နေရောင်ခြည် ကျန်းမာရေးကို ကောင်းစေတယ်။ ရောဂါပိုးတွေကို သေစေနိုင်တယ်ဆိုတဲ့ အကျိုးကျေးဇူးတွေ ရှိနေတာကို အားလုံး လိုလို သိထားပြီး ဖြစ်မှာပါ။ နေ့လယ်ခင်းလို ပူပြင်းတဲ့ နေရောင်မှာ ခရမ်းလွန်ရောင်ခြည် ပါဝင်မှု မြင့်တာကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့် မနက်ခင်း နေခြည်နွေးနွေးလေးကတော့ ကျန်းမာရေး ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ဒါဆို ဒီလို မနက်ခင်း နေခြည်နွေးနွေးလေးက ဘေဘီလေးကိုရော ကျန်းမာစေနိုင်တာလားဆိုတာကို သိချင်နေပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဘေဘီလေး နဲ့ နေရောင်ခြည် အကြောင်း ပြောပြပေးထားပါတယ်။
မနက်ခင်း နေရောင်ခြည်က ဘေဘီလေးတွေအတွက် ကောင်းသလား
နေပူဆာ လှုံတာက ဘေဘီလေးတွေကို ဗီတာမင် D ပြည့်ပြည့်ဝဝ ရရှိစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ ဘေဘီလေးတွေမှာ ခံစားရလေ့ရှိတဲ့ သိပ်မပြင်းထန်တဲ့ အသားဝါရောဂါကို သက်သာစေနိုင်ပါတယ်။
မနက်ခင်း နေခြည်နုနုလေးက ဘေဘီလေးရဲ့ အသားအရေကို ထိခိုက်စေတာမျိုး မဖြစ်စေဘဲ လိုအပ်တဲ့ ဗီတာမင် D ကို ပြည့်ပြည့်ဝဝ ရရှိစေမှာပါ။ ဘေဘီလေးရဲ့ အရေပြားက ထိခိုက်လွယ်တာကြောင့် နေရောင်ကို အကြာကြီး ခံစေတာမျိုး မလုပ်ဖို့တော့ လိုပါမယ်။
ဘယ်အချိန်က ဘေဘီလေးအတွက် နေပူဆာ လှုံဖို့ အကောင်းဆုံးလဲ
ဘေဘီလေးကို နေ့လယ်ခင်း နေရောင်နဲ့ ထိတွေ့စေတာက အန္တရာယ် များပါတယ်။ တကယ်လို့ အပူပိုင်း ဒေသမှာ နေတာဖြစ်မယ်ဆိုရင် ဘေဘီလေးကို မနက်ခင်း နဲ့ ညနေခင်းတွေမှာပဲ နေရောင်ပြပေးတာ အကောင်းဆုံးပါ။
ဘေဘီလေးကို ကျန်းမာစေဖို့အတွက် နေပူဆာ လှုံပေးဖို့ အကောင်းဆုံး အချိန်က မနက်ခင်း ၇ နာရီ ကနေ ၁၀ နာရီအတွင်းမှာပါ။ မနက်စောစောက ပိုကောင်းပါတယ်။
အချိန် ဘယ်လောက် ကြာကြာ နေပူဆာ လှုံ့သင့်သလဲ
လေ့လာမှုတွေအရတော ဘေဘီလေးတွေအနေနဲ့ တစ်ပတ်ကို မိနစ် ၃၀ လောက် နေပူဆာလှုံရင်ကို လုံလောက်ပါတယ်။ တစ်နေ့ကို မနက်ခင်း နေရောင်နုနုလေး ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက် ထိတွေ့ပေးတာက ဘေဘီလေးကို လုံလောက်တဲ့ ဗီတာမင် D ရရှိစေမှာ ဖြစ်ပါတယ်။
ဘေဘီလေး နဲ့ နေရောင်ခြည် ထိတွေ့စေတဲ့အခါ
နေရောင်ခြည်နဲ့ ထိတွေ့မှုက ဘေဘီလေးကို ကျန်းမာပျော်ရွှင်စေဖို့ ထောက်ကူပေးပါတယ်။ ဘေဘီလေးကို မနက်ခင်း နေရောင်ခြည် နုနုလေးနဲ့ ထိတွေ့စေတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။
အရိုးတွေ သန်မာစေတယ်
ကယ်လ်ဆီယမ်က အရိုးတွေ ကျန်းကျန်းမာမာ ကြီးထွားစေဖို့ အရေးကြီးတယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ ခန္ဓာကိုယ်က ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်စေဖို့ဆိုရင် လုံလောက်တဲ့ ဗီတာမင် D ပမာဏ ရရှိဖို့ လိုပါတယ်။ နေရောင်ခြည်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကို ပြည့်ပြည့်ဝဝ ရရှိစေမှာပါ။
အရိုးပြဿနာ ကင်းစေတယ်
ဗီတာမင် D ပြည့်ဝမှုက ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးတွေမှာ အရိုးပြဿနာ ကင်းစေဖို့ ထောက်ကူပေးပါတယ်။ အရိုးပျော့ရောဂါ အပါအဝင် ကလေးတွေမှာ ဖြစ်တတ်တဲ့ အရိုးနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေ ကင်းဝေးစေဖို့ ထောက်ကူပေးပါတယ်။
ရောဂါ ကင်းစေတယ်
နေရောင်ခြည်က ဗီတာမင် D ပြည့်ဝစေပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးသလို အရွယ်ရောက်လာချိန်မှာ ကျန်းမာရေး ပြဿနာ ကင်းစေဖို့ နဲ့ ကူးစက်ရောဂါတွေကြောင့် ထိခိုက်မှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။
Bilirubin ပမာဏကို လျှော့ချပေးတယ်
နေရောင်ခြည်က ဘေဘီလေးတွေမှာ အဖြစ်များတဲ့ အသားဝါပြဿနာကို သက်သာစေနိုင်ပါတယ်။ အရမ်းမပြင်းထန်ရင်ပေါ့။ အကြောင်းကတော့ နေရောင်ခြည်က အသည်းရဲ့ bilirubin ထုတ်လုပ်မှု ပမာဏကို လျှော့ချပေးလို့ပါ။
သင်ယူမှု စွမ်းရည် ကောင်းမွန်စေတယ်
လေ့လာမှုတွေအရ ဘေဘီလေးတွေကို နေရောင်ခြည်နဲ့ ထိတွေ့စေတာက သင်ယူမှု စွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ထက်မြက်တဲ့ ဘေဘီလေးအဖြစ် ကြီးပြင်းလာစေချင်ရင် ငယ်ငယ်ကတည်းက နေရောင်နဲ့ ထိတွေ့အောင် လုပ်ဆောင်ပေးပါ။
အိပ်စက်ချိန် မှန်စေတယ်
ဘေဘီလေးကို နေရောင်ခြည်နဲ့ ထိတွေ့စေတာက နေ့ည မှားတာမျိုး မဖြစ်စေဘဲ အိပ်စက်မှု မှန်စေပါတယ်။
ကဲ …. ဘေဘီလေးကို ကျန်းကျန်းမာမာ ကြီးပြင်းစေချင်တယ်ဆိုရင် နေခြည်နွေးနွေးလေးနဲ့ ပုံမှန် ထိတွေ့ဖို့ လုပ်ဆောင်ပေးပါ။
ဘေဘီလေး နဲ့ နေရောင်ခြည်
- အရိုးတွေ သန်မာစေတယ်
- အရိုးပြဿနာ ကင်းစေတယ်
- ရောဂါ ကင်းစေတယ်
- bilirubin ပမာဏကို လျှော့ချပေးတယ်
- အိပ်စက်ချိန် မှန်စေတယ်။
[embed-health-tool-baby-poop-tool]