backup og meta

ကလေးတွေမှာ ဖြစ်တဲ့ ဝမ်းလျှောရောဂါ


Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေမှာ ဖြစ်တဲ့ ဝမ်းလျှောရောဂါ

    ကလေးတွေမှာဖြစ်တဲ့ ဝမ်းလျှောရောဂါဆိုတာ ဘာလဲ။

    ကလေးလေးတွေရဲ့ ဝမ်းက ပုံမှန်ထက်ကို ပိုပြီးအရည်အဖြစ်သွားနေခြင်းဖြစ်ပါတယ်။ ဒီလို ဝမ်းလျှောတာဟာ ဘယ်ကလေးမှာ မဆိုဖြစ်နိုင်ပါတယ်။

    ဒါဟာ ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါတစ်မျိုးဖြစ်ပြီး အိမ်မှာ ကုသရုံနဲ့ သက်သာသွားတာများပါတယ်။ ဒါပေမယ့်သေချာ ဂရုစိုက်ကုသခြင်းမရှိရင်တော့ ဒီဝမ်းလျှောရောဂါဟာ အန္တရာယ်ရှိလာနိုင်ပါတယ်။

    ကလေးတွေမှာ ဝမ်းလျှောရောဂါဖြစ်ရင် ဘယ်လို လက္ခဏာတွေပြလဲ။

    ဝမ်းလျှောရောဂါဆိုတဲ့အတိုင်းပဲ ဝမ်းကတော့ အရည်အဖြစ်သွားနေပါလိမ့်မယ်။ ဝမ်းလျှောတာ အပြင်

    • အန်ခြင်း
    • အစားအသောက်ပျက်ခြင်း
    • ဖျားခြင်း
    • မအီမသာဖြစ်ခြင်း
    • ရေဓါတ်ခမ်းခြောက်ခြင်း
    • ကိုယ်အလေးချိန်ကျခြင်း တို့ပါဖြစ်နိုင်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသင့်လဲ။

    အောက်ပါလက္ခဏာတွေပြနေရင်တော့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    • ဝမ်းလျှောခြင်းက တစ်ရက်၊နှစ်ရက်နဲ့ မသက်သာသွားရင်
    • အဖျား ၁၀၂ံF နှင့် အထက်ရှိနေရင်
    • ခဏခဏအန်နေပြီး ဘာအရည်မှသောက်မရနိင်အောင်ဖြစ်နေရင်
    • ဝမ်းထဲမှာသွေး သို့မဟုတ် ချွဲတွေပါလာရင် ဆရာဝန်နဲ့ပြသင့်နေပါပြီ

    ရေဓါတ်ဆုံးရှုံးမှုလွန်ကဲခြင်း လက္ခဏာတွေဖြစ်တဲ့

    • ပါးစပ်နှင့် နှုတ်ခမ်းများခြောက်သွေ့ခြင်း
    • ငိုနေသော်လည်း မျက်ရည်မထွက်ခြင်း သို့ နည်းခြင်း
    • မျက်ကွင်းချိုင့်နေခြင်း
    • ငယ်ထိပ်ချိုင့်နေခြင်း
    • မှိန်းနေခြင်း တို့ဖြစ်နေရင်တော့ အရေးပေါ်ဆေးရုံ၊ဆေးခန်းသို့ အမြန်ဆုံးသွားပါ။

    ကလေးတွေမှာ ဝမ်းလျှောရောဂါ ကို ဘယ်အရာတွေကဖြစ်စေပါသလဲ။

    အဓိကဖြစ်စေတာတွေကတော့ မသန့်ရှင်းတဲ့ အစားအသောက်တွေ စားမိသောက်မိတာကနေဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာရောဂါပိုးရှိတဲ့လူရဲ့ အညစ်အကြေးတွေနဲ့ မတော်တဆ ထိမိကိုင်မိတာတွေကနေလဲဖြစ်တတ်ပါတယ်။ တခြားဖြစ်စေတာတွေကတော့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ဓါတ်မတည့်တာ သို့မဟုတ် အဆိပ်မိတာတွေပဲဖြစ်ပါတယ်။

    ကလေးမှာဖြစ်တဲ့ ဝမ်းလျှောရောဂါရဲ့နောက်ဆက်တွဲပြဿနာတွေက ဘာတွေဖြစ်နိုင်လဲ။

    ဝမ်းလျှောတာက မသက်သာပဲ ဆက်တိုက်ဖြစ်နေမယ်ဆိုရင်တော့ပြင်းထန်တဲ့ အာဟာရချို့တဲ့ခြင်းကိုဖြစ်လာစေနိုင်ပါတယ်။ ကလေး ဝမ်းလျှောပြီဆိုရင် အန္တရာယ်အပေးနိုင်ဆုံးကရေဓါတ်ခမ်းခြောက်တာဖြစ်ပါတယ်။ ဒီတော့ ကလေးဝမ်းလျှောပြီဆိုတာနဲ့ အရည်များများတိုက်ကျွေးဖို့သာပြင်ပါ။ပြီးမှ အကျိုးပြုဘက်တီးရီးယားဆေးတွေပေးပါ။

    ဝမ်းလျှောတာကို အဓိက ကုသတဲ့နေရာမှာတော့ အရည်များများတိုက်ခြင်းက အဓိကအကျဆုံးဖြစ်ပါတယ်။

    ဝမ်းလျှောတာကိုသေချာဂရုတစိုက် ကုသမှုမပြုရင်တော့ အစာချေစနစ်ကိုထိခိုက်လာနိုင်ပြီး အာဟာရချို့တဲ့ခြင်း၊ ခုခံအားကျဆင်းခြင်းအပြင်နောက်ဆုံးသေဆုံးခြင်းအထိပါဖြစ်လာနိုင်ပါတယ်။

    ကလေးတွေမှာဖြစ်တဲ့ ဝမ်းလျှောခြင်းကို ဘယ်လို ကုသလို့ရသလဲ။

    အာဟာရလုံလုံလောက်လောက်ပေးဖို့ အလွန်အရေးကြီးပါတယ်။ အာဟာရလုံလုံလောက်လောက်ပေးခြင်းဖြင့် ကလေးရဲ့ အစာချေစနစ်ကိုကောင်းမွန်လာစေပြီး ဝမ်းလျှောခြင်းကိုလျော့နည်းလာစေတဲ့အပြင် ကလေးရဲ့ အာဟာရပြည့်ဝမှုကိုပါ အထောက်အကူဖြစ်စေပါတယ်။ ဝမ်းလျှောနေစဉ် အစာကျွေးတာက ပိုဆိုးစေနိုင်တယ်ဆိုပြီးတော်တော်များများက အထင်မှားနေကြပါတယ်။ တကယ်တော့ အစာကြေလွယ်တဲ့ အစားအသောက်တွေကျွေးရမှာဖြစ်ပါတယ်။ ဥပမာ ကြက်သားလေးကိုပြုတ်ပြီး မုန်လာဥနဲ့ဖြစ်ဖြစ် အားလူးနဲ့ဖြစ်ဖြစ်ချက်ကျွေးပေးပါ။

    နောက်ပြီးတော့ ကလေးကို အကျိုးပြုဘက်တီးရီးယားဆေးတွေပေးဖို့လည်း မမေ့ပါနဲ့။ အကျိုးပြုဘက်တီးရီးယားတွေက ကလေးရဲ့အစာချေစနစ်ရဲ့ ခံနိုင်ရည်ကိုကောင်းမွန်စေပြီး တခြားသောရောဂါပိုးများ၊ ဗိုင်းရပ်စ်များကိုပြန်လည်တိုက်ထုတ်ပေးပါတယ်။

    ကလေးတွေမှာ ဝမ်းလျှောရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။

    ကလေးတွေမှာ ဝမ်းလျှောရောဂါမဖြစ်အောင် မိဘတွေအနေနဲ့ ကလေးတွေရဲ့နေထိုင်စားသောက်မှုကို အထူးဂရုစိုက်ရမှာဖြစ်ပါတယ်။

    • သန့်ရှင်းလတ်ဆတ်ပြီး ကျက်အောင် ချက်ထားတဲ့ အစားအသောက်တွေကိုပဲ ကျွေးပါ။
    • လမ်းဘေးဆိုင်က အစားအစာတွေကို မကျွေးပါနဲ့။
    • ရေသန့် သို့ ချိုချက်ထားတဲ့ရေကို တိုက်ပါ။
    • အစာမစားခင် လက်ကို စင်ကြယ်အောင်ဆေးကြောသန့်စင်ပေးပါ။

    ဝမ်းလျှောရောဂါဟာ မိဘတွေသေချာဂရုစိုက်ပေးပြီး ကာကွယ်လို့ရပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေမှာဖြစ်တတ်တဲ့ ဝမ်းလျှောရောဂါအကြောင်း၊ ရောဂါလက္ခဏာတွေနဲ့ ဘယ်လိုပြုစုစောင့်ရှောက်ရမလဲဆိုတဲ့ ဗဟုသုတလဲ ရှိထားသင့်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ဆေးရုံမှာ အနီးကပ်စောင့်ကြည့်ကုသတာ အကောင်းဆုံးပဲဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement