backup og meta

ကလေးကိုဆေးတိုက်တဲ့အခါ မိဘတွေလုပ်မိနေတဲ့ အမှားများ


Yun Sandi Nan Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကိုဆေးတိုက်တဲ့အခါ မိဘတွေလုပ်မိနေတဲ့ အမှားများ

    မိဘတွေအတွက် ကိုယ့်ကလေးနေမကောင်းဖြစ်နေတာလောက် စိတ်ပင်ပန်းရတာမရှိပါဘူး။ သားသမီးတွေအတွက် ပူပင်နေရတဲ့စိတ်ဒုက္ခက လူပင်ပန်းရတာထက်ကိုပိုပါတယ်။ ကလေးနေမကောင်းဖြစ်တာနဲ့ ချက်ချင်းကိုဆေးခန်းပြေးကြတာဆိုပေမယ့် ဆရာဝန်ပြပြီးပြန်လာတဲ့အခါ ကလေးကိုပြုစုကုသဖို့က ကိုယ့်တာဝန်ဖြစ်လာပါတယ်။ ကလေးငယ်ငယ်လေးကို ပြုစုရတဲ့အခါဆေးတိုက်ကျွေးရတဲ့အလုပ်ကလည်း မလွယ်တဲ့အလုပ်ပါ။

    အအေးမိ၊ချောင်းဆိုးနဲ့ ရာသီတုပ်ကွေးတို့က အဖြစ်များတဲ့ပြဿနာတွေဖြစ်ပြီးဆေးတိုက်ကျွေးမှုအမှားအယွင်းတွေလည်း မသိလိုက်ဘဲလုပ်မိနိုင်တဲ့အခါတွေဖြစ်ပါတယ်။ ကလေးမှာဝေဒနာခံစားနေရတာကို မကြည့်ရက်တာနဲ့ဘဲ ပျာယာခတ်ကာ မြန်မြန်သက်သာလိုဇောနဲ့ အမှားလုပ်မိတတ်ပါတယ်။ ဥပမာ -အဖျားကျဆေး၊ချောင်းဆိုးပျောက်ဆေးတွေကဆေးရည်တွေများတာမို့ ထိခိုက်လွယ်ပြီးနုနယ်လွန်းတဲ့ ကလေးလေးတွေအတွက် တိုက်ကျွေးတဲ့အခါ အတိုင်းအဆပမာဏ ကအစ အမှားမရှိအောင် ဂရုစိုက်ရပါတယ်။

    ရင်နှစ်သည်းချာလေးတွေနဲ့ပတ်သက်လာရင် စိတ်တည်ငြိမ်ပြီး တိကျတဲ့မိဘတွေတောင်မှ အမှားလုပ်မိတတ်ကြပါတယ်။ ဒါ့ကြောင့် ကလေးကိုဆေးတိုက်တဲ့အခါ ကိုယ်တိုင်မသိလိုက်ဘဲ လုပ်မိနေတဲ့အမှားတွေကို သတိထားဆင်ခြင်သင့်ပါတယ်။

    အအေးမိချောင်းဆိုးအတွက် ဆေးတိုက်ကျွေးမှုလွန်ကဲခြင်း

    ကလေးက ညတိုင်းချောင်းဆိုးနေရတာကို မကြားရက်နိုင်တဲ့အခါချောင်းဆိုးပျောက်ဆေးရည်ပြေးဝယ်တိုက်တာမျိုး လုပ်မိမှာပါ။ ဒါပေမယ့် အအေးမိချောင်းဆိုးပျောက်ဆေးရည်တွေက ရောဂါလက္ခဏာအမျိုးမျိုးကို သက်သာစေနိုင်တဲ့ပါဝင်ဆေးဝါးတချို့ တူနေတတ်ပါတယ်။ ဥပမာ – အအေးမိပျောက်ဆေးမှာ ပါရာစီတမောပါဝင်တတ်တယ်။ ကလေးကနှာစေးနေလို့ ဒီဆေးကိုတိုက်မယ်၊ပြီးရင် Biogesic လိုအဖျားကျဆေးတွေထပ်တိုက်မိမယ်ဆိုရင် ပါရာစီတမောနှစ်ခါထပ်နေပြီဖြစ်ပါတယ်။ ဒါဆိုရင် ကလေးရဲ့ကျန်းမာရေးအတွက်မကောင်းပါဘူး။ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကလေးကို ကိုယ့်သဘောနဲ့ကိုယ်ဆေးမတိုက်ပါနဲ့။ ဆေးနှစ်မျိုး တစ်ချိန်တည်းတွဲမတိုက်ပါနဲ့။

    ပဋိဇီဝပိုးသတ်ဆေးတွေကိုဆေးပတ်လည်အောင်မတိုက်ကျွေးခြင်း

    ပဋိဇီဝဆေးတွေဟာရောဂါပိုးတွေကိုနှိမ်နင်းဖို့တိုက်ကျွေးရတာဖြစ်ပေမယ့်ဆေးပတ်မလည်ခင် ရပ်လိုက်တဲ့အခါရောဂါပိုးက အမြစ်မပြတ်တော့ဘဲပြန်ပေါ်လာနိုင်ဖို့ အခွင့်အရေးရစေပါတယ်။ ဒါ့ကြောင့် ကလေးကသက်သာနေပြီဆိုရင်တောင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်းဆေးပတ်လည်အောင် ဆက်တိုက်ပါ။

    ဆေးတိုက်တဲ့အခါ အတိုင်းအဆမတိကျခြင်း

    အိမ်မှာသုံးတဲ့ ထမင်းစားဇွန်းတွေက အရည်ပိုဆံ့တဲ့အရွယ်အစားရှိတာကြောင့် ကလေးကိုတိုက်မယ့်ဆေး ထည့်မယ်ဆိုရင် ပမာဏများသွားနိုင်ပါတယ်။ ကလေးငယ်ကိုတိုက်မယ့်ဆေး ထည့်တဲ့အခါ ထမင်းစားဇွန်းတွေ၊စားပွဲတင်ဇွန်းတွေထက် မီလီလီတာနဲ့တိုင်းတဲ့(ဥပမာ-ဆေးဘူးမှာပါတတ်တဲ့ဇွန်း)ဆေးတိုက်ဇွန်းတွေကို သုံးသင့်ပါတယ်။

    နေမကောင်းမဖြစ်ဘဲ တခြားရည်ရွယ်ချက်နဲ့ ဆေးတိုက်ခြင်း

    ကလေးကို အိပ်အောင်လို့ ဘာမီတွန်တိုက်တာမျိုး၊ချောင်းဆိုးပျောက်ဆေးတိုက်တာမျိုး မလုပ်သင့်ပါဘူး။Georgetown University Medical College ရဲ့သုတေသနတစ်ခုအရ ကလေးတွေအိပ်ချင်လာအောင် ဒီလိုတိုက်ကျွေးပါများရင် တက်ကြွလွန်(hyperactive)လက္ခဏာတွေ ရှိလာစေနိုင်တယ်လို့ သိရပါတယ်။

    အင်္ဂလိပ်ဆေးနဲ့မြန်မာဆေးရောထွေးခြင်း

    အနောက်တိုင်းဆေးဝါးတွေနဲ့ တိုင်းရင်းဆေးဟာ လုပ်ဆောင်ချက်ချင်း အရမ်းကိုကွာခြားပါတယ်။ မတူညီတဲ့ဒီဆေးဝါးတွေ နှစ်ခုရောထွေးသောက်သုံးမိရင် အာနိသင်တွေရှုပ်ထွေးပြီး ပုံမှန်မဟုတ်တဲ့အနေအထားတစ်ရပ်ဖြစ်လာနိုင်သလို အန္တရာယ်ရှိတဲ့အခြေအနေလည်းဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ထိုက်သင့်တဲ့အချိန်ကာလတစ်ခုခြားပြီးမှ တိုက်ကျွေးသင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement