backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးငယ်များကို အသက်ဘယ်လောက်အထိ မိခင်နို့တိုက်သင့်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးငယ်များကို အသက်ဘယ်လောက်အထိ မိခင်နို့တိုက်သင့်သလဲ

ကလေးငယ်တွေအတွက် မိခင်နို့က အာဟာရအရှိဆုံးပါ။ အာဟာရရှိရုံတင်မကပါဘူး။ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ခုခံအားအတွက် လိုအပ်တဲ့ ဓာတ်တွေ အပြည့်အဝပါဝင်ပါတယ်။ ဒါကြောင့် ကလေးကို အနည်းဆုံး အသက်၆လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ဖို့ တိုက်တွန်းတာပါ။ ဒါပေမဲ့ ကလေးတွေက ၆လပြည့်လည်း နို့မပြတ်သေးရင် ဆက်တိုက်လို့ရပါတယ်။ ဒါဆို ကလေးငယ်များကို အသက်ဘယ်လောက်အထိ မိခင်နို့တိုက်သင့်သလဲ ၊ ကောင်းကျိုးဆိုးကျိုးဘာတွေ ရှိလဲဆိုတာ ပြောပြပေးပါမယ်။

ကလေးငယ်များကို အသက်ဘယ်လောက်အထိ မိခင်နို့တိုက်သင့်သလဲ

ဒီဘက်ခေတ်မှာ မိခင်တွေက လုပ်ငန်းခွင်လာတာကြောင့်ရော၊ ဖော်မြူလာနို့မှုန့်တွေ များများထွက်လာတာကြောင့်ရော အမေတွေက နို့စောစောဖြတ်ဖို့ ဒါမှမဟုတ် လုံးဝမတိုက်ဖို့ ဆုံးဖြတ်လာကြပါတယ်။ ဒါပေမဲ့ မိခင်နို့က ကလေးငယ်များအတွက် အကောင်းဆုံးဖြစ်တာကြောင့် တိုက်ဖြစ်အောင် တိုက်ဖို့ နှိုးဆော်နေကြတာပါ။

အနည်းဆုံး ကလေးအသက် ၆လအထိတော့ မိခင်နို့တိုက်ကြပါလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပေးထားပါတယ်။ ဒါက အနည်းဆုံး တိုက်ရမှာပါ။ ၆လပြည့်တာနဲ့ နို့ဖြတ်လို့ ရပြီလို့ ပြောတာ မဟုတ်ပါဘူး။ ကလေးက သောက်တယ်၊ မိခင်ကလည်း တိုက်နိုင်တယ်ဆိုရင် ဆက်တိုက်လို့ ရပါတယ်။ အရင်ကတော့ ကလေးအသက် ၁နှစ်လောက်အထိ ဆက်တိုက်ဖို့ ပြောပေမဲ့ အခုတော့ ကလေးအသက် ၂နှစ်၊ ၂နှစ်ကျော်တဲ့အထိ တိုက်နိုင်ရင် ပိုကောင်းတယ်လို့  American Academy of Pediatrics ကရော World Health Organizationကပါ ပြောထားတာကို တွေ့ရပါတယ်။

ဒီတော့ မေမေတွေ အနည်းဆုံး ၆လအထိ  တိုက်၊ ဒီထက်ပိုတိုက်နိုင်ရင် ဆက်တိုက်လို့သာ အကြံပေးချင်ပါတယ်။

မိခင်နို့ကို ကြာကြာတိုက်တော့ ဘယ်လိုအကျိုးကျေးဇူးတွေ ရသလဲ။

မိခင်နို့ကို ကြာကြာတိုက်တာက မိခင်မှာရော ကလေးမှာပါ အကျိုးကျေးဇူးများပါတယ်။

မိခင်တွေမှာဆိုရင်

  • အမျိုးအစား ၂ ဆီးချိုရောဂါ
  • သွေးတိုးရောဂါ
  • နှလုံးရောဂါ
  • ရင်သားကင်ဆာ
  • သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေ နည်းသွားပါတယ်။

ဒါက ကလေးနို့တိုက်ချိန်မှာ မိခင်ကိုယ်ထဲမှာ ဖြစ်နေတဲ့ ဟော်မုန်းပြောင်းလဲမှုတွေကြောင့်လို့ ယူဆထားကြပါတယ်။

ကလေးမှာဆိုရင်လည်း

  • နားပိုးဝင်တာ
  • အသက်ရှူလမ်းကြောင်း ပိုးဝင်တာ
  • အစာခြေစနစ်ပြဿနာ (ဥပမာ ဝမ်းလျှောတာ၊ အန်တာ)
  • တစ်နှစ်အောက်ကလေးတွေမှာ ရုတ်တရက်သေဆုံးတာ
  • သွေးကင်ဆာ
  • ဆီးချိုရောဂါ
  • အဝလွန်တာ
  • ပန်းနာရင်ကျပ်
  • နှင်းခူ စတာတွေ ဖြစ်နိုင်ခြေ နည်းသွားပါတယ်။

မိခင်နို့မှာက ခုခံအားဓာတ်တွေ အများကြီးပါပါတယ်။ မိခင်နို့တိုက်နေသရွေ့ ဒီခုခံအားဓာတ်တွေက ကလေးဆီကို ရောက်နေပါတယ်။ အမေက အသက်ရှူလမ်းကြောင်းပိုးဝင်လို့၊ အစာခြေစနစ်ပိုးဝင်လို့ သာမန်ဖျားနာရင်တောင် ခုခံအားဓာတ်တွေ ထွက်ပြီး နို့တိုက်ရာကနေတဆင့် ကလေးဆီကို ရောက်နိုင်ပါတယ်။ ဒါဆိုကလေးကို ပိုးမဝင်အောင် အထိုက်အလျောက်ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

မတော်တဆ ဖျားနာရင်တောင် မပြင်းထန်တော့ပါဘူး။ သူတို့ကိုယ်ထဲကို ခုခံအားထည့်ပေးလိုက်သလို ဖြစ်သွားပါတယ်။

မိခင်နို့ကို ဘယ်လိုဆက်တိုက်သင့်သလဲ။

၆လအထိကတော့ မိခင်နို့က ဦးစားပေးပါ။ မိခင်နို့ကလွဲပြီး ဘာမှထပ်တိုက်စရာမလိုပါ။

၆လကျော်လို့ ဖြည့်စွက်စာကျွေးရင်တော့ ဖြည့်စွက်စာက ဦးစားပေးဖြစ်သွားပါပြီ။ ဒီအရွယ်မှာ ဖြည့်စွက်စာကို ကောင်းကောင်းစားတတ်မှ နောက်ပိုင်း လူကြီးစာတွေ ကျွေးတဲ့အခါ ပြဿနာမရှိမှာပါ။ နောက်ပြီး ဝါးရတာ၊ အစားအစာကို လက်နဲ့ ကိုင်တွယ်ပြီး စားတာကြောင့် ကလေးရဲ့ ကြွက်သားလေးတွေ ဖွံ့ဖြိုးလာမှာပါ။

ကလေးက ကြီးလာပြီဖြစ်လာကြောင့် မိခင်နို့နဲ့တင် မလုံလောက်တော့ပါဘူး။ ဖြည့်စွက်စာတွေကနေ လိုအပ်တဲ့ အာဟာရကို ဆက်ယူရမှာပါ။ ဒါပေမဲ့ အမေ့ဆီကရတဲ့ ခုခံအားဓာတ်တွေကတော့ ကလေးအတွက် လိုအပ်ပါသေးတယ်။

ဒါကြောင့် ၆လကျော်ပြီဆို ဖြည့်စွက်စာကို ဦးစားပေးကျွေး ပြီးမှ နို့တိုက်ရမှာ ဖြစ်ပါတယ်။ နို့ပဲသောက်ရင် ဗိုက်ပြည့်ပြီး ထမင်းမစားနိုင် ဖြစ်သွားတတ်ပါတယ်။

အမေတွေ စိုးရိမ်ကြတဲ့ ပြဿနာတွေ

နို့ဆက်တိုက်ခိုင်းတဲ့အခါ အမေတွေ စိုးရိမ်ကြတဲ့ ပြဿနာ နှစ်ခုရှိပါတယ်။ ပထမတစ်ခုက ထမင်းမစားတာပါ။ ကလေးက နို့ပဲစွဲနေတော့ ဖြည့်စွက်စာမစားတာမျိုးပါ။ မိခင်နို့တိုက်တိုက် မတိုက်တိုက် ဖြည့်စွက်စာကျွေးတဲ့အချိန်ဆို မေမေတို့က စိတ်ရှည်ရပါတယ်။ အစားအစာအသစ်နဲ့ ကလေးနဲ့ ရင်းနှီးအောင် ကြိုစားပေးရပါတယ်။ ထမင်းမစားမှာစိုးရင် ထမင်းစားပြီးမှ နို့တိုက်တဲ့ အကျင့်ကို လုပ်ပါ။ ကလေးကို ဖြည့်စွက်စာနဲ့ ရင်းနှီးအောင်၊ စားတတ်အောင် သင်ပေးပါ။

နောက်တစ်ခုက သွားပိုးစားတာပါ။ သွားပိုးစားတာကတော့ မိခင်နို့ကြောင့်ပဲလို့ ပြောလို့မရပါဘူး။ ၆လနောက်ပိုင်းမှာက သွားလည်းစုံ၊ အစာလည်းစုံဆိုတော့ ချိုတာတွေ အစားများရင်၊ သွားကို သေချာမတိုက်ပေးရင် သွားပိုးစားတတ်ပါတယ်။

တချို့ကလေးတွေက အိပ်ခါနီးရင် အမေ့နို့ကို ငုံပြီး အိပ်တတ်ပါတယ်။ ဒါဆို တစ်ညလုံး မိခင်နို့နဲ့ သွားနဲ့ ထိတွေ့မိနေတော့ သွားပိုးစားလွယ်တာပေါ့။ ဒါမျိုးဆိုရင်တော့ ကလေးကို နို့ငုံပြီး မအိပ်ခိုင်းတာ ဒါမှမဟုတ် မအိပ်ခင် နို့အပြီးစို့၊ ပြီးရင် သွားတိုက်ပြီးမှ သိပ်သင့်ပါတယ်။

အကြံပြုချက်

ကလေးတွေကို အနည်းဆုံး ၆လအထိ မိခင်နို့တိုက်ပေးပါ။ ဖြစ်နိုင်ရင် ကလေးအသက် ၂နှစ်၊ ၂နှစ်ကျော်တဲ့အထိ  တိုက်လို့ ရပါတယ်။ ကလေးကို ကြာကြာနို့တိုက်တာက မိခင်ရော ကလေးမှာပါ ကောင်းကျိုးတွေ အများကြီး ရှိတာကြောင့် တတ်နိုင်သလောက် ကြာကြာတိုက်ဖို့ တိုက်တွန်းလိုပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement