အရိုးတွေ ဘာလုပ်ပေးသလဲ။
အရိုးတွေရဲ့အလုပ်က လှုပ်ရှားမှုလုပ်ပေးတာထက် ပိုပါတယ်။
- ခန္ဓာကိုယ်ကို ထောက်ကန်ပေးပြီး လှုပ်ရှားစေတယ်။
ခုနကပြောသလိုပဲ အရိုးတွေက ခန္ဓာကိုယ်ရဲ့ ငြမ်းပါပဲ။ သူ့ကို ကြွက်သားတွေ၊ အရွတ်တွေ လာတွယ်တဲ့အခါမှ ခန္ဓာကိုယ်က ရုပ်လုံးပေါ်လာတာပါ။ အရိုးတွေနဲ့ သူတို့ကို ဆက်ထားတဲ့ အဆစ်တွေကို အသုံးပြုပြီး လှုပ်ရှားသွားလာတာ၊ အကွေးအဆန့်တွေ လုပ်နိုင်တာပါ။
- ကိုယ်တွင်းအင်္ဂါတွေကို ကာကွယ်ပေးတယ်။
ထိခိုက်ဒဏ်ရာရတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေ မထိခိုက်ရအောင်လို့လည်း ကာကွယ်ပေးထားပါတယ်။ ဥပမာ – ဦးနှောက်ကို ဦးခေါင်းရိုး၊ အဆုတ်နဲ့ နှလုံးကို နံရိုး၊ ဆီးအိမ်၊ သားအိမ်နဲ့ အူတွေကို တင်ပဆုံရိုး စသဖြင့် ကာကွယ်ပေးထားပါတယ်။
အရိုးမှာ ခန္ဓာကိုယ်ရဲ့ ၉၉ရာခိုင်နှုန်းသော ကယ်ဆီယမ်၊ ၈၅ ရာခိုင်နှုန်းသော ဖော့စဖိတ်၊ မဂ္ဂနီဆီယမ် ၅၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်၊ ဟော်မုန်းတွေရဲ့ အနေအထားကို လိုက်ပြီး ဒီသတ္တုဓာတ်တွေကို သွေးထဲ လွှတ်ပေးတာ၊ အရိုးထဲ ထည့်သိမ်းတာ လုပ်ပေးပါတယ်။
- သွေးဆဲလ်တွေကို ထုတ်ပေးတယ်။
ရိုးတွင်းခြင်ဆီကနေ သွေးဆဲလ်တွေကို ထုတ်ပေးတယ်ဆိုတာ သိပြီးကြမှာပါ။ မွေးစကလေးတွေမှာတော့ သွေးဆဲလ်ထုတ်ပေးတဲ့ ခြင်ဆီအနီပဲ ရှိပါတယ်။ နည်းနည်းကြီးလာတဲ့အခါ အဆီဆဲလ်တွေကိုပါ ထုတ်ပေးတဲ့ ခြင်ဆီအဝါလည်း ဖွံ့ဖြိုးလာပါတယ်။ ကြီးကောင်ဝင်လာရင် ခြင်ဆီအနီက တစ်ဝက်လောက်ပဲ ကျန်ပြီး လူကြီး ဖြစ်လာရင်တော့ ၃၀ ရာခိုင်နှုန်းပဲ ရှိပါတော့တယ်။
ခုနက ပြောတဲ့ ခြင်ဆီအဝါမှာ အဆီဓာတ်တွေကို သိမ်းထားပေးပါတယ်။ ခန္ဓာကိုယ်က အာဟာရပြတ်လတ်တဲ့အခါ အဆီတွေကို စွမ်းအင်အနေနဲ့ အသုံးပြုပါတယ်။
အရပ်ဘယ်လိုရှည်လာသလဲ။
ကလေးဘဝက အရပ်နဲ့ အခုနဲ့ မတူတော့တာ အရပ်ရှည်လာလို့ပါ။ အရပ်ရှည်တယ်ဆိုတာ အရိုးတွေ ကြီးထွားလာတာပါ။ မွေးစမှာ အရိုးတွေ မစုံသေးသလို ကောင်းကောင်းလည်း မဖွံ့ဖြိုးသေးပါဘူး။ မြီးကောင်ပေါက်အရွယ်လောက်ဆိုရင်တော့ လူကြီးအရိုးရဲ့ ၉၀ ရာခိုင်နှုန်းလောက် ဖြစ်လာပါပြီ။ အရပ်ရှည်တာက ၂၀- ၂၅နှစ်လောက်ဆို ရပ်ပါပြီ။ ဒါပေမယ့် ဒါက တရားသေတော့ မဟုတ်ပါဘူး။ မျိုးဗီဇနဲ့ နေထိုင်စားသောက်ပုံပေါ်လည်း မူတည်ပါသေးတယ်။ ဥပမာ အာဟာရချို့တဲ့တဲ့ကလေးက အရပ်သိပ်ထွက်မှာ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် အရပ်ရှည်တာ ရပ်သွားမှာပါ။
အရပ်ထွက်ဖို့အတွက် ခြေရိုး၊ လက်ရိုးတွေမှာ ရှိတဲ့ epiphyseal plateလို့ ခေါ်တဲ့ အရိုးနုပြားလေးတွေကို ကြီးထွားဟော်မုန်းက လှုံ့ဆော်ပါတယ်။ လူပျိုဖော်ဝင်လာချိန်မှာတော့ အီစထရိုဂျင်နဲ့ တက်စတိုစတီရုန်းက ဒီအရိုးနုပြားလေး ကြီးထွားတာကို ရပ်ပစ်လိုက်ပါတယ်။ ဒါကြောင့် အရပ်ဆက်မရှည်တော့ပါဘူး။
ယောကျာ်းလေးတွေက မိန်းကလေးတွေထက် အရပ်ပိုရှည်ရတဲ့ အကြောင်းရင်းက သူတို့တွေရဲ့ လူပျိုဖော်ဝင်ချိန်ဟာ မိန်းကလေးတွေထက် နောက်ကျတာကြောင့် အရိုးတွေ ရှည်ထွက်ဖို့ အချိန်ပိုရလို့ပါပဲ။ ဒီလို အရပ်ရှည်ထွက်တဲ့အချိန်မှာ ခြေရိုးလက်ရိုးတွေ ကျိုးတာ၊ ထိခိုက်ဒဏ်ရာရတာ ဖြစ်ခဲ့ရင် အရပ်ထွက်တာကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
အရိုးတွေ ကျန်းမာအောင် ဘာလုပ်ကြမလဲ။
အရိုးတွေ ကျန်းမာဖို့ နည်းလမ်း နှစ်ခုပဲ ရှိပါတယ်။
- အစားအသောက် – အစားအစာထဲမှာ ကယ်ဆီယမ်နဲ့ ဖော့စဖိတ်ဓာတ်ပါအောင် စားပါ။ ဗီတာမင်ဒီရအောင် နေရောင်ခံပါ။
- လေ့ကျင့်ခန်း – အထူးသဖြင့် အလေးသုံးပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းတွေက အရိုးသိပ်သည်းဆကို ကောင်းစေပြီး အရိုးတွေကို သန်စွမ်းစေပါတယ်။
Takeaways
ခန္ဓာကိုယ်က အရိုးတွေနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ ကတော့ အရိုးတွေက ခန္ဓာကိုယ်ကို ထောက်ပံ့ပေးရုံတင် မဟုတ်ပါဘူး။ ခန္ဓာကိုယ် အသက်ရှင်ဖို့ လိုအပ်တဲ့ တခြားအလုပ်တွေကိုလည်း လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် အရိုးကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။