။ ဒါတွေအပြင် လိပ်ခေါင်းအတွက်လိမ်းတဲ့ ခရင်မ်လိမ်းချင်ရင်လည်း ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။ ဒါပေမယ့် သိထားသင့်တဲ့အချက်က ဒီခရင်မ်တွေဟာ နာကျင်တာကိုပဲ သက်သာစေတာဖြစ်ပြီး လိပ်ခေါင်းကို လုံးဝပျောက်သွားစေတာမဟုတ်ဘူး ဆိုတာကိုပါပဲ။ ရေရှည်အတွက်ဆိုရင် အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို များများစားတာ၊အရည်များများသောက်တာတို့က ပိုပြီး အကျိုးရှိစေပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement